(ဃ)-ပလက်ဝမြို့နယ်၊ ဖရုံချောင်းကျေးရွာ လူကူးကြိုးတံတား(၃၅၀)ပေတစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၇.၉.၂၀၁၈)

 

ပလက်ဝမြို့နယ်၊ ဖရုံချောင်းကျေးရွာသည် ပလက်ဝမြို့မှ ၄၅ မိုင်ခန့်အကွာ ကုလားတန်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး အိမ်ထောင်စု ၁၀၇ စု၊ လူဦးရေ ၅၇၀ ကျော်နေထိုင်သည့် ကျေးရွာတစ်ရွာ ဖြစ်ပါကြောင်း၊ အဆိုပါ ဖရုံချောင်းကျေးရွာ၏ အလယ်တွင် ချောင်းတစ်ချောင်း ဖြတ်သန်းစီးဆင်းပြီး ချောင်း၏အရှေ့ဘက်တွင် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ ချောင်း၏အနောက်ဘက်တွင် အခြေခံပညာမူလတန်းကျောင်း အသီးသီးဖွင့်လှစ်လျက် ရှိပါကြောင်း၊ အဆိုပါ ဖရုံချောင်းကျေးရွာကို ဖြတ်သန်းစီးဆင်းသည့် ချောင်းသည်မိုးတွင်း ကာလတွင် ရေကြီးရေလျှံမှုဖြစ်ပြီး ရေစီးလည်းသန်သည့်အတွက် ကျေးရွာနေပြည်သူများ တစ်နေရာမှ တစ်နေရာသို့ ဖြတ်သန်းသွားလာရာတွင် များစွာအခက်အခဲ ဖြစ်စေပါကြောင်း၊ အထူးသဖြင့် မူလတန်းအရွယ် ကလေးသူငယ်များ နေ့စဉ်ဖြတ်သန်းသွားလာရာတွင် ခက်ခဲပြီး ဘေးအန္တရာယ်အတွက် စိုးရိမ်ရသော အခြေအနေ ရှိနေပါကြောင်း၊

၎င်းကိစ္စနှင့်ပတ်သက်ပြီး ကိုယ်စားလှယ်များ ကွင်းဆင်းလေ့လာသည့်အခါ ကျေးရွာပြည်သူများက ၎င်းတို့၏ အခြေအနေ၊ အခက်အခဲများကို  တင်ပြခဲ့ပြီး မိမိတို့ကိုယ်တိုင်လည်း မြင်တွေ့ခဲ့ရပါကြောင်း၊ အကယ်၍ ဖရုံချောင်းကျေးရွာအလယ်က ဖြတ်သန်းစီးဆင်းသော ချောင်းကို လူကူးကြိုးတံတားတစ်စင်း ဆောက်လုပ်ပေးမည်ဆိုပါက ကျေးရွာနေပြည်သူများအနေဖြင့် သော်လည်းကောင်း၊ ကျောင်းသား/သူများ၊ ကလေးသူငယ်များအတွက် ပိုမိုအဆင်ပြေ လုံခြုံစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပလက်ဝမြို့နယ်၊ ဖရုံချောင်းကျေးရွာအတွက် ၃၅၀ ပေအရှည် လူကူးကြိုးတံတားတစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ပလက်ဝမြို့နယ်၊ ဇဉ်ဘောင်းပြင်ကျေးရွာအုပ်စု၊ ဖရုံချောင်းကျေးရွာဟာ ပလက်ဝမြို့၏ မြောက်ဘက် မိုင် ၄၀ အကွာတွင် ရှိပါကြောင်း၊ ကုလားတန်မြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိပြီး ကုလားတန်မြစ်သို့ စီးဆင်းသည့် ဖရုံချောင်းသည် ကျေးရွာအလယ်မှ ဖြတ်သန်းစီးဆင်းလျက် ရှိပါကြောင်း၊ ကျေးရွာနေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးတို့အတွက် ကျေးရွာအရှေ့အနောက် ရာသီမရွေးကူးလူး သွားလာနိုင်ရန်အတွက် တံတားတစ်စင်းလိုအပ်မည်‌့ အ‌ခြေအနေဖြစ်ကြောင်းကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဖရုံချောင်းကျေးရွာ လူကူးကြိုးတံတားတစ်စင်း ဆောက်လုပ်ပေးရန်နှင့် စပ်လျဉ်း၍ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် အဆိုပြုထည့်သွင်း လျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။