(ဂ)-ကြံခင်းမြို့နယ်အတွင်းရှိ Class(A)အဆင့်သတ်မှတ်ပြီး လမ်းမကြီးအား ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲ ရန်နှင့် ပျက်စီးနေမှုအား မည်သည့်ဘဏ္ဍာနှစ်တွင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စတင်တာဝန်ယူ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၈.၉.၂၀၁၈)

 

အုတ်တွင်း-ရေနံတောင်-ထိန်ပင်မြှောင် လမ်းသည် ယခင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူစီမံခန့်ခွဲရသည့် လမ်းဖြစ်ပြီး အရှည် ၁၃.၂၅ မိုင်ရှိပြီး ၎င်းလမ်းပိုင်းကို ကြံခင်း-ဘက်ရဲကားလမ်း ရေနံမြေလမ်းခွဲမှစတင်၍ ထိန်ပင်မြှောင်ရွာထိပ် ပုသိမ်-မုံရွာကားလမ်းအထိ ၁၉၉၀ ခုနှစ်က မြို့နယ်တာဝန်ရှိသူများနှင့် ကျေးရွာလူထုအင်အားပေါင်းစပ်၍ ဖောက်လုပ်ခဲ့ပါကြောင်း၊ ထိုလမ်းကို အမည်ပြုသုံးစွဲရသည့် ကျေးရွာအုပ်စုငါးစု၊ အိမ်ခြေ ၄၂၈၇ အိမ်နှင့်  လူဦးရေ ၁၆၄၄၀ ရှိပါကြောင်း၊ ဒေသခံပြည်သူများသည် ၎င်းလမ်းပိုင်းကို အသုံးပြုပြီး စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများအတွက် ကြံခင်းမြို့၊ သရက်မြို့တို့ကို သွားလာရပါကြောင်း၊ ယခုနှစ်မိုးရာသီတွင် လမ်းဆိုးရွားစွာ ပျက်စီးနေသည့်အတွက် ဒေသခံပြည်သူများ နှစ်တိုင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ချောင်းကျောက်ခင်းရန် လုပ်နေကြခြင်း ဖြစ်ပါကြောင်း၊ ၎င်းဒေသခံပြည်သူများသာမက ဆရာတော်များပါ လမ်းကောင်းရန်အတွက်ကို ပူးပေါင်းလုပ်ဆောင် နေကြရပါကြောင်း၊ ချောင်းကျောက်ကို ၎င်းလမ်းပိုင်းနှင့် ပတ်သက်၍ တစ်နှစ်ကို သိန်းရာကျော်ခင်းပြီး ပြုပြင်သော်လည်း လမ်းကလမ်းမိုင်ရှည်လျားခြင်း၊ အသုံးပြုမှု များပြားခြင်းတို့ကြောင့် လိုအပ်သည့်အဆင်‌့ကို ကောင်းမွန်ခြင်း မရှိခြင်းနှင့် နည်းပညာပိုင်းအရလည်း လိုအပ်သည့်အတွက်ကြောင့် မေးမြန်းရခြင်းဖြစ်ပါသည်။

ထိုလမ်းပိုင်းနှင့်ပတ်သက်၍ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ လွှဲပြောင်းရယူရန် အစီအစဉ်ရှိ/မရှိ ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆက်လက်တာဝန်ယူ ဆောင်ရွက်ခြင်းက ပိုမိုသင့်လျော်ပါကြောင်း ပြန်ကြားချက်ရခဲ့ပါသည်။ တစ်ဖန်ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင်လည်း ယင်းလမ်းပိုင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ကြယ်ပွင့်မပြမေးခွန်းထပ်မံမေးမြန်းခဲ့ရာ လမ်းအဆင့်သတ်မှတ်ချက် Class (A) တွင် ပါဝင်ပြီး ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မတိုင်မီ ရန်ပုံငွေတင်ပြတောင်းခံပြီး ဘဏ္ဍာငွေခွဲဝေရရှိမှုပေါ် မူတည်၍ ဆက်လက်ဆောင်ရွက် သွားမည်ဟု ပြန်ကြားချက်ရရှိခဲ့ပါကြောင်း၊ ယင်းလမ်းပိုင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် ဧပြီလမှစက်တင်ဘာလ ခြောက်လဘတ်ဂျက် ငွေလုံးငွေရင်း အသုံးစရိတ်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များခေါင်းစဉ်တွင် ကွန်ကရစ်လမ်း ခန့်မှန်းတန်ဖိုး ကျပ်သန်း ၅၃၀.၁၁၂ ဖြင့် အဆိုပြုပါ ဝင်လာခဲ့ပါကြောင်း၊ သို့သော်လည်း စိစစ်ဖြတ်တောက်မှုများအပြီးတွင် ခြောက်လဘတ်ဂျက်တွင် ပါဝင်လာခြင်း မရှိတော့ပါကြောင်း၊ ယခု ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ လုပ်ငန်းစဉ်များ လျာထားစာရင်းတွင်လည်း ပါဝင်လာခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းလမ်းပိုင်းသည် ကြံခင်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ၏ အဓိကကျဆုံး ဆက်သွယ်ရေးလမ်း ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်သည့် အဓိက လိုအင်ဆန္ဒလည်း ဖြစ်ပါကြောင်း၊

မိမိအနေဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများ တင်ပြလာသည့် လိုအပ်ချက်များကို ကိုယ်စားလှယ် တစ်ယောက်အနေဖြင့် ကွင်းဆင်းလေ့လာပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၏ မူဝါဒများနှင့်အကိုက်ညီဆုံး အချက်များကိုရွေးပြီး အဖြစ်နိုင်ဆုံး မေးခွန်းများကို မေးမြန်းရပါကြောင်း၊ ထို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအား ဒေသခံပြည်သူများ ကိုယ်စား ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကြံခင်းမြို့နယ်အတွင်းရှိ Class (A) အဆင့်သတ်မှတ်ပြီး အုတ်တွင်း-ရေနံတောင်-ထိန်ပင်မြှောင်လမ်းမကြီးအား ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲရန်နှင့် ပျက်စီးနေမှုအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စတင်တာဝန်ယူ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ကြံခင်းမြို့နယ်အတွင်းရှိ အုတ်တွင်း-ရေနံတောင်-ထိန်ပင်မြှောင် ကျေးရွာချင်းဆက်လမ်းသည် မြေသားလမ်းဖြစ်ပြီး အရှည် ၁၄ မိုင် ၂ ဖာလုံခွဲရှိပါကြောင်း၊ အဆိုပါလမ်းအား စည်ပင်သာယာရေး ဦးစီးဌာနမှ ၂၀၀၂-၀၃ ဘဏ္ဍာရေးနှစ်မှ ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်အထိ ကျောက်ချောလမ်းနှစ်မိုင် ဖောက်လုပ်ပေးခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း နှစ်မိုင်ကို ဖောက်လုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်လမ်းပိုင်းများတွင် မြေသားလမ်း အဆင့်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊ လမ်းအဆင့်မြှင့်တင် ဖောက်လုပ်ပြီးစီးပါက ကျေးရွာအုပ်စုငါးစု၊ ကျေးရွာပေါင်း ၃၄ ရွာ၊ အိမ်ခြေ ၄၁၇၇ အိမ်၊ လူဦးရေ ၁၅၉၀၀ ကို အကျိုးပြုမည်ဖြစ်ပြီး အဆိုပါဒေသမှ ပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ဘက်ရဲလမ်းမှတစ်ဆင့် ပုသိမ်-မုံရွာလမ်းမကြီးသို့လည်းကောင်း၊ ကြံခင်းမြို့သို့လည်းကောင်း ဆက်သွယ်သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ အထက်တွင်တင်ပြခဲ့သည့် အုတ်တွင်း-ရေနံတောင်-ထိန်ပင်မြှောင်လမ်းသည် လမ်းအဆင့်သတ်မှတ်ချက် Class (A) တွင် ဦးစားပေး (၁) တွင် ပါဝင်သော လမ်းဖြစ်ပါသဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ လမ်းအဆင့်မြှင့်တင်

ဒေါက်တာထွန်းလင်းမော် (ကြံခင်းမဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်မည် ဖြစ်သည့်အတွက်ကြောင့် ဘဏ္ဍာရေးနှစ်သည် စက်တင်ဘာလမှ စတင်မည်ဖြစ်ပါကြောင်း၊ မိမိဘက်မှာက ဇွန်လ၊ ဇူလိုင်လဆိုလျှင် မိုးရွာသည့်အတွက် လမ်းများကစပြီး ပျက်စီးမှုများဖြစ်နေသည့်အချိန် ဖြစ်သည့်အတွက်ကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးခြင်းက ပုံမှန်ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် မတိုင်ခင် မိုးမကျခင်အချိန်တွင် လမ်းနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်ထိန်းသိမ်း ပေးရန်အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် မိမိမှ ဘဏ္ဍာငွေတင်ပြတောင်းခံပြီး အဆင့်မြှင့်တင်ပေးပါမည်။ သို့သော်ယခု ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတိုင်ခင် အခုလောလောဆယ် တစ်ခုခုလုပ်ပေးပါဆိုပြီး တောင်းဆိုသည့်အတွက် မိမိတို့ဌာနကို ပြန်ရောက်သည့်အချိန်တွင် ဌာနကအကြီးအမှူးအစည်းအဝေး ကျင်းပပြီး မိမိတို့၏ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်သည်ဆိုပါက ဆောင်ရွက်ပေးနိုင်သည့် အခြေအနေကို ကိုယ်စားလှယ်တော်ကြီးထံကို တိုက်ရိုက်အကြောင်းကြား ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။