လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်းနှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ကြယ်ပွင့်ပြမေးခွန်းအား ဖတ်ကြားတင်ပြခွင့်ပြုပါရန် လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျား။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်တွင် နေထိုင်ကြသော လုပ်သားပြည်သူများသည် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန အော်တိုတယ်လီဖုန်း အလုံး ၆၀၀ ကျော်နှင့် GSM ၊ CDMA များ ငှားရမ်းအသုံးပြုလျက်ရှိပါ တယ်။ ငှားရမ်းသုံးစွဲခများအား လစဉ် အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်များရှိ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနများသို့ သွားရောက်ပေးဆောင်ရပါတယ်။ မင်္ဂလာဒုံ မြို့နယ်တွင် Phone Bill ပေးဆောင်နိုင်သော ရုံးတစ်ရုံးဖွင့်လှစ်ပေးပါက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဖုန်း ငှားရမ်းသုံးစွဲသူပြည်သူများ အချိန်တိုအတွင်း သက်သာစွာ Phone Bill များ ပေးဆောင်နိုင်မည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မင်္ဂလာဒုံမြို့နယ်တွင် Phone Bill ပေးဆောင်နိုင်သော ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ရုံးတစ်ရုံးဖွင့်လှစ်ပေးပါရန် အောက်ပါကြယ်ပွင့်ပြ မေးခွန်းများ အား မေးမြန်းအပ်ပါတယ် -
(၁) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် Phone Bill ဆောင်နိုင်သော ဆက်သွယ် ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ရုံးတစ်ရုံးဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ။
(၂) အစီအစဉ်ရှိပါက မည်သည့်အချိန်၊ မည်သည့်ကာလတွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါ သည်နှင့် မေးမြန်းထားပါသည်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည်စုံကြပါစေ။ ကျွန်တော့်အနေနဲ့ ဦးတင်မောင်ဝင်းမေးသွားတဲ့မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ဆက်လက်ဖြေကြားသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှာ တပ်ဆင်ထားတဲ့ အော်တိုတယ်လီဖုန်း ၁၈၀၀၀၀ ကျော်၊ မိုဘိုင်းတယ်လီဖုန်း ၂၈၀၀၀၀ ကျော်တို့ အတွက် လစဉ်ထွက်ရှိတဲ့အခွန်ငွေတွေကို ခုနဦးတင်မောင်ဝင်း တင်ပြသွားတဲ့အတိုင်းပဲ ပန်းဘဲတန်း စာတိုက်ကြီး၊ တာမွေ၊ သင်္ဃန်းကျွန်း၊ အလုံ၊ လှိုင်၊ မရမ်းကုန်း၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ ပုဇွန်တောင်စတဲ့ ဒေသတွေမှာ ငွေလဲလက်ခံစခန်းများထားပြီးတော့ သုံးစွဲသူတွေရဲ့ ငွေပေးသွင်းခြင်းကို လက်ခံ ဆောင်ရွက်ပေးပါတယ်။ အဲဒီလို ဆောင်ရွက်နေရာကနေပြီးတော့ ကန့်သတ်ချက်တွေရှိတဲ့အတွက် အခက်အခဲများရှိတဲ့အတွက် တယ်လီဖုန်းအခွန်ငွေတွေကို ပြည်သူတွေ လွယ်ကူဖို့ အဆင်ပြေချောမွေ့ စွာ ပေးချေနိုင်ဖို့အတွက် ကျွန်တော်တို့ပုဂ္ဂလိက အော်တိုတယ်လီဖုန်းလိုင်းတွေနဲ့ မိုဘိုင်းဖုန်းတွေရဲ့ အခွန်ငွေတွေကို ရတနာပုံ Web portal ကတစ်ဆင့် Online Billing Payment System အသုံးပြုပြီးတော့ မြန်မာ့စီးပွားရေးဘဏ်နှင့် အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်မှတစ်ဆင့် ငွေလက်ခံတဲ့ စနစ်နဲ့ Online Billing Payment System ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ User အသုံးပြုသူ ၉၀၀၀၊ ၁၀၀၀၀ ခန့် ရောက်ရှိနေပြီဖြစ်ပါတယ်။ ဆက်လက်ပြီး တော့လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အော်တိုတယ်လီဖုန်းတွေရော၊ မိုဘိုင်းဖုန်းတွေ ရောကိုပါကြိုတင်ငွေပေးစနစ် Postpaid System ကနေပြီးတော့မှ Prepaid System ကို ပြောင်းလဲ ဆောင်ရွက်ဖို့ ကျွန်တော်တို့ Try လုပ်နေတာဖြစ်ပါတယ်။ ငွေကြေးကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့ ဟာ ပိုပြီးတော့ လုံခြုံမှုဆိုင်ရာစီမံခန့်ခွဲမှုကို သေချာစေရန် ဆောင်ရွက်နေတာဖြစ်ပါတယ်။ စမ်းသပ်ပြီး တော့ ဆောင်ရွက်လျက်ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် ကျွန်တော်တို့ဟာ မတ်လဆန်းမှာ ကျွန်တော်တို့ Postpaid တွေကို Prepaid အဖြစ်ပြောင်းလဲပြီးတော့ ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။ ဒါကြောင့် တယ်လီဖုန်းသုံးစွဲသူများအနေဖြင့် နောင်မှာဆိုလို့ ရှိရင် အဲဒီလို ကျွန်တော်တို့ သွားရောက်ပြီးတော့ ငွေလက်ခံတဲ့ဌာနတွေမှာ သွားပေးစရာမလိုဘဲနဲ့ တယ်လီဖုန်းသုံးစွဲသူတွေအနေနဲ့မိမိနေထိုင်ရာ မြို့နယ်နဲ့အနီးစပ်ဆုံးနေရာကနေပြီးတော့ ငွေဖြည့်ကတ် များ ရောင်းချရာနေရာများမှာ လွယ်ကူစွာဝယ်ယူပြီးတော့ ကျွန်တော်တို့ Postpaid တွေကို Prepaid အဖြစ် ပြောင်းလဲသုံးစွဲသွားနိုင် မည်ဖြစ်ကြောင်း ဖြေကြားထားပါသည်။
