(ဃ)-မြန်မာနိုင်ငံ သွားနှင်‌့ခံတွင်းဆိုင်ရာဆရာဝန်များအသင်းက ခြံခတ်ကာရံပိတ်ဆို့ထားသော ရပ်ကွက်ကြီး (၃)ခု၏ ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းကြီးကို ပြည်သူပိုင်အဖြစ် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၂.၉.၂၀၁၈)

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သွတ်ဝိုင်းကြီးရပ်ကွက်၊ ကြီးပွားရေးရပ်ကွက်နှင့် ငါးကရပ်ကွက်တို့မှ ရေးဆိုးများကို သံတုမာလမ်းမကြီးဘေး ရေနုတ်မြောင်းကြီးမှတစ်ဆင့် ကြီးပွားရေးရပ်ကွက် အောင်မာဃလမ်း ရေနုတ်မြောင်းကြီးအတိုင်း စီးဆင်း၍ ငမိုးရိပ်ရေတံခါးမှ ငမိုးရိပ်ချောင်း အတွင်းသို့ စီးဆင်းသွားစေရန် စီမံဆောင်ရွက်ထားသော ရေနုတ်မြောင်းကြီးတွင် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ရှိခဲ့ပါကြောင်း၊ ၎င်းရေနုတ်မြောင်းကြီး ရေစီးရေလာကောင်းမွန် ရေးအတွက် မြောင်းဆယ်ယူရှင်းလင်းခြင်းများကို စက်ယန္တရားကြီးများနှင့် ၂၀၁၃ ခုနှစ်အထိ နှစ်စဉ်လုပ်ကိုင် ခဲ့ပါကြောင်း၊ ထို့ကြောင့် ၎င်းရပ်ကွက်များသည် ရေကြီးရေလျှံဖြစ်ပေါ်မှု မရှိခဲ့ပါကြောင်း၊ သို့သော်လည်း ၂၀၁၃ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအသင်းက ထိုရေနုတ်မြောင်းကြီးအနီး အသင်းခန်းမ တစ်ခုတည်ဆောက်လိုက်ပြီး အသင်းပိုင်မြေဧရိယာအတွင်း ကျရောက်နေသည်ဟုဆိုကာ ရေ‌ွမောင်းကြီး အပါအဝင် မြေကွက်လပ်ကြီး တစ်ခုလုံးကို ခြံစည်းရိုးကာရံ ပိတ်ဆို့လိုက်ပါကြောင်း၊ ၎င်းအချိန်မှစပြီး ရေနုတ်မြောင်ကြီး ဆယ်ယူရှင်းလင်းခြင်း မပြုလုပ်နိုင်တော့ပါကြောင်း၊ အဓိကမြောင်းမကြီး ပိတ်ဆို့ခံလိုက်ရ၍ ရပ်ကွက်ကြီး (၃) ခုမှ စီးဆင်းလာသော ရေဆိုးများ ဆက်လက်စီးဆင်းနိုင်ခြင်း မရှိဘဲ ရပ်ကွက်အတွင်းရှိ ရေမြောင်းများ ရေကြီးရေလျှံဖြစ်ပေါ်ကာ ပြည်သူများဒုက္ခ ရောက်ရပါကြောင်း၊ အမှိုက်များပိတ်ဆို့နေခြင်းကြောင့် ခြင်ပေါက်ဖွားမှုများ ဖြစ်ပေါ်နေပြီး ကျန်းမာရေး စိုးရိမ်နေရပါကြောင်း၊

