(က) တ‌ကောင်းမြို့ဘက်သို့သွားသောဂိတ်အား မိုးကုတ်သွားသောလမ်းအဝသို့ ရွှေ့ပြောင်းပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့မှတ်တမ်း (၂၅-၄-၂၀၁၂ )

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အားလုံး ကျန်းမာဂတိ ချမ်းသာစွာရှိပြီးတော့ နိုင်ငံတော်အကျိုး၊ ပြည်သူများရဲ့အကျိုး ဆတက်ထမ်းပိုးသယ်ပိုးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း ဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။ ကျွန်တော် မေးခွန်းတစ်ခုမေးလိုပါတယ်။ အဲ့ဒါကတော့  “ မြန်မာအစ တကောင်းက ’’ ဟူ၍ လူတိုင်းသိနေတဲ့ ရှေးဟောင်းတကောင်းမြို့ဟောင်းကြီးဟာ ငါးကြင်းမီးခုံမြို့ရိုး အနော်ရထာမင်းကြီးရဲ့ ၄၃ မြို့ရိုးထဲမှာ တစ်မြို့အပါအဝင်ဖြစ်တဲ့ တကောင်းမြို့ရိုး အဲ့ဒီမြို့ရိုးနှစ်ခုကို ပတ်ထားတဲ့ မြို့ရိုးကြီးရှိပါတယ်။ အဲ့ဒါအပြင် တစ်နေရာထဲမှာ ပျူအထိမ်းအမှတ်တွေ ပါတဲ့ ပျူအိုး ၆၁ လုံးလည်းရှိပါတယ်။ နောက် ရှေးဟောင်းစေတီပုထိုးများနှင့် အုတ်အုန်းမောင်း ဟာလည်း ၆၀ ကျော်ရှိပါတယ်။ နောက်တစ်ခုက ရှေးဟောင်းသုတေသနဌာနမှာ ငွေကုန်ကြေးကျ မြောက်မြားစွာခံပြီး ရှေးဟောင်းပြတိုက်ကြီးတစ်ခု တည်ဆောက်ထားတာ လေ့လာစရာတွေ အများကြီး ရှိပါတယ်။ အဲ့ဒီတော့ ဒါတင်မကဘူး။ ကျွန်တော်တို့ ဥတ္တရယာဉ်စွန်းတန်းဟာလည်း တကောင်းမြို့ကို ဖြတ်သန်းသွားပါတယ်။ အဲ့ဒါကြောင့် ကမ္ဘာလှည့်ခရီးသည်များက စိတ်ဝင်စားကြပါတယ်။ သွားရောက် လေ့လာလိုကြပါတယ်။ ဒါပေမယ့် မိုးကုတ်ကိုသွားဖို့ နိုင်ငံခြားသားများကို ခွင့်မပြုပါဘူး။ တားမြစ် ထားတဲ့ဂိတ်တစ်ခုရှိပါတယ်။ အဲ့ဒီဂိတ်က ကျွန်တော်တို့ Yပုံ မြန်မာလိုဆိုရင် လောက်လေးခွပုံ အရင်းမှာ ပိတ်ထားတဲ့အတွက် နိုင်ငံခြားသားများ Package Tour တွေ၊ FID  တွေသွားဖို့ အခက်အခဲ ရှိပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီဂိတ်ကလေးကို ပေ ၁၀၀ လောက်ပဲဝေးတဲ့နေရာပေါ့။ အဲ့ဒီနေရာက မိုးကုတ်ဘက်ကို မသွားစေချင်တာပေါ့။ မိုးကုတ်ဘက်သွားမယ့်နေရာ အဝလေးမှာ ဂိတ်ကိုရွှေ့ပေးဖို့ ပေ ၁၀၀ ပဲကွာပါတယ်။ အဲဒါလေးကို ကျွန်တော် မေးခွန်းမေးလိုတာကတော့ အဆိုပါဂိတ်အား လက်ရှိနေရာမှ ပေ ၁၀၀ ခန့်ဝေးသော မိုးကုတ်သွားလမ်းဘေးအဝတွင် ရွှေ့ပြောင်းပေးနိုင်ခြင်းရှိ၊မရှိ နှင့် ရှိပါက မည်သည့်အချိန်တွင် ရွှေ့ပြောင်းပေးနိုင်ပါမည်ကို သိရှိလိုပါကြောင်း လေးစားစွာ မေးမြန်း ထားပါသည် ။

 

