မိမိတို့မြစ်သားမြို့နယ်တွင် အဓိကကျသည့် မြစ်နှစ်စင်းမှာ စမုံမြစ်နှင့်ပန်းလောင်မြစ်တို့ ဖြစ်ပါကြောင်း၊ စမုံမြစ်၏ ရေဝေရေလဲဧရိယာ၊ ရေစီးဧရိယာသည် ကျယ်ဝန်းလှပြီး မြို့နယ်ပေါင်းရှစ်ခုခန့် ပါဝင်ပါကြောင်း၊ ထိုမြို့နယ်များမှာ ရမည်းသင်း၊ သာစည်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မြင်းခြံ၊ နွားထိုးကြီး၊ မြစ်သားမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့ ပါဝင်လျှက်ရှိပါကြောင်း၊ မိုးတွင်းကာလတွင် ထို Catchment Area က မိုးကျရေများသာမက ၎င်းမြို့နယ်တွင်ရှိသည့် ကန်များ၊ ဆည်များမှ ရေပိုထုတ်လိုက်သည့် ရေများသည် စမုံမြစ်အတွင်းသို့ ပေါင်းဆုံစီးဆင်းကြသဖြင့် စမုံမြစ်ရေလျှံ၍ မြစ်အောက်ပိုင်းတွင်ရှိသော မြစ်သားမြို့နယ်ရှိရွာများ ရေကြီးရေနစ်မြုပ်မှုဒဏ်ကို နှစ်စဉ် ခံစားရသည့်အပြင် စမုံမြစ်က အကောက်အကွေ့များလှသည့်အတွက် မြစ်ကြောင်းထိန်းသိမ်းမှု အားနည်းခဲ့ပါကြောင်း၊ မြစ်ကြောင်းများကောလာသည့် အတွက်ကြောင့် မိုးရာသီတွင် ရေသိုလှောင်မှု ပမာဏကျဆင်းခဲ့ပြီး ရေကောင်းမွန်စွာ မစီးဆင်းနိုင်ဘဲ မြစ်ကြောင်းတစ်လျှောက်ရှိ ရွာများရေကြီးရေ နစ်မြုပ်မှုဒဏ်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားစွာ ခံစားလာခဲ့ရပါကြောင်း၊ ပန်းလောင်မြစ်ပိုင်းတွင်လည်း ကင်းတားရေသောက်စနစ် တစ်စိတ်တစ်ဒေသအပိုင်းတွင် ပြဿနာ မရှိသော်လည်း စမာရေလွှဲဆည်၏ အောက်ပိုင်း ပန်းလောင်မြစ်အပိုင်းတွင် မိုးရာသီရေစွန့်ထုတ်မှု များလာပါက ရေပိုမထိန်းနိုင်သည့်အတွက် မြစ်သားမြို့ပေါ်ရှိ ဘူတာရပ်ကွက်နှင့် ယွေးကျေးရွာတို့ နှစ်စဉ်ရေကြီးရေ နစ်မြုပ်မှုဒဏ်ကို ခံခဲ့ရပါကြောင်း၊ မိမိတို့မြစ်သားမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ရေကြီး ရေနစ်မြုပ်မှု ဒဏ်ခံရသည့်ရွာများက လောင်းတော်ဦးကျေးရွာ၊ နွားကူးလေးကျေးရွာ၊ နွားဖြူငယ် ကျေးရွာ၊ တမာပင်ကျေးရွာ၊ အင်းစိန်ကျေးရွာ၊ ပေါက်မြိုင်ကျေးရွာ၊ အင်းယင်းကျေးရွာ၊ ဆင်ကြံ ကျေးရွာ၊ ယွေးကျေးရွာနှင့် ဘူတာရပ်ကွက်တို့က တစ်နှစ်တွင်တစ်ခါ၊ တချို့ကံဆိုးသည့်နှစ်များတွင်ဆို တစ်နှစ်ကို နှစ်ကြိမ်ခန့် ရေကြီးရေလျှံမှုဒဏ်ကို ခံရပါကြောင်း၊ ရေကြီးသည့်အခါတွင်လည်း ရွာထဲတွင် လူတစ်ရပ်မက လမ်းများပေါ်တွင် ရေနစ်မြုပ်မှုဒဏ်ခံရသော ရွာသူရွာသားများသည် တစ်နှစ်ကို ရေနှစ်ကြိမ်ခန့် ရေကြီးသည့်အတွက် နာလန်မထူနိုင်အောင် ဖြစ်နေကြရပါကြောင်း၊
အဆိုပါရေကြီးရေလျှံမှု ဒုက္ခများကင်းဝေးအောင် ဆောင်ရွက်မည်ဆိုပါကလည်း မြို့နယ်တစ်ခုတည်း၊ ဌာနတစ်ခုတည်းနှင့် ဆောင်ရွက်၍ရနိုင်မည်ဟု မိမိအနေဖြင့် မယူဆပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဆင်းဧရိယာတွင်ပါဝင်သော အထက်ပါ ရှစ်မြို့နယ်ရှိဆည်များ၊ ကန်များ၏ ရေအခြေအနေကို မျက်ခြေမပြတ် ကြည့်ရှုကွပ်ကဲပြီး အဆိုပါမြို့နယ်များ၏ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်း အမြစ်နှင့် မြစ်ကြောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့ကို ပူးပေါင်း၍ စနစ်တကျဟန်ချက်ညီညီ ပြင်ဆင်ကာကွယ်မှရမည်ဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း၊ ထို့အပြင် ရေကြီးရေလျှံမှုဒဏ် ကျရောက်လာပါကလည်း ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ ရွာသူရွာသားများ ညီညီညာညာဖြင့် လျင်မြန်စွာ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးစေလိုသည့်အတွက် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံရေဘေးသင့်ဒဏ်ကို ခံစားနေရသော မြစ်သားမြို့နယ် စမုံမြစ်နှင့်ပန်းလောင် မြစ်ဘေးရှိရွာများအတွက် နောင်တွင် ရေကြီးရေလျှံရေဘေး သင့်မှုမှ ကင်းဝေးစေရန် မည်သို့စီမံ ဆောင်ရွက်ပေးမည်နည်းနှင့် အဆိုပါရွာများ ရေကြီးရေလျှံ ရေဘေးသင့်မှု ဖြစ်ပေါ်ပါကလည်း မည်သို့ကူညီထောက်ပံ့ ဆောင်ရွက်ပေးမည်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ စမုံမြစ်သည် ရေဆင်းဧရိယာကြီးမားကျယ်ပြန့်ပြီး အလျား ၁၀၆ မိုင်ကျော် ရှည်လျားပြီး ကျောက်ဆည်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာအနီး ပန်းလောင်မြစ်အတွင်းကို စီးဝင်ပြီး မြစ်ငယ်မြစ် (ဒုဌဝတီမြစ်) နှင့် ဆက်လက်ပေါင်းဆုံ၍ ဧရာဝတီ မြစ်ထဲကို စီးဝင်လျက်ရှိပါကြောင်း၊ စမုံမြစ်၏ ရေဆင်းဧရိယာအတွင်း စီးဝင်ရေများကို လိုအပ်သလို ထိန်းညှိသိုလှောင်ပြီး စိုက်ပျိုးရေ၊ သောက်သုံးရေပေးဝေနိုင်ရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချ ရေးစီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့်ဒေသအတွင်း တည်ဆောက်ထိန်းသိမ်းထားသည့် ရေလှောင်တမံ၊ ဆည်/ကန် ၁၆ ခုရှိပါကြောင်း၊ စမုံမြစ်မှ နှစ်စဉ်ပျမ်းမျှစီးဝင်ရေပမာဏ၏ ၇၀ ရာခိုင်နှုန်းခန့်ကို ထိန်းညှိ သိုလှောင်ပေးနိုင်အောင် ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ ယခုလို စမုံမြစ်၏စီးဝင်ရေများကို ထိန်းညှိသိုလှောင် ပေးလျက်ရှိသော်လည်း မိုးရာသီကာလတွင် ပိုလျှံသည့်စီးဝင်ရေများသည် ပန်းလောင်မြစ်၊ မြစ်ငယ်မြစ်နှင့် ဧရာဝတီမြစ်တို့၏ မြစ်ရေများ မြင့်တက်ချိန်တွင် ရေထောက်ပြီး ကောင်းစွာ စီးထွက်နိုင်မှုမရှိသည့် အတွက်ကြောင့်လည်းကောင်း၊ စမုံမြစ်တွင် သဲနုန်းများပို့ချ တိမ်ကောပြီး ရေစီးကြောင်းကောက်ကွေ့လျက်ရှိသည့် အတွက်လည်းကောင်း စမုံမြစ်ကမ်းဘေး တစ်လျှောက်ရှိဒေသများ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေရခြင်း အခြေအနေဖြစ်ပါကြောင်း၊
ပန်းလောင်မြစ်သည် ရှမ်းပြည်နယ် (တောင်ပိုင်း) မှ မြစ်ဖျားခံစီးဆင်းလာပြီး စုစုပေါင်းအလျားမိုင် ၁၂၀ ခန့်ရှည်လျားမှုနှင့်အတူ ရေဆင်းဧရိယာကြီးမား ကျယ်ပြန့်ပါကြောင်း၊ ကျောက်ဆည်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာ၏ အောက်ဘက်မိုင် ၂၀ ခန့်အကွာတွင် မြစ်ငယ်မြစ်နှင့်ပေါင်းပြီး ဧရာဝတီ မြစ်အတွင်းသို့ စီးဝင်လျက်ရှိပါကြောင်း၊ ပန်းလောင်မြစ်၏ ရေဆင်းဧရိယာအတွင်း စီးဝင်ရေများကို လိုအပ်သလို ထိန်းညှိသိုလှောင်ပြီး စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် ပန်းလောင်မြစ်ပေါ် ကင်းတား ရေလှောင်တမံနှင့် ရေလွှဲဆည်သုံးခုကို တည်ဆောက်ထိန်းသိမ်းထားပါကြောင်း၊ မိုးရာသီကာလတွင် ကင်းတားရေလှောင်တမံ၏ အထက်ဘက်က စီးဝင်ရေများကို ထိန်းညှိသိုလှောင် ပေးနိုင်သော်လည်း တမံအောက်ဘက် ရေဆင်းဧရိယာအတွင်း အရှေ့ဘက်ရှမ်းကုန်းမြေမြင့်မှ စီးဝင်သည့်ရေများသည် မြစ်ငယ်မြစ်နှင့် ဧရာဝတီမြစ်၏ မြစ်ရေများမြင့်တက်နေချိန်တွင် ရေထောက်ပြီး ကောင်းစွာစီးထွက်နိုင်မှု မရှိသည့် အတွက်ကြောင့်လည်းကောင်း၊ ပန်းလောင်မြစ်တွင် သဲနုန်းများပို့ချ၍ တိမ်ကောနေခြင်းကြောင့် လည်းကောင်း ပန်းလောင်မြစ်ကမ်းဘေးရှိ မြစ်သားမြို့နယ်၊ ဘူတာရပ်ကွက်နှင့် ယွေး၊ ကျွန်းလှ၊ ကျွဲဆွဲကျေးရွာ ၎င်းကျေးရွာများတွင် ရေကြီးရေလျှံမှုဒဏ်ခံနေရမှုအပြင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ အုန်းလက်ကောက်၊ ဝန်ပတေ့ကျေးရွာများ၊ တံတားဦးမြို့နယ်တွင်ရှိသည့် အုတ်ကျွတ်ဖိုလ်ကျေးရွာများသည်လည်း ကမ်းပြိုကမ်းစားမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် သာစည်မြို့နယ်အတွင်းရှိ စမုံမြစ်ဘေးမှကျေးရွာများ ရေကြီးနစ်မြုပ်မှု လျော့ပါး သက်သာရန် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် မောင်းတိုင်ချောင်းသဲနုန်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပန်းလောင်မြစ်ရေကြီးရေလျှံမှု လျော့ပါးရန်အတွက် မြစ်သားမြို့နယ်အတွင်းရှိ ပေါက်ချောင်းသဲထုတ် ရေတံခါးအထက်ဘက်တွင် သဲသောင်ခုံများ တူးဖော်ဖယ်ရှားခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မြစ်သားမြို့နယ်၊ မြင်းရွာကြီးရွာအောက်ဘက် ပန်းလောင်မြစ်ကမ်းပြိုမှု ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ကမ်းထိန်းတန်းအလျားပေ ၁၀၀ ခန့်ကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအနေဖြင့်လည်း ပန်းလောင်မြစ်ကမ်းပြိုမှု ကာကွယ်ရန်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စဉ့်ကိုင်မြို့နယ်၊ အုန်းလက်ကောက်ကျေးရွာတွင် Steel Basket အခြေပြု ကျောက်စီတမံအလျား ၄၂၀ ပေကိုလည်းကောင်း၊ ဝန်ပတေ့ကျေးရွာတွင် Steel Basket အခြေပြု ကျောက်စီတမံအလျား ၄၇၅ ပေကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့သည့်အပြင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်များတွင် တံတားဦးမြို့နယ်၊ အုတ်ကျွတ်ဖိုလ်ကျေးရွာ Steel Basket အခြေပြု ကျောက်စီတမံအလျားပေ ၅၀၀ နှင့် Bored Pile အခြေပြု ကျောက်စီတမံ အလျားပေ ၄၃၀ ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မြစ်သားမြို့နယ် စမုံမြစ်နှင့်ပန်းလောင်မြစ်ဘေးရှိ ကျေးရွာများ နောင်တွင် ရေကြီးရေလျှံမှု၊ ရေဘေးသင့်မှုမှ ကင်းဝေးစေရေးနှင့် ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယင်းမြစ်များကို လုံလောက်သည့် မြစ်အကျယ်နှင့် အနက်ရရှိရေးဆောင်ရွက်ရန် လိုအပ်သည့် နေရာများတွင် မြစ်ကွေး ဖြတ်ဖောက်ခြင်းများ ဆောင်ရွက်ရန် လိုအပ်သည့် နေရာများတွင်လည်း တာပေါင် (Dyke) များ ဆောင်ရွက်ရန်နှင့် ကမ်းပြိုမှုမဖြစ်ပေါ်စေရေးအတွက် မြစ်ကွေးများ၏ အပြင်ဘက် (Outer Bend) တွင် ကမ်းထိန်းတမံများ တည်ဆောက်ရန် စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများအတွက် အသေးစိတ်လေ့လာမှု လုပ်ငန်းနှင့် တိုင်းတာရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယခုလို မြစ်ကြောင်းပြုပြင်ခြင်း၊ ဖြတ်ဖောက်ခြင်းများနှင့် စပ်လျဉ်းပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့်လည်း မြေယာလျော်ကြေးကိစ္စများ၊ မြို့ရွာများနှင့် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စများရှိလာမည် ဖြစ်သည့်အတွက်ကြောင့် အသေးစိတ် စူးစမ်းလေ့လာမှု လုပ်ငန်းများကို ဆောင်ရွက်သင့်ကြောင်းကိုလည်း သုံးသပ်ဖြေကြား ထားပါကြောင်း၊ အထက်ဖော်ပြပါ လုပ်ငန်းစဉ်များသည် ကြီးမားကျယ်ပြန့်ခြင်းကြောင့် ဘက်ပေါင်းစုံက သုံးသပ်ပြီး အဆင့်လိုက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကနဦးစူးစမ်းမှုဖြစ်သည့် မြေယာလျော်ကြေးနှင့် ဒေသခံပြည်သူများ၏ သဘောဆန္ဒကောက်ယူခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ယခု ၂၀၁၈ ခုနှစ် ပွင့်လင်းရာသီတွင် ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းစီမံထားပြီး ဖြစ်ပါကြောင်း၊ ရရှိလာသည့် ကနဦးစူးစမ်းလေ့လာမှုအပေါ် အခြေခံပြီး အသေးစိတ် လေ့လာတွက်ချက်မှုများအရ လိုအပ်သည့်ရန်ပုံငွေကို တင်ပြတောင်းခံပြီး အကောင်းအထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ရေကြီးနစ်မြုပ်မှု ဘေးအန္တရာယ်ကျရောက်မည်ဆိုလျှင် ကူညီဆောင်ရွက်မှုများ လျင်မြန်စွာပြုလုပ်စေလိုမှုနဲ့စပ်လျဉ်းပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးမှု များအတွက် လတ်တလောအထောက်အပံ့ ဖြစ်စေမည့်ပစ္စည်းများကို အနည်းဆုံးပစ္စည်းလေးမျိုးမှ ၂၂ မျိုးအထိ ထောက်ပံ့ပေးပါကြောင်း၊ နေအိမ်ပျက်စီးမှု၊ ဘာသာရေးအဆောက်အဦပျက်စီးမှုများ၊ စားနပ် ရိက္ခာနှင့် ရိက္ခာဖိုးငွေများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မြေပြို၊ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ရသည့် နေအိမ်များအတွက် ပြောင်းရွှေ့စရိတ်အဖြစ် ငွေကျပ်တစ်သိန်းနှုန်း ထောက်ပံ့ပေးခြင်းကိုလည်း စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မိုးရာသီအတွင်း မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် အပါအဝင် မြို့နယ်ကိုးမြို့နယ် ရေဘေးသင့်အိမ်ထောင်စု ၅၉၅၅ စုအတွက် အရေးပေါ်အစားအစာ၊ ရိက္ခာနှင့်ငွေသား ထောက်ပံ့ငွေ စုစုပေါင်းတန်ဖိုးကျပ် ၇၀၁ သိန်းခန့် ထောက်ပံ့ပေးခဲ့သည့်အပြင် သဘာဝဘေးဒဏ်မှ ကြံ့ကြံ့ခံနိုင်ပြီး ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားသည့် ပြည်သူများဖြစ်စေရန်အတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းများလည်း ဖွင့်လှစ်ပို့ချပေးလျက် ရှိပါကြောင်း၊ အသိပညာပေး ဆွေးနွေးပွဲများနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းကိုလည်း စီမံ ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ရေကြီးရေလျှံမှုဒဏ်ခံစားရသော ပြည်သူများအတွက် ဖြစ်စဉ်ဖြစ်ပေါ်သည့် အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ကူညီရေး အစီအစဉ်များ ဆောင်ရွက် ပေးမှုနှင့်အတူ ရေးဘေးသင့် ကာလကြာမြင့်၍ နေရာရွှေ့ပြောင်း နေထိုင်ရမှုကြောင့် ဆက်စပ်ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားဆိုင်ရာ ထိခိုက်မှုများအပေါ်လည်း ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လူမှုစီးပွားပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့်မေးခွန်းအပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြား ချက်များနှင့်အတူ ရှင်းလင်းဖြေကြားပါသည်။