မိမိတို့ ရပ်ကွက်ကြီး (၃) ခုမှ ‌မောင်းကြီးသုံးခု၏ စီးဆင်းရာလမ်းကြောင်းသည် ထိုရေတံခါးကနေပြီး ငမိုးရိပ်ချောင်းထဲကို မောင်းကြီးစီးဝင်ပါကြောင်း၊ မိမိတို့ ခြံစည်းရိုးမကာခင် နဂိုရေ‌ွမောင်းတုန်းက စက်ယန္တရားများနှင့် နှစ်စဉ်ရှင်းလင်းနေသည့် ပုံဖြစ်ပါကြောင်း၊ အသင်းခန်းမ တည်ဆောက်ပြီးသည့်နောက် ၎င်းရေမြောင်းကြီးကိုပါပိတ်ပြီး ခြံစည်းရိုးကာရံထားသည့်ပုံ ဖြစ်ပါကြောင်း၊ ဒါကကျွန်တော်တို့ သံဇကာနှင့်ခြံစည်းရိုး ပိတ်ထားသည့် ပုံဖြစ်ပါကြောင်း၊ ရေမြောင်းကြီးကို ပိတ်ဆို့လိုက်သည့်အတွက် ၎င်းရေသည် သွားစရာနေရာမရှိပဲ ရေများတက်နေသည်ကို သံတုမာလမ်းမကြီးဘက်က မြင်တွေ့ရမည် ဖြစ်ပါကြောင်း၊ ရေမြောင်းကြီးကို ပိတ်ဆို့လိုက်သည့်အတွက် ရေများသွားစရာမရှိသည်ကို ငမိုးရိပ်ချောင်းဘက်က မြင်ရသည့်ပုံဖြစ်ပါကြောင်း၊ ယခုလိုပိတ်ဆို့ လိုက်သည့်အတွက် ရပ်ကွက်ကြီး (၃) ခုတွင် ရေကြီးရေလျှံဒုက္ခနှင့် မိုးရွာတိုင်းမိုးရွာတိုင်း ကြုံတွေ့နေရပါကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်များအသင်းက အသင်းပိုင်မြေဧရိယာအတွင်း ကျရောက်သည်ဟုဆိုကာ ခြံခတ်ကာရံ ပိတ်ဆို့ထားသော ပုံပါသည့်အတိုင်း ရပ်ကွက်ကြီး (၃)ခု၏ ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းကြီးကို ပြည်သူပိုင်အဖြစ် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်အသင်းအတွက် မြေနေရာကို ၁၉-၆-၂၀၀၁ ရက်စွဲပါစာဖြင့် မြို့ရွာနှင့်အိုးအိမ် ဦးစီးဌာနမှ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းနှင့် စက်ရုံလမ်းထောင့် မြေကွက်အမှတ် (၅၈၂) မြေကွက်အကျယ် ၂၃၇ ပေ x ပေ ၂၀၀ မြေငှားစာချုပ်ဖြင့် မြေငှားချထား ပေးခဲ့ကြောင်း မိတ္တူဖြင့်တင်ပြ လာပါကြောင်း၊ အသင်းပိုင်မြေ ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊  အင်ဂျင်နီယာဌာန အဆောက်အဦ၏ ၁၆-၇-၂၀၁၃ ရက်ပါစာအမှတ် (၁၀၅၀ /၁၁၉၂/ စည်ပင်ရာအုံ) ဖြင့် ခွင့်ပြုချက်ရရှိပြီး ခွင့်ပြုပိုင်ဆိုင်သည့် အတိုင်းအတာအတွင်းမှ ဆောင်ရွက်ခဲ့ပါကြောင်း မိတ္တူဖြင့်တင်ပြလာပါသည်။ သို့ရာတွင် ရပ်ကွက်မှလမ်းအား ကွန်ကရစ်ခင်းရာတွင် နဂိုမူလရေနုတ်မြောင်းကိုပိတ်၍ အသင်းပိုင်မြေ ၁၅ ပေခန့်ထိဝင်ရောက်၍ ရေလွှဲမြောင်း ပြုလုပ်ထားပါကြောင်းကို  ဓာတ်ပုံဖြင့်တင်ပြ လာပါကြောင်း၊ အသင်းပိုင်မြေအတွင်း ဝင်ရောက်ဖောက်လုပ်ထားသည့် ရေဆိုးရေမြောင်းကို သံဇကာဖြင့်လုံခြုံရေးအတွက် ကာရံခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ၂၂-၅-၂၀၁၇ ရက်နေ့တွင် သင်္ဃန်းကျွန်းအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် အသင်းမှ ဒုတိယဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူး (၁) နှင့် တွဲဖက်အတွင်းရေးမှူး (၂) တို့၏ ကွင်းဆင်းကြည့်ရှု ညှိနှိုင်းမှုကို အောက်ပါအတိုင်း သဘောတူဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း အစည်းအဝေးဓာတ်ပုံ မှတ်တမ်းများဖြင့် တင်ပြထားပါသည်။

အောင်မာဃလမ်း၏ ရေနုတ်မြောင်းပိတ်ခြင်းကို မူလရှိရင်းစွဲရေနုတ်မြောင်းမှ အသင်း၏ ပိုင်ဆိုင်မှု ခြံစည်းရိုးဘေးမှကပ်ပြီး ငါးပေအကျယ်မြောင်း ဖောက်လုပ်ရန်ကို သက်ဆိုင်ရာစည်ပင် အဖွဲ့အစည်းနှင့် လမ်းအကျယ်တိုင်းပြီး ဆောင်ရွက်ရန်၊ အောင်ဇေယျလမ်းဘက်ရှိ ရေနုတ်မြောင်းကို အသင်း၏ ပိုင်ဆိုင်သည့် ခြံစည်းရိုးနှင့်ကပ်၍ ငမိုးရိပ်ရေကာတာအနီးထိ ငါးပေရေနုတ်‌မြောင်းကို သက်ဆိုင်ရာ စည်ပင်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါက အသင်းပိုင်မြေမှ ရယူဆောင်ရွက်ရန်၊ အသင်းအနေဖြင့် ရေနုတ်မြောင်းအားခွ၍ ခြံစည်းရိုးကာရံထားခြင်း မဟုတ်ပါကြောင်းနှင့် သက်ဆိုင်ရာမှ ထပ်မံကွင်းဆင်း စစ်ဆေးသင့်ပါကြောင်း လိုအပ်ပါက ဥပဒေစည်းကမ်းနှင့်အညီ ကူညီဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ဆုံးဖြတ်ခဲ့ခြင်းကို တင်ပါပြလာပါသည်။

အဆိုပါဆုံးဖြတ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုအချိန်ထိ လာရောက်ပူးပေါင်း ဆောင်ရွက်ခြင်း မရှိသေးပါကြောင်းနှင့် ကြယ်ပွင့်ပြမေးခွန်းဖြင့်မေးမြန်းခဲ့သော သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကိုလည်း အသင်းမှတာဝန်ရှိသူများက လာရောက်ဆွေးနွေးမည့် အချိန်ကို  စောင့်ဆိုင်းလျက် ရှိနေပါကြောင်းနှင့် ၂၂-၅-၂၀၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော အစည်းအဝေးမှ ဆွေးနွေးချက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနများသို့ အစီရင်ခံတင်ပြခဲ့ခြင်း ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍  မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်အသင်းအနေဖြင်‌့ ရပ်ကွက်နေပြည်သူများ၏ အကျိုးကို အမှန်တကယ်ရှေးရှု ဆောင်ရွက်လိုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမမှူးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ဖြေကြားလာခြင်းအား သိရှိနိုင်ပါရန်နှင့် ယခုကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်၊ ရပ်မိ ရပ်ဖများနှင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်အသင်းမှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်း၍ ဆောင်ရွက်သင့်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။