ဖြေကြားသူ
ဦးကျော်ကျော်ဝင်း ဒုတိယဝန်ကြီး
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်     ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ပဏာမဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြိုင်ရဲ့မေးခွန်းနှင့်ပတ်သက်ပြီး ကျွန်တော်မှ ဖြေကြားရှင်းလင်းသွားမှာဖြစ်ပါတယ်။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တကောင်းမြို့ဟောင်းသည် မန္တလေးမြို့နှင့် ကားလမ်းမိုင် ၁၂၃ မိုင် ၅ ဖာလုံခန့်၊ ရေလမ်းခရီး ၁၂၅ မိုင်ခန့်အကွာ မန္တလေး-ဗန်းမော် ကားလမ်းဘေး၌တည်ရှိပါတယ်။ မန္တလေးမြို့မှ တကောင်းသို့ မော်တော်ယာဉ်ဖြင့်သွားပါက စဉ့်ကူးမြို့နယ်၊ ရွှေဘိုမြို့နယ် ကျောက်မြောင်းကျေးရွာ၊ သပိတ်ကျင်းမြို့နယ် ကြာညှပ်ရွာများကို ဖြတ်သန်းသွားရပါတယ်။ မန္တလေးမြို့နယ်မှ သပိတ်ကျင်းမြို့အထိ ကားလမ်း ၁၂၃ မိုင် ၅ ဖာလုံအနက် ကတ္တရာလမ်း ၈၇ မိုင် ၃ ဖာလုံဖြစ်ပြီး ကျောက်ကြမ်းလမ်းမှာ ၃၆ မိုင် ၂ ဖာလုံဖြစ်ပါတယ်။ ယာဉ် သွားလာမှုနည်းပါးသောလမ်းဖြစ်ပါတယ်။ မန္တလေးမှ သပိတ်ကျင်းမြို့နယ် ဖော့တော့ကျေးရွာခန့်မှန်း မြေပုံညွှန်း KF-040319 ရှိ ဖော့တော့ဂိတ်သို့ ၇၅ မိုင် ၅ ဖာလုံ ကွာဝေးပြီး ဖော့တော့ကျေးရွာမှတစ်ဆင့် တကောင်းသို့လည်းကောင်း၊ မိုးကုတ်သို့လည်းကောင်း လမ်းခွဲ၍သွားရပါတယ်။ အဆိုပါ ဖော့တော့ နယ်မြေလုံခြုံရေးဂိတ်သည် လုံခြုံရေးလိုအပ်ချက်အရ Y ပုံသဏ္ဌာန်၏ လမ်းဆုံဖြစ်သဖြင့် အချက်အချာ ကျသောနေရာကို ရွေးချယ်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ထိုနေရာသည် တကောင်းမြို့ဘက်သွား သောလမ်းနှင့် မိုးကုတ်ဘက်သွားသောလမ်းအား ကောင်းစွာထိန်းသိမ်းနိုင်သည့် အနေအထားတွင် ရှိပါတယ်။ မိုးကုတ်ဒေသသည် ရတနာနယ်မြေဖြစ်သောကြောင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၀-၄-၁၉၉၆ ရက်စွဲဖြင့် ထုတ်ပြန်ထားသော နိုင်ငံခြားသားများ သွားလာရန်ကန့်သတ်ထားသည့် နယ်မြေဒေသ တစ်ခု ဖြစ်ပါတယ်။ မိုးကုတ်ဒေသသို့ သွားရောက်လိုပါက မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက်နှင့် ဆက်သွယ်၍လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန အစီအစဉ်ဖြင့် လည်းကောင်း၊ အခြားသောဆက်စပ်ပတ်သက်သည့် ဝန်ကြီးဌာနအစီအစဉ်ဖြင့်လည်းကောင်း ကြိုတင် ခွင့်ပြုချက်ရယူပြီး ခွင့်ပြုချက်ဖြင့်သွားလာခွင့်ရှိပါတယ်။ မိုးကုတ်ဒေသဆိုရာတွင် မတ္တရာအထက်ပိုင်း၊ သပိတ်ကျင်းမြို့နယ်(တကောင်းဒေသ)အပါအဝင်နှင့် မိုးကုတ်မြို့နယ်များပါဝင်ပါတယ်။
ဖော့တော့နယ်မြေလုံခြုံရေးဂိတ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၀-၄-၁၉၉၆ ရက်နေ့ ညွှန်ကြားချက်များထုတ်ပြန်ပြီးနောက်မှစ၍ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှဝန်ထမ်း ၂ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဝန်ထမ်း ၂ ဦး၊ ပေါင်း ၄ ဦးပါပူးပေါင်းအဖွဲ့ဖြင့် လုံခြုံရေး တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ဖော့တော့ဂိတ်သို့ဖြတ်သန်းဝင်ရောက်လာသော နိုင်ငံခြားသားများအား ကန့်သတ်နယ်မြေသို့ မသွားရောက်စေရန်အတွက် စနစ်တကျစိစစ်မှုပြုခဲ့ရာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ပါရှိသူများအား ၁-၁-၂၀၁၁ ရက်နေ့မှ ၂၉-၂-၂၀၁၂ ရက်နေ့အတွင်း မန္တလေးမြို့မှ မိုးကုတ်မြို့သို့ ၁၀၅၀ ဦး၊ မိုးကုတ်မြို့မှ မန္တလေးမြို့သို့ ၂၁၆၄ ဦးအား ဝင်/ထွက်မှုပြုခဲ့ ပေးပြီးဖြစ်ပါတယ်။ သို့ဖြစ်၍ ဖော့တော့စစ်ဆေးရေးဂိတ်သည် ဝင်လာသမျှလူအားလုံးကို တားမြစ် သောဂိတ်မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာန၏ တည်ဆဲကန့်သတ်နယ်မြေအမိန့်နှင့်အညီ တားမြစ်ထား သောနယ်မြေဧရိယာများသို့ သက်ဆိုင်ရာ၏ခွင့်ပြုချက်ဖြင့်သွားလာခြင်း ဟုတ်၊ မဟုတ်ကို ဖော့တော့ဂိတ် တာဝန်ကျဌာနစုံပူးပေါင်းအဖွဲ့ဝန်ထမ်းများမှစစ်ဆေးပြီး ခွင့်ပြုချက်ရှိပါက သွားလာခွင့်ပြုသည့်ဂိတ် ဖြစ်ပါတယ်။ လက်ရှိအခြေအနေတွင်လည်း ဖော့တော့စစ်ဆေးရေးဂိတ်မှ သပိတ်ကျင်းမြို့နယ်သို့ လည်းကောင်း၊ မိုးကုတ်မြို့နယ်သို့လည်းကောင်း၊ ကြိုတင်ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသားများကို စိစစ် ခွင့်ပြုပေးလျက်ရှိရာ အခက်အခဲတစ်စုံတစ်ရာမရှိကြောင်းသိရပါတယ်။ တိုင်းဒေသကြီးသို့ သဘောထား မှတ်ချက်တောင်းခံခဲ့ရာ လက်ရှိအတိုင်းအဆင်ပြေလျက်ရှိကြောင်း သဘောထားမှတ်ချက်ပေးခဲ့ပါတယ်။ လက်ရှိနေရာမှ ပေ ၁၀၀ ခန့်ဝေးသော မိုးကုတ်သွားလမ်းအဝသို့ပြောင်းရွှေ့ရန် လောလောဆယ် အစီအစဉ်မရှိသေးပါ။ သို့ရာတွင် တင်ပြချက်အား အလေးထားသောအားဖြင့် တကောင်းမြို့ဟောင်း အပေါ်စိတ်ဝင်စားမှု၊ တကောင်းပြုပြင်ပြီးစီးမှုစသည့် အခြေအနေများအပေါ်မူတည်၍ သင့်လျော်သည့် အချိန်၌ ဂိတ်နေရာပြောင်းရွှေ့ရေးကို ပြန်လည်စဉ်းစားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားထားပါသည် ။