မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များကို ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတည်းကသာ ပိုင်ဆိုင်ခဲ့သော်လည်း ယခုအခါ Telenor၊ Ooredoo, Mytel စသည့် ကုမ္ပဏီကြီးလေးခုရှိကြပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တာဝါတိုင်များသည် အရေအတွက် ၇၀၀၀ ကျော်ပြီဟု သိရှိရပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင် တာဝါတိုင် ၃၀၀၀ ခန့်သည် ဆက်သွယ်ရေးကဏ္ဍ မဖွံ့ဖြိုးမီက ဆောက်လုပ်ခဲ့သည့် တာဝါတိုင်များ အဟောင်းများ ဖြစ်ကြောင်းလည်း သိရပါသည်။ ၂၀၁၄ ခုနှစ် နောက်ပိုင်း ဆက်သွယ်ရေးကဏ္ဍသည် ပြိုင်ဆိုင်မှုအသွင် ဆောင်လာခဲ့ပြီးနောက် ဆောက်လုပ်ထားသည့် တာဝါတိုင်များသည် ခေတ်သစ်တိုက်များဟု ဆိုရမည် ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးတာဝါတိုင်များသည် မိုဘိုင်းဖုန်း အသုံးပြုမှုများလေလေ၊ ဆက်သွယ်ရေး တာဝါတိုင်များလေလေ ဖြစ်ပါကြောင်း၊ လူနေထူထပ်ပြီး ဆက်သွယ်မှု များပြားသည့် နေရာများတွင် တည်ဆောက်ထားရခြင်း ဖြစ်သည့်အတွက်ကြောင့် လူမူကွန်ရက်တစ်ခု ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရာတွင် တိုင်များ၏ လေတိုက်ခံနိုင်မှုအားကို လူထုသိအောင် ထုတ်ပြန်ကြေညာထားခြင်း မရှိကြောင်းလည်း ထင်မြင်ယူဆရပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးများတွင် တစ်နာရီကို မိုင် ၁၂၀ ထိ ခံနိုင်ရည်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် မိုင် ၁၄၀ ထိ ခံနိုင်ရည်ရှိကြောင်း၊ ကချင်၊ ကရင်၊ မကွေးစသည့် ဒေသများတွင် တစ်နာရီ မိုင် ၈၀ အထိ ခံနိုင်ရည်ရှိကြောင်း ကုမ္ပဏီများက ထုတ်ပြန်ကြေညာ ထားသည်ဟုဆိုနိုင်ပါကြောင်း၊ သို့သော် တာဝါတိုင်မြင့်လေလေ လေတိုက်နှုန်း ခံရလေလေ ဖြစ်ပါကြောင်း၊ ပုံမှန်အားဖြင့် GSM တာဝါတိုင်များ၌ တပ်ဆင်ထားသည့် စက်ပစ္စည်းများသည် လေတိုက်နှုန်းကို ခံနိုင်ရည်ရှိသော်လည်း မိုက်ခရိုဝေ့ကဲ့သို့ စလောင်းကြီးများ တပ်ဆင်ထားသည့် တာဝါတိုင်များသည် လေတိုက်နှုန်းကို ပိုမိုခံရပြီး စလောင်းကြီးများ၏ အလေးချိန် လေတိုက်ရာဘက်ကို မျက်နှာမူထားမိပါက လေပြင်းတိုက်လျှင် ဆွဲသကဲ့သို့ တာဝါတိုင်များ ကျိုးပျက်သွားနိုင်ပါကြောင်း၊ တာဝါတိုင်များ၏ သံအရည်အသွေးကလည်း တာဝါတိုင်များ၏ ကြံ့ခိုင်မှုအတွက် ပိုအရေးကြီးပါကြောင်း၊ ၎င်းတို့၏ အောက်ခြေ Foundation များ မည်မျှနက်အောင် တူးထားသော်လည်း တာဝါတိုင်များသည် ရာသီဥတုဒဏ်ကို နှစ်ပေါင်းများစွာ ကြာလာပါက မူလီချောင်း ချောင်ခြင်း၊ ဆွေးမြည့်ခြင်းများ ဖြစ်လာပြီး မပြိုလဲသော်လည်း ပြတ်ကျခြင်း၊ ပြုတ်ကျခြင်းများ ဖြစ်နိုင်ပါကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် တာဝါတိုင်များ ပြိုလဲခဲ့သည့် သမိုင်းရှိပါကြောင်း၊ ၂၀၀၀ ပြည့်နှစ်က ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် ဖြစ်ခဲ့ဖူးပါကြောင်း၊ အခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း ၂၀၁၈ ခုနှစ် ဧပြီလ စလင်းမြို့တွင်လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင်လည်းကောင်း၊ မေလ ၉ ရက်နေ့တွင် ကောလင်းမြို့တွင်လည်းကောင်း ကျိုးကျခဲ့သည့် သတင်းများ ကြားရပါကြောင်း၊
