(င)မီတာခနှုန်းနှင်‌့ လောင်စာဆီနှုန်းများမြှင့်တင်မှုကိုဝင်ငွေနည်းပါးသော အခြေခံလူတန်းစားများအတွက် ပြန်လည်ပြင်ဆင်ပေးနိုင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့မှတ်တမ်း (၁၂-၃-၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ကြွရောက်လာကြသော ပုဂ္ဂိုလ်အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ မီတာခနှုန်းထားများ၊ လောင်စာဆီဈေးနှုန်းများ တိုးမြှင့်ခြင်းကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ကျွန်တော့်အနေနဲ့ ပြည်သူ့လွှတ်တော်ကို ပြည်သူ့လွှတ်တော်အစည်းအဝေးများ စတင်မကျင်းပခင် ဒီဇင်ဘာလကုန်က ပေးပို့ထားတာဖြစ်တဲ့အတွက် ယခုနှုန်းထားများနဲ့ အနည်းငယ်ကွာခြားမှုရှိကြောင်း ဦးစွာ အစီရင်ခံတင်ပြလိုပါတယ်။ ယနေ့ ကျွန်တော်တို့ ပြည်သူများ နေ့စဉ်သုံးစွဲနေတဲ့ မီတာခ နှုန်းထားများကို ယခင်က တစ်ယူနစ်လျှင် ၂၅ ကျပ်ကနေပြီးတော့ ယခုတစ်ယူနစ်လျှင် ၃၅ ကျပ်အထိ တိုးမြှင့်လိုက်ပါတယ်။ ဒီပုဂ္ဂလိကဆီဆိုင်များက ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်းများကိုလည်း နိုင်ငံတော်၏ ခွင့်ပြုချက်နဲ့တိုးမြှင့်လိုက်ပါတယ်။ ယခင်က ဓာတ်ဆီတစ်ဂါလန်ကို ၂၅၀၀ ကနေပြီး တော့ ၃၃၅၀ ကျပ်အထိလည်းကောင်း၊ ဒီဇယ်ဆီတစ်ဂါလန်ကို ၃၉၀၀ ကျပ်အထိလည်းကောင်း တိုးမြှင့်ခဲ့ပါတယ်။ မူလမီတာခနဲ့ လောင်စာဆီ‌ဈေးနှုန်းများဟာ နိုင်ငံတကာနှင့်နှိုင်းယှဉ်လျှင်နည်းပါးပြီး နိုင်ငံတော်ကအရှုံးခံပြီးတော့ ဖြန့်ဖြူးပေးခဲ့တာလည်း အမှန်ပင်ဖြစ်ပါတယ်။ သို့ရာတွင် နိုင်ငံတကာရှိ ပြည်သူများ၏ တစ်ဦးချင်းဝင်ငွေနှင့် နှိုင်းယှဉ်လျှင် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ၏ ဝင်ငွေမှာ များစွာနိမ့်ကျလျက်ရှိတာကလည်း အထင်အရှားဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ မေးခွန်းမေးလိုတာကတော့ ဒီလိုမီတာခနှုန်းထားများ၊ လောင်စာဆီဈေးနှုန်းများမြှင့်တင်မှုသည် ဝင်ငွေနည်းပါးသော အခြေခံပြည်သူလူထုအတွက် ထိခိုက်မှုရှိပါ၍ နိုင်ငံတော်အနေနှင့် အဘက်ဘက်က စဉ်းစားသုံးသပ်ပြီး ပြန်လည်စဉ်းစားပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုပါကြောင်း လေးစားစွာမေးမြန်းထားပါသည် ။

 

ဖြေကြားသူ
ဦးစိုးအောင် ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာ၊ ချမ်းသာကြပါစေရန် ဆုတောင်းမေတ္တာပို့သရင်း လေးစားစွာဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း မေးမြန်းထား သော မီတာခဈေးနှုန်းများ၊ လောင်စာဆီဈေးနှုန်းများ ပြန်လည်ပြင်ဆင်ပေးနိုင်ခြင်းရှိ၊ မရှိသိလိုကြောင်း မေးမြန်းခြင်းအား ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။ မေးခွန်းမှာ မီတာခနှုန်းထားများ၊ လောင်စာဆီ ဈေးနှုန်းများမြှင့်တင်မှုသည် ဝင်ငွေနည်းပါးသော အခြေခံပြည်သူလူထုအတွက် ထိခိုက်မှုရှိနိုင်ပါ၍ နိုင်ငံတော်အနေဖြင့် အဘက်ဘက်ကစဉ်းစားသုံးသပ်ပြီး ပြန်လည်ပြင်ဆင်ပေးနိုင်ခြင်းရှိ၊ မရှိသိရှိလိုပါ သည်ဟူ၍ ဖြစ်ပါတယ်။ ယင်းမေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြလိုပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အသီးသီးတို့မှ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့်ကဏ္ဍပေါင်းစုံအတွက် မေးမြန်းတင်ပြခဲ့ကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဓာတ်ဆီဖြန့်ဖြူးရာတွင် သတ်မှတ်ဈေးနှုန်းတစ်မျိုးတည်း ဖြင့် ရောင်းချနေခြင်းကြောင့် ဖြစ်ပေါ်နေသော အကျိုး၊ အပြစ်များအားပြန်လည် ဝေဖန်သုံးသပ်၍ လိုအပ်မည့် အစီအစဉ်များဆောင်ရွက်ပေးရေးအစီအစဉ်ရှိ၊ မရှိသိလိုကြောင်းမေးခွန်းနှင့်စပ်လျဉ်း၍ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း ထုတ်ဓာတ်ဆီကို အရှုံးခံ၍ ဖြန့်ဖြူးရောင်းချပေးခြင်းသည် ပြည်သူလူထုအပေါ် စေတနာဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်သော်လည်း ပြည်သူလူထုအနေဖြင့် အမှန်တကယ်အကျိုးမခံစားရသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးစီးပွားအတွက် နယ်ပယ်ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်နေရသည့်လုပ်ငန်းများတွင် နိုင်ငံတော်ဘဏ္ဍာငွေများကိုအကျိုးရှိစွာ  သုံးစွဲနိုင်ရန်အတွက် ပြည်တွင်းထုတ်ဓာတ်ဆီကိုအရှုံးခံ၍ မရောင်းသင်‌့တော့ဘဲ ဖြစ်သင့်သည့် ဈေးနှုန်းဖြင့် ပြင်ဆင်သတ်မှတ် ရောင်းချသင့်သည်ဟု စွမ်းအင်ဝန်ကြီးဌာနကလည်း ထင်မြင်ယူဆပါ ကြောင်း၊ ထို့ကြောင်‌့ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပြည်တွင်းထုတ်ဓာတ်ဆီများအား ဈေးကွက် ပေါက်ဈေးဖြင်‌့ပြင်ဆင်ရောင်းချနိုင်ရေးကို သင့်လျော်သောအချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်မည် ဖြစ်ပါကြောင်းနှင့် ယင်းသို့ ဈေးနှုန်းပြောင်းလဲမည်‌့ကိစ္စကို သုံးစွဲသူပြည်သူများ ကို ကြိုတင်အသိပေးကာ ကြေညာပြီးမှ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ ပါတယ်။ ယင်းသို့ ဖြေကြားခဲ့သည့်အတိုင်း ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပြည်တွင်းထုတ် ဓာတ်ဆီများအား ဈေးကွက်ပေါက်ဈေးဖြင့် ပြင်ဆင်ရောင်းချနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့ အကြီးအကဲမှ ပုံသေသတ်မှတ်ခြင်းမပြုဘဲ ပြည်ပ ဈေးနှုန်း၊ အိမ်နီးချင်းနိုင်ငံများ၏ဈေးနှုန်းထက်  ပိုမများစေရန် အတိုးအလျှော့ဈေးကွက်ပေါ်ကြည်‌့၍ ရောင်းချပေးသွားရန် လမ်းညွှန်ချက်နှင့်အညီ ပြည်တွင်းထုတ်ဓာတ်ဆီရောင်းဈေးကို တစ်ဂါလန်လျှင် ၃၀၀၀ ကျပ်ဈေးနှုန်းသို့ ၁-၁-၂၀၁၂ ရက်နေ့မှ စတင်၍ပြင်ဆင်သတ်မှတ်ရောင်းချခဲ့ပါတယ်။ ၎င်းရောင်းဈေးနှုန်းကို ဈေးကွက်အခြေအနေအရ လိုအပ်သလိုပြင်ဆင်သတ်မှတ်ရောင်းချပေးသွားမှာ လည်းဖြစ်ပါတယ်။ ယခုလို ဈေးနှုန်းပြောင်းလဲတဲ့ ကိစ္စရပ်ကိုစတင်မဆောင်ရွက်မီ မီဒီယာများမှ တစ်ဆင့်သုံးစွဲသူ ပြည်သူလူထုသိရှိရေးအတွက် ကြိုတင်အသိပေးဆောင်ရွက်ခဲ့ပြီးလည်းဖြစ်ပါတယ်။ ဓာတ်ဆီအသုံးပြုသူများမှာ အများအားဖြင့် ကိုယ်ပိုင်မော်တော်ယာဉ်သုံးစွဲသူများနှင့် မော်တော် ဆိုင်ကယ်စီးသူ လူနည်းစုတို့၏ တစ်ဦးချင်းသုံးစွဲမှုမျှသာ ဖြစ်ကြပါတယ်။ သို့ဖြစ်၍ ပြည်တွင်း ထုတ်ဓာတ်ဆီကို အရှုံးခံ၍ ရောင်းချပေးခြင်းကြောင့် ၎င်းလူနည်းစု၏ အကျိုးကိုသာလျှင်ဖြစ်ပေါ် စေသကဲ့သို့ ပမာဏအများအပြားဝယ်ယူခွင့်ရရှိသူအချို့တွင်လည်း အကျိုးရှိခဲ့ပါတယ်။ ပြည်သူလူထု အများဆုံးအသုံးပြုသော သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကအသုံးပြုသည်မှာ ဒီဇယ်ဆီသာ ဖြစ်ပါတယ်။ ဒီဇယ်ဆီဈေးနှုန်းပြောင်းလဲမှုမရှိသဖြင့် ကုန်စည်စီးဆင်းမှု  မှန်ကန်မြန်ဆန်ရေးလုပ်ငန်း စသည်တို့ကို ထိခိုက်ပျက်ပြားမှုများ မဖြစ်ပေါ်စေသည်‌့အတွက် ပြည်သူအများစု၏ အကျိုးစီးပွား ပိုထိခိုက်စေမည်မဟုတ်ပါ။ တိုးမြှင့်လာသောဓာတ်ဆီဈေးနှုန်းသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ် ပါက သက်သာသော ဈေးနှုန်းဖြစ်ပြီး ပြည်သူတို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ စီးပွားရေး အသွင်ဆောင်ရွက်ရသည်‌့ စွမ်းအင်ဝန်ကြီးဌာနအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ စိုက်ထုတ်ကျခံ သုံးစွဲရငွေကို လျော့နည်းသက်သာစေမှာ ဖြစ်ပါတယ်။ ယင်းသို့ မိမိတို့ဝန်ကြီးဌာနအတွက် စိုက်ထုတ်ကျခံသုံးစွဲရငွေလျော့နည်းသက်သာသွားခြင်းကြောင့် ပြည်သူတို့၏ကျန်းမာရေး၊ ပညာရေး နှင့် လူမှုရေးကဏ္ဍများသို့ ပြည်ထောင်စုအစိုးရရန်ပုံငွေမှတိုးမြှင့်ပံ့ပိုးပေးနိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ပါဝင်ဖြည့်ဆည်းဆောင်ရွက်ခြင်းသာ            ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။
    ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အချိန်တိုကာလအတွင်း ပြည်သူတို့၏လျှပ်စစ်ဓာတ်အား တိုးတက်အသုံးပြုမှုများကို ဖြည်‌့ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုပမာဏကို တိုးမြှင့်ပေးခဲ့သော်လည်း လက်ရှိသတ်မှတ်ထားသောလျှပ်စစ်ဓာတ်အားခနှုန်းထားများအရ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် တစ်နှစ်လျှင် ၂၅၀ ဘီလီယံကျပ်ခန့်အရှုံးပေါ်လျက်ရှိနေခဲ့ပါတယ်။ သို့ဖြစ်ပါ၍ ဝန်ကြီးဌာနအနေဖြင့်လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရန်လိုအပ် သောရန်ပုံငွေကို ထည်‌့ဝင်ပံ့ပိုးပေးနိုင်မှုမရှိသည်‌့အပြင် ဝန်ကြီးဌာနမှလျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့် ဖြူးရသောလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လိုအပ်သည့် သာမန်အသုံးစရိတ်များကိုပင် ပြည်ထောင်စု အစိုးရအဖွဲ့မှ နှစ်စဉ်စိုက်ထုတ်ပံ့ပိုးပေးနေရသည်‌့ အခြေအနေဖြစ်ပေါ်ခဲ့ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတို့တွင်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီးများမှ လျှပ်စစ်ကဏ္ဍဖွံံဖြိုးတိုးတက်စေရေး အတွက် နိုင်ငံတော်အတွင်း မဟာဓာတ်အားလိုင်းကြီးများ၊ ဓာတ်အားခွဲရုံများသာမက အဆင်‌့ဆင့် သောဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများဒေသအနှံ့အပြား၊ အမြောက်အမြားတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်မည်ဖြစ်ပါကြောင်း သို့ပါ၍ဝန်ကြီးဌာန၏ လက်ရှိဓာတ်အားခ၊ ရောင်းချ ရရှိမှုအခြေအနေသည် များစွာတိုးချဲ့တည်ဆောက်ရမည့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ အတွက် ရင်းနှီးမြှုပ်နှံမှုအမြောက်အမြားထပ်မံပြုလုပ်ရန် လုံလောက်မှု ရှိ၊ မရှိ၊ အထောက်အကူ ဖြစ်၊  မဖြစ် သိလိုပါကြောင်း မေးမြန်းခဲ့ကြ၍ ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။ ယင်းသို့ ပြည်ထောင်စုအစိုးရ အဖွဲ့မှ ရန်ပုံငွေစိုက်ထုတ်အသုံးပြုရမှု လျော့နည်းသက်သာစေရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ သီးခြားတင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မိမိတို့ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို စေတနာထားသည်နှင့်အညီ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကူညီ ဖြည်‌့ဆည်းဆောင်ရွက်ပေးကြပါရန် ဆွေးနွေးတင်ပြခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံနိုင်ရေးအတွက် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရ အဖွဲ့သို့တင်ပြခဲ့ရာတွင် အစိုးရအဖွဲ့အကြီးအကဲများကလည်း ချက်ချင်းကောက်၍ တင်လိုက်သကဲ့သို့ မပြုလုပ်ဘဲ မီဒီယာများမှတစ်ဆင့် ပြည်သူလူထုသိရှိအောင် အသိပေးရန်လိုကြောင်း လမ်းညွှန်ခဲ့ သဖြင့် မီဒီယာများမှတစ်ဆင့် အများပြည်သူသိရှိစေရန်ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူတို့၏ တုံ့ပြန်မှု များ၊ သဘောထားများကိုလည်း