(ခ) မြို့ပြ၊ ကျေးလက်အလုပ်လက်မဲ့ပြဿနာနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၁၅.၂.၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ကြွရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်ကတော့ မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥက္ကဋ္ဌကြီးရဲ့ခွင့်ပြုချက်အရ မြို့ပြ၊ ကျေးလက်အလုပ်လက်မဲ့ပြဿနာနဲ့ပတ်သက်တဲ့ မေးခွန်းကို မေးမြန်းမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ နိုင်ငံတော်တွင် မြို့ပြရော ကျေးလက်မှာပါ ဘွဲ့ရများအပါအဝင် အလုပ်လက်မဲ့လူငယ်လူရွယ်များ အထူးများပြားလျက်ရှိပါတယ်။ မြို့ပေါ်တွင် အလုပ်လက်မဲ့လူငယ်အများစုမှာ လက်ဖက်ရည်ဆိုင်များ၊ အရက်ဆိုင်များ၊ ဘိလိယက်ခုံများ၊ ဘောလုံး လောင်းကစားမှုများတွင် အချိန်ကုန်နစ်မြုပ်နေပြီး လေလွင့်လျက်ရှိကြပါသည်။ ၎င်းတို့ထဲတွင် တချို့ မှာ ကိုယ်စွမ်းကိုယ်စဖြင့် အလုပ်အကိုင်လုပ်လိုကြသော်လည်း အလုပ်ရရှိရန် အလွန်ခက်ခဲသဖြင့် များစွာအခက်ကြုံတွေ့နေကြရပါသည်။ ကျေးရွာများတွင်လည်း ဆင်းရဲမွဲတေမှုလျှော့ချရန် ကျေးလက် နေပြည်သူတို့ကို အဓိကထားပြီး အသေးစားချေးငွေထုတ်ချေးခြင်း (Micro Credit Loan) များ တွင်ကျယ်လျက်ရှိပါသည်။ သို့ရာတွင် ငွေချေးခြင်းနှင့် အလုပ်အကိုင်ရရှိရေး တစ်ဆက်တစ်စပ်တည်း ဖန်တီးနိုင်မှုအားနည်းနေ၍ ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးငှားပေးသော်လည်း အကျိုးကျေးဇူးရရှိမှုတို့ ကျေနပ်လောက်ဖွယ်မရှိဘဲ အောင်မြင်မှုနည်းပါးသည်ကို တွေ့မြင်ရပါသည်။ ငွေချေးခြင်းကို အိမ်ထောင်စုတစ်ခုချင်းစီကို တိုက်ရိုက်ချေးငှားခြင်းထက် ကျေးရွာအုပ်စုအလိုက် ကော်မတီများဖွဲ့၍ ၎င်းကော်မတီတို့မှကြီးကြပ်ပြီး ကျေးရွာလှည့်ပတ်ရန်ပုံငွေ (Rewording Fund ) ထူထောင်၍ ချေးပေးခြင်းသည် ပို၍အကျိုးများကြောင်း NGO အသင်းများ၏ လက်တွေ့လုပ်ဆောင်မှုအရ သိရှိရပါသည်။ အောက်ပါမေးခွန်းကို မေးမြန်းမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁ ပါ နိုင်ငံတော်သည် ပြည်သူများအလုပ်လက်မဲ့နည်းပါးစေရန် တတ်နိုင်သမျှကူညီဆောင်ရွက်ရမည်ဟု ပါရှိသည်နှင့်အညီ နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ (Human Resources) နစ်နာဆုံးရှုံးနေကြရသည်။ နိုင်ငံတော်အတွက် နာတာရှည်ရောဂါဆိုးကြီးသဖွယ်ဖြစ်နေသော မြို့ပြ၊ ကျေးလက်အလုပ်လက်မဲ့ပြဿနာကို လျော့ကျသက်သာရာရောက်အောင် နိုင်ငံတော်အနေနှင့် မည်သို့စီမံဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုပါကြောင်း လေးစားစွာ မေးမြန်းထားပါသည်။

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အားလုံးမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ကျွန်တော် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း တင်ပြခဲ့တဲ့ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းပြီးတော့ ပြန်လည်ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် လုပ်သားဈေးကွက်ဟာ အက္ခရာကျပါတယ်။ ဒီလုပ်သားဈေးကွက်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်းပဲ အချိန် နှင့်တစ်ပြေးညီရရှိအောင် ဆောင်ရွက်လျက်ရှိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အလုပ်ရှာ ဖွေသူများချိတ်ဆက်ပေးတဲ့ နည်းဗျူဟာများကိုလည်း ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိနေပါတယ်။ အလုပ်အကိုင်အမျိုးအစားသစ်တွေ ပေါ်ထွန်းလာစေဖို့အတွက် တွန်းအားပေးဆောင်ရွက်လျက်လည်း ရှိပါတယ်။ ပြည်ပလုပ်သားဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများတိုးပွား လာစေပြီးတော့ ပြည်တွင်းအလုပ်အကိုင်ဈေးကွက် ပေါ်ထွန်းလာစေဖို့၊ အလုပ်ရှာဖွေပေးသူများကို လိုအပ်တဲ့ ကျွမ်းကျင်မှုအဆင့်တွေမြှင့်တင်ပေးခြင်းအားဖြင့် အလုပ်ဝင်ရောက်မှု ချောမွေ့စေဖို့အတွက် လည်းပဲ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ နိုင်ငံတော်မှ အထူးစီးပွားရေးဇုန်များ ထူထောင်ပေးခြင်း၊ နှစ်တိုနှစ်ရှည်စီမံကိန်းများဖြင့် အခြေခံအဆောက်အအုံများကို အားဖြည့်ပေးခြင်း၊ စက်မှုဇုန် ၁၈ ဇုန်အပြင် ကျေးလက်ဒေသများမှာ စက်မှုနယ်မြေများ ထူထောင်ပေးရန်ရှိခြင်း၊ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကုန်တိုက်ကြီးများကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်းကြီးများ တိုးတက်များပြားလာတဲ့ အတွက်လည်းပဲ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပါကြောင်း တင်ပြအပ်ပါတယ်။ Statistical Yearbook for Asia and the Pacific 2011 အရ အလုပ်လက်မဲ့နှုန်းထားမှာ အာဆီယံနိုင်ငံတွေအားလုံးမှာ ပျမ်းမျှခြင်းအားဖြင့် ၅.၂ ရာခိုင်နှုန်း၊ တစ်ကမ္ဘာလုံးမှာ ပျမ်းမျှခြင်းအား ဖြင့် ၆.၃ ရာခိုင်နှုန်းရှိနေကြောင်း သိရှိရပြီးတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အလုပ် လက်မဲ့နှုန်း ၄ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါတယ်။ ပြည်ပလုပ်သားဈေးကွက်များတွင် မြန်မာလုပ်သား ၃ သန်းခန့် သွားရောက် အလုပ်လုပ်ကိုင်နေပါသဖြင့် ပြည်တွင်းအလုပ်အကိုင် အခွင်‌့အလမ်း တချို့ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်းကို တွေ့ရှိရပါတယ်။ ပြည်ပနိုင်ငံများသို့ ယခင်ကအမျိုးသားများကိုသာ စေလွှတ်ခဲ့ရာက ယခုအခါ အမျိုးသမီးများကိုလည်းပဲ လုံခြုံစိတ်ချရတဲ့အလုပ်ဌာနများသို့ စေလွှတ်ဖို့ ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ အလုပ်ရှာဖွေသူများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို Labour Exchange Office တွေကတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိုင်ငံတော်အနေဖြင့် ပြည်ပမှာ တရားဝင်အလုပ်လုပ်ကိုင်သူများကို မော်တော်ယာဉ်တင်သွင်းခွင့်ပေးခြင်း၊ ဝင်ငွေခွန်ပေး ဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း စသည့်ဖြေလျှော့ပေးမှုများကလည်းပဲ အလုပ် လုပ်နေသူများအတွက် အခွင့် အလမ်းကောင်းများပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတိုးတက်ပြုပြင် ပြောင်းလဲဖြစ်ပေါ်လာမှုများအရ မကြာမီက မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုနှင့် EU တို့ရဲ့ ပိတ်ပင်တားဆီးမှုများမှအချို့ကို ပြန်လည်သုံးသပ်လျှော့ပေါ့ပေးမှုများ ရှိခဲ့ရာ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အကူအညီများရရှိလာနိုင်တော့မှာ ဖြစ်ပါတယ်။ ထိုအခြေအနေများနဲ့ တစ်ဆက် တစ်စပ်တည်းပဲ အနာဂတ်ကာလမှာလည်းပဲ ပိတ်ပင်တားဆီးမှုများ ဆက်လက်လျော့ပါးလာနိုင်တဲ့ အလားအလာများရှိနေတဲ့အတွက် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီမြှုပ်နှံမှုများတိုးပွားလာနိုင်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းများလည်းပဲ တိုးတက်ဖြစ်ပေါ်လာနိုင်ပါသဖြင့် မြို့ပြနှင့်ကျေးလက် အလုပ်လက်မဲ့ပြဿနာသည်လည်း လျှော့ကျသက်သာလာနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ထားပါသည်။