သက်တမ်းမည်မျှထိအောင် ကြာရှည်ခံနိုင်သည်ဟု ဆိုထားသော်လည်း မည်သည့်အရာမှ စိတ်မချရသဖြင့် အခုတလော ဖြစ်ပျက်နေသည့် အဖြစ်အပျက်များက သတိထားစရာရှိပါကြောင်း၊ မြောင်းမြကြိုးတံတားလည်း ကျိုးကျခဲ့ပါကြောင်း၊ ဆွာရေလှောင်တမံလည်း ကျိုးပေါက်ခဲ့ပါကြောင်း၊ နောက်ဆက်တွဲအားဖြင့် ဆွာချောင်းတာတမံ မကျိုးသော်လည်း၊ ဆွာချောင်းတံတား မကျိုးသော်လည်း နိမ့်ကျသွားခဲ့ပါကြောင်း၊ ၁၀ နှစ်ကျော်သက်တမ်းသာ ရှိပါသေးကြောင်း၊ ယနေ့ ရာသီဥတုဖောက်ပြန်မှုများ ရှိနေခြင်းကြောင့် မည်သည့်အရာမှ စိတ်မချရပါကြောင်း၊ ထို့ကြောင့် ယခုလို သတင်းဆိုးများ မကြားရလေအောင် မြန်မာပြည်တစ်ဝန်း လူနေရပ်ကွက်အတွင်းရှိနေသည့် ဆက်သွယ်ရေးတိုင်များ မကျိုး၊ မလဲရလေအောင် သက်ဆိုင်ရာက ကြံ့ခိုင်မှုစစ်ဆေးခြင်း များရှိ/မရှိ တစ်နှစ်ကို မည်မျှအကြိမ်ရေတွက် စိစစ်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် လိုင်စင်ရ ဆက်သွယ်ရေး အော်ပရေတာများနှင့် တာဝါတိုင်တည်ဆောက်သည့် ကုမ္ပဏီများအနေဖြင့် တာဝါတည်ဆောက်ခွင့်များ တင်ပြလျှောက်ထားလာပါက မြေစိုက်တာဝါ (Ground Base Tower) တည်ဆောက်ရာတွင် လိုက်နာရမည့် စည်းကမ်း (၁၇)ချက်၊ ခေါင်မိုးပေါ်တွင် တပ်ဆင်သည့်တာဝါ (Roof Top Tower) တည်ဆောက်ရာတွင် လိုက်နာရမည့် စည်းကမ်း (၁၅) ချက်တို့နှင့်အညီ တင်ပြလျှောက်ထား လာခြင်းရှိ/မရှိကို စိစစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ တည်ဆောက်ခွင့် ရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
တာဝါတိုင်များ တည်ဆောက်ရာတွင် ဒီဇိုင်းပိုင်းဆိုင်ရာ တွက်ချက်မှု (Design Calculations) များကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ (သို့မဟုတ်) သက်ဆိုင်ရာဌာနများမှ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးထားသည့် လိုင်စင်ရအင်ဂျင်နီယာ၏ စိစစ်အတည်ပြုချက်ဖြင့် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ လိုင်စင်ရ ဆက်သွယ်ရေး အော်ပရေတာများနှင့် တာဝါတိုင်တည်ဆောက်သည့် ကုမ္ပဏီများသည် တာဝါတိုင်များ၏ ကိုယ်ထည်ကြံ့ခိုင်မှု၊ Tower Foundation၊ ကြိုးဆိုင်းတာဝါများ၏ ဆိုင်းကြိုးများ ကြံ့ခိုင်မှု၊ တာဝါတိုင်သံချေးတက်ခြင်းမှ ကာကွယ်ရန် သုတ်ထားသည့် ဆေးအခြေအနေ စစ်ဆေးခြင်း၊ တာဝါခြံစည်းရိုး ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးခြင်း စသည်များအား (၆) လလျှင် တစ်ကြိမ်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်ပြီးတိုင်း စစ်ဆေးဆောင်ရွက် သွားရန်နှင့် မူလီနှင့် နပ်ခေါင်းများ၊ တာဝါလှေခါးများ၊ အချက်ပြမီးများ၊ တာဝါကြံ့ခိုင်မှု၊ မြေစိုက်စနစ် Grounding System ကောင်းမွန်မှု စသည်များကို တစ်နှစ်လျှင်တစ်ကြိမ် စစ်ဆေးဆောင်ရွက်သွားရန် ညွှန်ကြားဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊
တာဝါတိုင်ပြိုလဲခဲ့သည့် ဖြစ်ရပ်များအနက် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၆၄၉)၊ (ဆ) ရပ်ကွက်၊ မေဓါဝီလမ်းတွင်ရှိသည့် MPT ၏ ကြိုးဆိုင်း တာဝါတိုင် ၇-၄-၂၀၁၈ ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့ပြီး ပတ်ဝန်းကျင်နေအိမ် သုံးလုံး၏ ခေါင်မိုးများနှင့် ရေခဲသေတ္တာတစ်လုံး ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့ပါကြောင်း၊ MPT က အဆိုပါ ထိခိုက်ပျက်စီးမှု အားလုံးကို ၈-၄-၂၀၁၈ ရက်နေ့မှ ၁၀-၄-၂၀၁၈ ရက်အတွင်း သက်ဆိုင်ရာ ကာယကံရှင်များ ကျေနပ်အောင် ပြုပြင်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြိုလဲခဲ့သည့် တာဝါတိုင်များကို ၈-၄-၂၀၁၈ ရက်နေ့တွင် အပြီးတိုင် ဖြုတ်သိမ်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် MPT ၏ အဆိုပါ တာဝါတိုင်ပြိုလဲခဲ့ခြင်းနှင့် စပ်လျဉ်းပြီး ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူမှုများ ပြုလုပ်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊
MPT အနေဖြင့် တာဝါများတည်ဆောက်ထားသည့် သက်တမ်းကြောင့်သော်လည်းကောင်း၊ ရာသီဥတုသဘာဝ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း ကြံ့ခိုင်မှုလျော့နည်း သွားနိုင်သည့် တာဝါများအား စစ်ဆေးခြင်း၊ အသစ်အစားထိုး လဲလှယ်ခြင်း လုပ်ငန်းများကို ပုံမှန်စစ်ဆေးဆောင်ရွက် လျက်ရှိရာ ၂၀၁၅ ခုနှစ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် တည်ဆောက်ပြီးခဲ့သော တာဝါတိုင် ၁၈၀၀ တိုင်အား ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ၂၀၁၆ ခုနှစ်တွင် တာဝါတိုင် ၁၄၀၀ အား Bolt and Nut များ စစ်ဆေးခြင်း၊ Grounding System များပြုပြင်ခြင်း၊ ၂၀၁၇ ခုနှစ်တွင် တာဝါတိုင် ၇၉၀ တိုင်အား တာဝါတိုင် ဖောင်းဒေးရှင်းအားဖြည့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါကြောင်း၊
ထို့အပြင် OCK Yangon Privated Limited ကနေ တည်ဆောက်ထားတဲ့ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မန်ကျည်းပင်ပုကျေးရွာအုပ်စု၊ ကူတို (တောင်) ရွာရှိ တာဝါသည် ၂၈-၄-၂၀၁၈ ရက်နေ့ ညနေ ၄း၃၀ ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲမှုဖြစ်ပွားခဲ့ခြင်းအား ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက စစ်ဆေးရေးအဖွဲ့၊ Third Party ဖြစ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာများအဖွဲ့၏ မကွေးတိုင်းဒေသကြီးအဖွဲ့ခွဲ MICEG နှင့် အစ္စရေးနိုင်ငံ Leadcom Company Limited တို့၏ စစ်ဆေးချက်အစီရင်ခံစာများအရ အဆိုပါဆက်သွယ်ရေး တာဝါ၏ အရေးပါသော ထောင့်ဖြတ် နေရာနှစ်နေရာတွင် တပ်ဆင်ထားသော ပစ္စည်းများမှ မူလတာဝါပစ္စည်း အစိတ်အပိုင်းများ မဟုတ်ဘဲ အရည်အသွေးပြည့်မီမှု မရှိသည့် သံအပိုင်းအစဖြင့် အစားထိုးတည်ဆောက် ခဲ့ခြင်းကြောင့် ပြိုလဲခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါကြောင်း၊
OCK ကုမ္ပဏီအနေဖြင့် တာဝါတိုင်များ တည်ဆောက်ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ Structure ပိုင်းဆိုင်ရာ လိုင်စင်ရအင်ဂျင်နီယာ၏ စစ်ဆေးအတည်ပြုချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhejiang Corporation ၏ ဒီဇိုင်းဖြင့် တည်ဆောက်ခဲ့သည့် တာဝါတိုင် စုစုပေါင်း ၄၀၉ တိုင်ရှိပါကြောင်း၊ ပြိုလဲမှုဖြစ်ပေါ်ခဲ့သည့် တာဝါတိုင်ကို တည်ဆောက်ခဲ့သည့် အဖွဲ့က တာဝန်ယူ တည်ဆောက်ခဲ့သည့် တာဝါတိုင်စုစုပေါင်း ၃၈ တိုင်ရှိခဲ့ပြီး ပြိုလဲခဲ့သည့် တာဝါတိုင်မှအပ ကျန် ၃၇ တိုင် ကို အစ္စရေးနိုင်ငံမှ Leadcom Co.,Ltd နှင့် စနစ်တကျ ပြန်လည်စစ်ဆေးပြီး ဖြစ်ကြောင်း၊ အဆိုပါ ဒီဇိုင်းဖြင့် တည်ဆောက်ထားသော တာဝါတိုင်စုစုပေါင်း ၄၀၉ တိုင်ရှိသော်လည်း စလင်းမြို့နယ်၊ ကူတို (တောင်) ရွာရှိ တာဝါတိုင်တစ်တိုင်သာ တင်ပြခဲ့သည့်အတိုင်း ပြိုလဲခဲ့ခြင်းဖြစ်ပါကြောင်း နောက်ပိုင်း ကာလ မြန်မာနိုင်ငံတစ်ဝန်း လေပြင်းများတိုက်ခတ်ခြင်း၊ ရခိုင်ပြည်နယ်တွင် မုန်တိုင်းဝင်ရောက် တိုက်ခတ်ခြင်း စသည်တို့ ဖြစ်ပွားခဲ့သော်လည်း တာဝါတိုင်ပြိုလဲမှုများ ထပ်မံဖြစ်ပေါ်မှု မရှိတော့ပါကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်းများ အားလုံးကိုလည်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် နောက်နောင်အလားတူ ဖြစ်ရပ်မျိုးမဖြစ်ပွားစေရန် အထူးအလေးထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း OCK ကုမ္ပဏီမှ ၅-၇-၂၀၁၈ ရက်စွဲပါစာဖြင့် ပြန်လည် ရှင်းလင်း တင်ပြခဲ့ပါကြောင်း၊
ယခု တာဝါပြိုလဲမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍လည်း လိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာနည်းဥပဒေ ၄၁ (က) (၃)တွင် လိုင်စင်ရရှိသူကို ၎င်း၏ သက်ဆိုင်ရာဝင်ငွေ၏ ၅ ရာခိုင်နှုန်းထိ ဒဏ်ငွေပေးဆောင်ရန် သတ်မှတ်ခြင်းဟု သတ်မှတ်ပြဋ္ဌာန်း ထားရှိပါသဖြင့် ယင်းနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း၊ OCK Yangon Privated Limited အား အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး Edotco Myanmar Limited ကုမ္ပဏီကနေပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ထဲတွင် တည်ဆောက်နေသည့် တာဝါတိုင်ကို ပြန်လည်ဖြုတ်သိမ်းရန် ပြင်ဆင်နေသည့်အတွင်း ၉-၅-၂၀၁၈ ရက်တွင် လေပြင်းတိုက်ခတ်မှုနှင့် ကြုံသည့်အတွက် တာဝါတိုင်ဖြုတ်သိမ်းခြင်း လုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားစဉ် အတွင်း ၎င်းတို့ စနစ်တကျဆောင်ရွက်ထားခြင်း မရှိသောကြောင့် ပြိုလဲခဲ့ခြင်း ဖြစ်သည်ဟု ယူဆပါကြောင်း၊ တာဝါပြိုလဲမှုကြောင့် ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်း မရှိပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် တာဝါကုမ္ပဏီများမှ တင်သွင်းလာမည့် တာဝါတိုင်များတွင် အသုံးပြုမည့် တည်ဆောက်ရေးပစ္စည်းများ၏ ကြံ့ခိုင်မှုကို စိစစ်နိုင်ရန်အတွက် ယခုအခါ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီမှ အသိအမှတ်ပြု သက်ဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်ရ အင်ဂျင်နီယာများနှင့် သက်ဆိုင်ရာမြို့တော်စည်ပင် သာယာရေး ကော်မတီများမှ Structure ပိုင်းဆိုင်ရာလိုင်စင်ရ အင်ဂျင်နီယာများ၏ စံချိန်စံညွှန်းနှင့် ကိုက်ညီကြောင်း စိစစ်ထောက်ခံချက်ပါရှိရန်နှင့် တာဝါတိုင်များတွင် အသုံးပြုသော သံမဏိပစ္စည်းများ၏ Mechanical and Chemical အရည်အသွေး စစ်ဆေးမှုများအတွက် နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရ Third Party ကုမ္ပဏီများမှ ဓာတ်ခွဲခန်းစမ်းသပ်ပြီး လက်မှတ် Lab Test Report များ ပါရှိမှသာ ခွင့်ပြုနိုင်ရေး စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
