(င) အားကစားကွင်းအဆင့်မြှင့်တင်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၁၅.၂.၂၀၁၂)

မင်္ဂလာအပေါင်းနှင့်ပြည်‌့စုံခညောင်းပါတဲ့အချိန် အခါသမယမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြား ထားတဲ့ဧည်‌့သည်တော်များအားလုံး ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေလို့ ကျွန်တော် ဦးစိုင်းထွန်းစိန်၊ မိုင်းပြင်းမဲဆန္ဒနယ်မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော့်အနေနဲ့ အားကစားကဏ္ဍတိုးတက်မြင့်မားရေးနှင့်ပတ်သက်ပြီး မေးခွန်းတစ်ခုကို တင်ပြ မေးမြန်းလိုပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ အားကစားဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ အားကစားကွင်းတစ်ကွင်းရှိပါတယ်။ အကျယ်အားဖြင့် ၃.၀၉၆ ဧကရှိပါတယ်။ အဲ့ဒီအားကစားကွင်းကို အမှီပြုပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအားကစားပွဲများကိုလည်းကောင်း၊ ကျောင်းသူကျောင်းသားများရဲ့ စုပေါင်းအားကစားပွဲများမှာသော်လည်းကောင်း၊ မြို့နယ်လုံးကျွတ်အားကစားပွဲအပြင် တပ်ရင်း/တပ်ဖွဲ့ များ စုပေါင်းပါဝင်တဲ့အားကစားပွဲမှာ အဲ့ဒီအားကစားကွင်းကိုအားကိုးအားထားပြုပြီး ဆောင်ရွက်ရတဲ့ အနေအထားမှာရှိပါတယ်။ မြို့နယ်အားကစားကွင်းက အချိန်ကြာမြင့်စွာတည်ရှိလာပြီး ကွင်းထိန်းရန် အခက်အခဲရှိနေပါတယ်။ နောက်ပွဲကြည်‌့စင်လည်းမရှိပါဘူး။ ခြံစည်းရိုးလုံခြုံကာရံမှုမရှိတဲ့အတွက် ကျွဲနွားများရဲ့စားကျက်မြေလိုဖြစ်တဲ့အခါ ကျွန်တော်တို့ကစားတဲ့အခါတိုင်းမှာ အဲ့ဒီကွင်းကိုပြုပြင်ရတဲ့ စရိတ်ကအင်မတန်မှကြီးမားများပြားလှပါတယ်။ ကျွန်တော်တို့မြို့နယ်ဟာ ဘောလုံးပြိုင်ပွဲကိုအင်မတန် မှအလေးပေးအားပေးတဲ့မြို့နယ်ဖြစ်ပါတယ်။ ဘောလုံးပွဲကျင်းပတဲ့အခါမှာမြို့နယ်လုံးကျွတ်လူကြီးသူမ ပါမကျန် အုန်းအုန်းကျွက်ကျွက်နဲ့အင်မတန်မှစည်ကားတဲ့ပွဲကြီးပမာ ကျွန်တော်တို့မြို့နယ်ဟာအားကစား ကို အင်မတန်မှစိတ်ပါဝင်စားပြီး အားပေးတဲ့မြို့နယ်လေး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူ့အသံကို နာခံပြီး ပြည်သူရဲ့တင်ပြချက်အရ ကျွန်တော်တို့မြို့နယ်ရဲ့ အားကစားကွင်းကို အဆင့်မြှင့်တင်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိရင်မည်သည့်အချိန်မှာဆောင်ရွက်ပေးနိုင်မယ်။ အစီအစဉ်မရှိဘူးဆိုလို့ ရှိရင်လည်း ကျွန်တော်တို့ ပြည်‌သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ စွမ်းဆောင်မှုကို မည်ကဲ့သို့ကြိုပမ်းဆောင်ရွက်ပေးရမယ်ဆိုတာကိုသိချင်တဲ့အတွက် မေးမြန်းတင်ပြ ရခြင်းဖြစ်ကြောင်းမေးမြန်းထားပါသည်။

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး မင်္ဂလာအပေါင်းနှင့်ပြည်‌့စုံပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်ဆတ်ခရိုင် မိုင်းပြင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်မှ ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မိုင်းပြင်းမြို့နယ်အားကစားကွင်း ပတ်လည်၌ အုတ်တံတိုင်းကာရံမှုမရှိခြင်းကြောင့် ကွင်းထိန်းရန်ခက်ခဲပြီး အားကစားမြေများပျက်စီးမှု ရှိခြင်း၊ ပွဲကြည့်စင်မရှိ၍အားကစားပြိုင်ပွဲများကျင်းပသောအခါ တိုးဝှေ့ကြည်‌့ရှုရသဖြင့် မလိုလား အပ်သောပြဿနာများဖြစ်ပေါ်နိုင်ခြင်း၊ အားကစားကွင်းများခေတ်မမီခြင်းတို့ကြောင့် မိုင်းပြင်းမြို့ အားကစားကွင်းကိုအဆင့်မြှင့်တင်ပေးမည့်အစီအစဉ်ရှိ၊ မရှိကြယ်ပွင့်ပြမေးခွန်းအားတင်သွင်းလာခြင်း နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ နေပြည်တော်မှာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့အားကစားကွင်း၊ အားကစားရုံများနှင့် အားကစားရွာများကိုတည်ဆောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်နဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဦးစားပေးဆောင်ရွက်နေရပါတယ်။ ဒါကြောင့်မို့လို့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင် မိုင်းပြင်းမြို့ အားကစားကွင်းကို အဆင့်မြှင့်ပြုပြင်ပေးနိုင်ရေးကိစ္စအား ယခုလက်ရှိဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးနိုင်ခြင်းမရှိဘဲ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲပြီးစီးသည့်အချိန်မှသာ စိစစ် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားရှင်းလင်းဖြေကြားထားပါသည်။