(စ)-ရွာသာအေး၊ လိပ်ခြံရွာချင်းဆက် ရှစ်ချောင်းရေကျော်အား ကွန်ကရစ်ရေမြောင်းအဖြစ် ဆောက်လုပ်ပေး နိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၆.၈.၂၀၁၈)

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ရွာသာအေး၊ လိပ်ခြံရွာချင်းဆက် ရှစ်ချောင်းရေကျော်သည်  ဆိပ်ဖြူ-ဆောလမ်းပိုင်း မိုင်တိုင်အမှတ် (၁၆/၃)မှ မြောက်ဘက် ပေ ၁၉၀၀ အကွာတွင် တည်ရှိ ပါကြောင်း၊ ရေကျော်၏အရှည်မှာ ၆၀၀ ပေရှိပြီး အကျိုးပြုမည့်ရွာများတွင် ငါးချဉ်ချောင်၊ ကျွန်းမကြီး၊ ကမ်းပနီ၊ ကြာနီကန်၊ သရက်ချဉ်၊ မိဘုရား ချိုင့်၊ ကျွန်းတော၊ လိပ်ခြံ၊ သဖန်းညွန့်၊ အနောက်ကံတွင်း၊ ရေပုပ်၊ ဇီးဖြူခေါင်း၊ ဆူးပုပ်ကုန်းတို့တွင် ရှစ်ချောင်း၏ မြောက်ဘက်တွင်ရှိပြီး တပ်စု၊ ထန်းကျောင်း၊ မကျီးကုန်း၊ ရွာသာအေး၊ သပြေတို့တွင် ရှစ်ချောင်း၏ တောင်ဘက်တွင် ရှိကြပါကြောင်း၊

၎င်းရှစ်ချောင်းမှ မိုးရွာသီတွင် မိုးရွာသည့်အခါ ရေများ များပြားခြင်းတို့ကြောင့် စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စများ ပေါ်ပေါက်လာသည့်အခါ အခက်အခဲများနှင့် ကြုံတွေ့နေရပါကြောင်း၊ ကျောင်းသားများ ကျောင်းတက်/ဆင်း ပြုလုပ်ရာတွင်လည်းကောင်း၊ အရေးတကြီးလူနာများ အချိန်မီ မပို့ဆောင်နိုင်၍ မလိုလားအပ်သောကိစ္စရပ်များ ဖြစ်ပေါ်လာခြင်းများ တွေ့ကြုံနေရပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသော တောင်သူလယ်သမားများ ဖြစ်ကြပြီး စိုက်ပျိုးရေးမှထွက်ရှိလာသော ကောက်ပဲသီးနှံများကို ဈေးကွက်သို့ ပို့ဆောင်ဖြန့်ဖြူးရာတွင် အခက်အခဲများ ရှိနေခြင်းတို့ကြောင့် ကျေးရွာနေပြည်သူများ၏ စီးပွားရေးအဆင့်အတန်းကလည်း နောက်ကျခဲ့ပါကြောင်း၊ ကျေးရွာအုပ်စု ငါးအုပ်စုရှိပြီး ရွာပေါင်း ၁၁ ရွာနေ အိမ်ထောင်စု ၁၁၁၆ စုတွင် လူဦးရေ ၅၃၂၅ ဦးတို့၏ ကျန်းမာရေးကို အစဉ်ဆောင်ရွက်လျက်ရှိသော လိပ်ခြံကျေးရွာအခြေစိုက် ရွှေနှင့်မြလူမှုရေး ကူညီမှုအသင်းမှ မော်တော်ယာဉ်များသည် မိုးရာသီတွင် ဖြတ်သန်းပို့ဆောင်နိုင်ရန် အခက်အခဲများလည်းရှိပါကြောင်း၊

ရှစ်ချောင်းထိပ် လိပ်ခြံရွာအဝင် RC တံတားကို ရွှေနှင့်မြ လူမှုဖူလုံရေးအသင်း ဖွဲ့စည်းပေးသူ ဦးဆက်မောင်မှ ကျေးရွာလူထုနှင့်ပူးပေါင်း ဆောက်လုပ်ခဲ့ပါကြောင်း၊ ရွာလူထုအနေဖြင့် ကိုယ်ထူ ကိုယ်ထရွာအဝင်လမ်း တံတားကိုတည်ဆောက် နိုင်ခဲ့သော်လည်း၊ ရှစ်ချောင်းရေကျော်ကို တည်ဆောက်နိုင်ခြင်း မရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရှစ်ချောင်းရေကျော်အား တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ၊ ရှိပါကမည်သည့်အချိန်၊ မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် ဆိပ်ဖြူ-ဆော-လိပ်ခြံ-သဖန်းတုံး-အနောက်ကံတွင်း-ချတောင်‌့လမ်း အရှည် ၇ မိုင်လမ်းပေါ်တွင် တည်ရှိသော ရှစ်ချောင်းရေကျော်သည် အကျယ်ပေ ၆၀၀ ခန့်ရှိပြီး ဆိပ်ဖြူ-ဆော လမ်းမကြီးနှင့် ဆက်သွယ်ထားသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဦးစီးဌာနမှ စီမံခန့်ခွဲသော ရေကျော်တံတား ဖြစ်ပါကြောင်း၊ အဆိုပါချောင်းအား ရေကျော်တည်ဆောက်ပြီးပါက ကျေးရွာ (၇) ရွာ၊ အိမ်ထောင်စု ၇၃၂ အိမ်နှင့် လူဦးရေ ၃၅၀၀ တို့အား တိုက်ရိုက်အကျိုးပြုမည် ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (B) ဦးစားပေးအဆင့် (၁) တွင် ပါဝင်ပါသဖြင့် ရွာသာအေး-လိပ်ခြံ ရွာချင်းဆက် ရှစ်ချောင်းရေကျော် တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာငွေများ တင်ပြသွားပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။