သိရှိခဲ့ရပါတယ်။ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက် သင့်ကြောင်း၊ သို့ဖြစ်၍ လက်ရှိဓာတ်အားခနှုန်းထားများကို သင့်တင့်မျှတသောနှုန်းထားများသို့ ပြင်ဆင်သင့်ကြောင်း သဘောထားများရရှိခဲ့ပါတယ်။ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင်‌့ ယခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏ မေးမြန်းချက်တွင် ပါရှိသကဲ့သို့ ယခင်ဓာတ်အားခ နှုန်းထားတစ်ယူနစ် ၂၅ ကျပ်ကို ၅၀ ကျပ်သို့တိုးမြှင့်ခြင်းမပြုဘဲ အများပြည်သူသုံး၊  အိမ်သုံးတစ်ယူနစ် အတွက်မူလ ၂၅ ကျပ်မှ ၃၅ ကျပ်သို့လည်းကောင်း၊ စီးပွားရေးလုပ်ငန်းသုံး၊ စက်မှုလက်မှုသုံး တစ်ယူနစ်လျှင်မူလ ၅၀ ကျပ်မှ ၇၅ ကျပ်သို့လည်းကောင်း၊ နိုင်ငံခြားငွေဖြင့်ဓာတ်အားသုံးစွဲသူများကို တစ်ယူနစ်လျှင် မူလ ဝ.၀၈ အမေရိကန်ဒေါ်လာမှ ဝ.၁၂ အမေရိကန်ဒေါ်လာသို့လည်းကောင်း အသီးသီးတိုးမြှင့်ခဲ့ခြင်းသာဖြစ်ပါတယ်။ ယင်းသို့တိုးမြှင့်သတ်မှတ်ခဲ့သော ဓာတ်အားခနှုန်းထားများဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အသုံးပြုသော ဓာတ်အားခမှစတင်၍ တောင်းခံသွားမည်ဖြစ်ပါတယ်။ တိုးမြှင့်သတ်မှတ်ထားသော ဓာတ်အားခနှုန်းထားများအရပင်လျှင် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အရှုံးအမြတ်အခြေအနေကို တွက်ချက်ကြည့်မည်ဆိုပါက ဝန်ကြီးဌာနတစ်ခုလုံးအနေဖြင့် ငွေကျပ် ၇၈ ဘီလီယံအရှုံးပေါ်နေဦးမည်ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့မှ မိမိတို့ ဝန်ကြီးဌာနအား စီးပွားရေးအသွင်ဆောင်ရွက်ကြရန်လည်း လမ်းညွှန်ထားပါ တယ်။ ထို့ကြောင့်မိမိတို့ ဝန်ကြီးဌာနများသည် ကိုယ်ပိုင်ဝင်ငွေပေါ်ရပ်တည်သွားနိုင်ရန် လိုအပ် ပါတယ်။ ထိုကဲ့သို့ ကိုယ်ပိုင်ဝင်ငွေနှင့်ရပ်တည်ခြင်းအတွက် ဈေးကွက်စီးပွားရေးစနစ်တွင်မဖြစ်မနေ လုပ်ရမည့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ တိုးမြှင့်သတ်မှတ်ခဲ့သော ဓာတ်အားခနှုန်းထားများ သည် အဆမတန်တက်ခြင်းမျိုး မဟုတ်ဘဲ ပြည်သူတို့အနေနှင့်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်အတွက် လည်းကောင်း၊ ဝန်ကြီးဌာနသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရန်ပုံငွေမှစိုက်ထုတ်ကျခံသုံးစွဲရငွေကို အထိုက်အလျောက်လျော့နည်း သက်သာသွားစေရန်အတွက်လည်းကောင်း ရည်ရွယ်၍ ဆောင်ရွက်ခဲ့ ခြင်းသာဖြစ်ပါတယ်။ ယင်းသို့ မိမိတို့ဝန်ကြီးဌာနအတွက် စိုက်ထုတ်ကျခံသုံးစွဲရငွေ လျော့နည်း သက်သာသွားသည်နှင့်အမျှ နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော ကဏ္ဍ အသီးသီးသို့ အစိုးရရန်ပုံငွေမှ ပိုမိုတိုးမြှင်‌့ပံ့ပိုးပေးသွားနိုင်မှာ ဖြစ်ပါကြောင်း လေးစားစွာဖြေကြား ထားပါသည် ။