၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရွှေကျင်ချောင်းကူးတံတားကို ဘတ်ဂျက်ချပေးကာ စတင် အကောင်အထည် ဖော်နေပြီဖြစ်ပါကြောင်း၊ ၎င်းတံတားကြီးပြီးစီးသွားပါက ရွှေကျင်မှ ဝင်းကံ၊ သိမ်ဇရပ်၊ ကျိုက်ထိုအထိ သွားလို့ရသောမဟာဗျူဟာလမ်း ဖြစ်သည့်အတွက် နှစ်အလိုက် ရွှေကျင် တံတားကို ၂၀၁၇-၁၈ ဘတ်ဂျက်ကစပြီး အကောင်အထည်ဖော်ပါကြောင်း၊ ပြည်ထောင်စု ဘတ်ဂျက်ဖြင့် တံတားကိုအကောင်အထည်ဖော်ပါကြောင်း၊ လမ်းကိုတိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ကျုံချောင်းရွာမှ ကွင်းဆိပ်ရွာကို ဆက်သွယ်ထားသော ၃၅ မိုင်လမ်းကို အကောင်အထည်ဖော်နေပါကြောင်း၊ တန်ဖိုးပမာဏကြီးမားပါကြောင်း၊ အဆိုပါလမ်းမြေသား တာဖို့ခြင်းစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးစီး ဆောင်ရွက်ပြီး ဆောင်ရွက်နေခြင်းလား၊ သို့မဟုတ် ကုမ္ပဏီကို တင်ဒါပေးထားခြင်းလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိလိုပါကြောင်း၊ (၁/၂၀၁၇) အရ သိန်း ၁၀၀ ကျော်သည့် လုပ်ငန်းများသည် တင်ဒါခေါ်ရမည်ဆိုသော ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ စီမံကိန်းအကောင် အထည်မဖော်ခင်တွင် လမ်းရွေးရန်အတွက် ပြည်သူလူထုဆန္ဒခံယူပွဲ မိမိတို့လုပ်ခဲ့ပါကြောင်း၊ ယခုဆောင်ရွက်သည့်လမ်းက လမ်းကြောအသစ်၊ လက်ရှိသုံးနေသောလမ်းကြောအဟောင်းကို ယူမည်လား/လမ်းကြောအသစ်ကို ယူမည်လား ပြည်သူလူထုဆန္ဒကို ခံယူစဉ်ကတည်းက ယခုအကောင် အထည်ဖော်မည့်လမ်းကို ရွေးပါက ရွာထဲကိုဖြတ်သွားမည် ဖြစ်သည့်အတွက် အိမ်များသည် အနည်းနှင့်အများထိခိုက်မည် ဖြစ်ပါကြောင်း၊ ပြည်သူများလက်ခံနိုင်ခြင်း ရှိ/မရှိဆိုပြီး သဘောထားယူစဉ်ကာလတွင် ပြည်သူများက လက်ခံနိုင်သည့်အနေအထားမျိုး၊ အမှန်တကယ် အကောင်အထည်ဖော်သည့်အခါ မြေယာလျော်ကြေးများ ပေးလျော်ရာတွင် လယ်ကွက်များထဲကို ဖြတ်သွားသည့်အခါ လျော်သည့်အပိုင်းနှင့် ရွာတွင်းကိုဖြတ်သွားသည့်အခါ လျော်သည့်အပိုင်း နှစ်ပိုင်း ရှိပါကြောင်း၊ လယ်ကွက်ထဲကို ဖြတ်သန်းဖောက်လုပ်သည့်အခါ ပေးလျော်သော လျော်ကြေးကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားခြင်း မရှိသော်လည်း ရွာတွင်းကိုဖြတ်သန်းသွားရာတွင် ပေးလျော်သည့် လျော်ကြေးနှင့် ပတ်သက်၍ အငြင်းပွားခြင်းများ ပေါ်ပေါက်ပါကြောင်း၊ ပထမက ပြည်သူများနှင့် မိမိတို့ ညှိနှိုင်းစဉ်အခါက ပြည်သူများကလက်ခံနိုင်သည်ဟု ပြောပါကြောင်း၊ အမှန်တကယ် မြေယာလျော်ကြေး ပေးသည့်အခါ လယ်ယာမြေများကို ပေးပါကြောင်း၊ လယ်ကပေးလိုက်သော ပိုသောပိုက်ဆံ ၇၅ သိန်းကို ထိုက်သင့်သည့် အိမ်များကိုပေးလိုက်သည်ဟု ပြောပါကြောင်း၊ တိတိကျကျသတ်မှတ်ထားသော စံသတ်မှတ်ချက်နှင့်အညီ ပေးလျော်ခြင်းမျိုးမဟုတ်ဘဲ ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်တစ်ယောက်၏ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ပေးလျော်သည့်သဘောမျိုး ဖြစ်နေသည့်အခါ နောက်ဆုံး မိမိတို့က ပြည်သူများအတွက် ပြန်လည်ဖြေရှင်းရသည့်အခါ အငြင်းပွားမှုများ ဖြစ်ပါကြောင်း၊ အကယ်၍ စည်းစနစ်တစ်ခု၊ မူဘောင်တစ်ခုအတိုင်းသာလုပ်ပါက အငြင်းပွားသည့်အခါ ချပြလိုက်ပါက ပြီးပါကြောင်း၊ ကွင်းဆိပ်-ကျုံချောင်းလမ်းပိုင်း သုံးမိုင်ခွဲ မြေသားတာဖို့ခြင်းလုပ်ငန်း အကောင်အထည်ဖော်ရာတွင် သမ္မတရုံးမှထုတ်ပြန်ထားသော (၁/၂၀၁၇) နှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် ခေါ်ယူခြင်းမရှိသနည်းနှင့် မည်ကဲ့သို့အရေးယူ ဆောင်ရွက်သွားမည်နည်း၊ လယ်ယာမြေများနှင့် ယာတွင်းဖောက်လုပ်ရာတွင် ပေးလျော်ခဲ့သည့် လျော်ကြေးများကို မည်သည့်မူများဖြင့် သတ်မှတ်ပေးချေခဲ့သည်နည်းနှင့် အဘယ်ကြောင့် နစ်နာမှုများကို တစ်ပြေးညီပေးလျော်ခဲ့ခြင်း မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အလယ်မြောင်-ကျောက်ကြီး-စစ်တောင်း-မုပလ္လင်လမ်း၏ ရွှေကျင်မြို့နယ်အပိုင်းရှိ ကျုံချောင်း-ကွင်းဆိပ်လမ်း မိုင်တိုင်အမှတ် (၁၁၀/၃) နှင့် (၁၁၄) ကြားရှိ မူလလမ်းဟောင်းသည် အတက်/အဆင်းများ၍ လမ်းကွေ့များပြီး လမ်းကျဉ်းမြောင်းပြီး Road Safety အရ ယာဉ်အန္တရာယ် ရှိနိုင်ခြင်း စသည့်အချက်များကြောင့် ကျုံချောင်းရွာနှင့် ကွင်းဆိပ်ရွာအကြား အတက်/အဆင်း နည်းပါးစွာဖြင့် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်မည့် လမ်းအူကြောင်းအသစ်ကို ဒေသခံပြည်သူများ၏ သဘောတူညီချက်ဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၁၇) ဆုံးဖြတ်ချက် အပိုဒ် ၇ (ဃ) ပါ ခွင့်ပြုချက်တို့အရ လမ်းဦးစီးဌာနမှ ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းအူကြောင်းအသစ်အား လမ်းဦးစီးဌာန၊ လမ်းလေယာဉ်ကွင်း ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ အသေးစိတ်ကွင်းဆင်း တိုင်းတာပုံထုတ်ခဲ့ပြီး မူလလမ်းဟောင်းထက် (0.8 km) တိုတောင်းမှု ရှိပါကြောင်း၊
ကျုံချောင်းရွာနှင့် ကွင်းဆိပ်ရွာကြား မိုင်တိုင်အမှတ် (၁၁၁/၂) နှင့် (၁၁၄/၂) အကြား သုံးမိုင်အား တစ်ကြောင်းထိုး မြေသားလမ်းဖောက်လုပ်၍ ၄၀ ပေအကျယ် မြေသားတာဘောင်ဖို့ခြင်း၊ ရေထုတ်ပြွန်များ ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် တင်ဒါ လုပ်ထုံးလုပ်နည်းနှင့်အညီ လမ်းဦးစီးဌာန၊ ပဲခူးခရိုင်မှလုပ်ငန်းတင်ဒါ ခေါ်ယူခဲ့ပြီး တင်ဒါရရှိသည့် ကန်ထရိုက်တာအား သတ်မှတ် Construction Sequence အတိုင်း စနစ်တကျဆောင်ရွက် စေခဲ့ပါကြောင်း၊ သတ်မှတ်ထားသော CBR ပြည့်မီမှုရှိ/မရှိကို Third Party Inspection အဖွဲ့မှ စစ်ဆေးပြီး သတ်မှတ်ထားသည့် CBR ရရှိမှသာ လုပ်ငန်းများဆက်လက် ဆောင်ရွက်ခွင့် ပြုခဲ့ပါကြောင်း၊
လုပ်ငန်းတင်ဒါရွေးချယ်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) နှင့်အညီ ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၁၁-၈-၂၀၁၇ ရက်စွဲပါ ရုံးအမိန့်စာအမှတ် (၁၈၁/၂၀၁၇) ဖြင့် ပဲခူး တိုင်းဒေသကြီး၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ တင်ဒါကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင်ကိုးဦးပါဝင်သော တင်ဒါကော်မတီဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ၇-၉-၂၀၁၇ ရက်နေ့၌ တင်ဒါရွေးချယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ ဆောင်ရွက်ခြင်းမှာလည်း တင်ဒါ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းအူကြောင်းအသစ် ဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများနှင့် ပတ်သက်၍ လျော်ကြေးငွေ ပေးချေနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ၆-၂-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၀၂၈/၂၀၁၈) ဖြင့် စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးမှ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် လမ်းဦးစီးဌာနမှ အင်ဂျင်နီယာများ ပါဝင်သော နစ်နာကြေးပေးအပ်ရေး ကော်မတီကိုဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါကြောင်း၊ ကော်မတီမှအသေးစိတ် စိစစ်ခဲ့ပြီးစိစစ်ချက်အရ လမ်းအူကြောင်းအသစ် ဖောက်လုပ်ရာတွင် ပါဝင်သွားသော ကျုံပင်-ကျောက်တန်း ကျေးရွာအုပ်စုမှ တောင်သူ ၂၃ ဦး၏ လယ်ယာမြေ ၈.၅ ဧကနှင့် ကွင်းဆိပ်ကျေးရွာမှ တောင်သူ ၂၅ ဦး၏လယ်ယာမြေ ၁၇.၆၁ ဧက စုစုပေါင်း ၂၅.၆၆ ဧကအတွက် တစ်ဧကလျှင် ၁၀ သိန်းနှုန်းဖြင့် လျော်ကြေးငွေ ၂၅၆၆၀၀၀၀ ကို ၁၀-၃-၂၀၁၈ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ ရှေ့မှောက်တွင် သက်ဆိုင်ရာတောင်သူများထံသို့ စနစ်တကျ ပေးလျော်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ၎င်းလမ်းပေါ်ရှိ သားပြတံတားချဉ်းကပ်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော အဆောက်အဦများအတွက် လျော်ကြေးငွေကျပ် ၇၅၇၅၀၀၀ ကို အဆောက်အအုံ ပိုင်ရှင်ငါးဦးမှ သဘောတူညီထားသည့်နှုန်းထားအတိုင်း တပေါင်းတည်းပေးလျော်ခဲ့ပြီး ဖြစ်ပါသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့့်် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးစောသလေးစော (ရွှေကျင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဝန်ကြီးဖြေကြားသွားရာတွင် လျော်ကြေးစိစစ်ရေးထဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပါဝင်ပြီးပေးအပ်ခဲ့သည်ဆိုရာတွင် တိုင်းဒေသကြီးလမ်းပိုင်းက တိုင်းဒေသကြီး (၁) နယ်မြေထဲတွင် ပါဝင်သည့်နေရာ၊ ယခုလျော်ကြေးငွေများနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ တိုင်းဒေသကြီးအမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်က မည်သည်ကို မည်မျှပေးပြီး မည်ကဲ့သို့စိစစ်ခဲ့သည်ကို မသိခဲ့ပါဟု မိမိကိုပြောပြသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ရွာတွင်းတွင် မည်သူ့ကိုပေးလျော်မည်၊ မည်သို့သောနစ်နာမှု အတိုင်းအတာကို မည်ကဲ့သို့ ပေးလျော်မည်ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက သဘောထားပေးခွင့် မရှိခဲ့ပါကြောင်း၊ လျော်ကြေးပေးစဉ်က ပေးအပ်ပွဲတွင်ပါဝင်သည်မှာ မှန်ပါကြောင်း၊ မည်မျှနစ်နာမှု အတိုင်းအတာကို ပေးမည်ဆိုသော သဘောထားမှတ်ချက်မျိုးကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ပေးခွင့် မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ပြန်လည်ပြီးစိစစ်ရန်အတွက် အစီအစဉ်ရှိ/မရှိ၊ လျော်ကြေးငွေကို ပေးအပ်ရာတွင် မည်သို့သော စံသတ်မှတ်ချက်မျိုး၊ မည်သို့သော ပျက်စီးမှုအတိုင်းအတာမျိုးကို ပေးကြမည်၊ မည်သို့သောပျက်စီးမှု အတိုင်းအတာကို မပေးဘူးဆိုသည်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ထားခြင်းများ ရှိပါသလား၊ ဥပမာ မြေသိမ်းအက်ဥပဒေ ရှိပါကြောင်း၊ အိုးအိမ်နှင့်ပတ်သက်ပါက အိုးအိမ်ဥပဒေထဲတွင် မြေသိမ်းရန်အတွက် စနစ်တကျ Procedure များ ရှိပါကြောင်း၊ ဆောက်လုပ်ရေးတွင် ၎င်း Procedure များရှိပြီး ယခုပေးလျော်သည်များမှာ အဆိုပါ Procedure အတိုင်းလုပ်ခဲ့သလား ဆိုသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
လယ်သိမ်းသောလယ်မြေလျော်ကြေး ကော်မတီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် ရက်စွဲဖြင့် ရုံးအမိန့်စာအမှတ်(၀၂၈)ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ပဲခူး တိုင်းဒေသကြီးအဖွဲ့၏ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌဖြစ်ပြီး ဦးဝင်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ရွှေကျင်မြို့နယ်က အဖွဲ့ဝင်၊ ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ရွှေကျင်မြို့နယ် အဖွဲ့ဝင်၊ ပဲခူးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်၊ ပဲခူးခရိုင်လယ်ယာမြေ (လယ်/စီ) စာရင်းအင်း အဖွဲ့ဝင်နှင့် ကျန်သည့် အဖွဲ့ဝင်များ ပါဝင်သောအဖွဲ့ဖြင့် စိစစ်ပြီးလျော်ကြေး ပေးခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက မည်သည့် လယ်ယာကို မည်မျှပေးလျော်ရမည်ကို မသတ်မှတ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုသာ တင်ပြရပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် (လယ်/စီ) အဖွဲ့အစည်းများရှိပါကြောင်း၊ လယ်ယာ မြေစိစစ်ရေးအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ မိမိတို့ကလျော်ကြေးပေးရပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
