လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဧည့်သည်တော်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်ဟိန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒေသခံကျောင်းသား/ကျောင်းသူများနှင့်ပတ်သက်ပြီး မေးခွန်းတစ်ခု ကို မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်းကတော့ ကသာမြို့မှာ အစိုးရနည်းပညာအထက်တန်းကျောင်း(Government Technology High School ) ဖွင့်လှစ်ခွင့် ပေးနိုင်ရေးအစီအစဉ် ရှိ၊ မရှိ မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ လေးစားရပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ကသာမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့အစွန်ဆုံးမှာ တည်ရှိပြီးတော့ ကချင်ပြည်နယ်နှင့် ကပ်လျက်တည်ရှိကာ မြို့နယ် ၇ မြို့နယ်ပါဝင်တဲ့ ခရိုင်မြို့တစ်မြို့ ဖြစ်ပါတယ်။ ယခင်က ကသာမြို့မှာ ဒေသကောလိပ် ဖွင့်လှစ်ခွင့်ရရှိဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ဒေသကောလိပ် ဖွင့်လှစ်ခွင့်မရခဲ့ပါဘူး။ ဒါ့အပြင် ကသာမြို့နယ်မှာရှိတဲ့ အထက်တန်းကျောင်း ၃ ကျောင်း၊ တွဲဖက်အထက်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၃ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၃ ကျောင်း၊ စုစုပေါင်း ၂၄ ကျောင်းတို့မှာ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ အဋ္ဌမတန်း ပညာသင်ကြားနေတဲ့ ကျောင်းသား/ ကျောင်းသူဟာ ၁၇၀၀ နီးပါးရှိပါတယ်။ လက်ရှိပညာသင်နှစ်မှာ အဋ္ဌမတန်းအောင်ပြီး အသက် ၁၇ နှစ်အောက်ရှိတဲ့ ကျောင်းသား/ကျောင်းသူများဟာ နည်းပညာအထက်တန်းကျောင်းကို တက်ရောက် နိုင်ကြောင်း လေ့လာသိရှိရပါတယ်။ အစိုးရနည်းပညာအထက်တန်းကျောင်းဖွင့်လှစ်ပေးမည်ဆိုပါက ကသာခရိုင်အတွင်းရှိ မြို့နယ်များမှ ကျောင်းသား/ကျောင်းသူများပါ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရနည်းပညာအထက်တန်းကျောင်း မှ အဆင့်မီစွာ အောင်မြင်တဲ့ ကျောင်းသား/ကျောင်းသူများဟာလည်းပဲ ကျွန်တော်တို့ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ နည်းပညာတက္ကသိုလ်များကို ဆက်လက်တက်ရောက်နိုင်ကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်းကတော့ ကသာမြို့တွင် အစိုးရနည်းပညာအထက်တန်း ကျောင်း (Government Technology High School) ဖွင့်လှစ်ပေးနိုင်ရေး အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အခုအစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာကိုကိုဦး ဖြစ်ပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခရီးသွား နေတဲ့အတွက် ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒီပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်ဟိန်း မေးထားတဲ့ ကသာမြို့မှာ အစိုးရနည်းပညာအထက်တန်းကျောင်း (Government Technology High School) ဖွင့်လှစ်ခွင့်ရရှိနိုင်ရေး အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်ပတ်သက်ပြီးတော့ ကျွန်တော်က ဖြေကြားသွားမှာ ဖြစ်ပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်လျက်ရှိရာမှာ အဓိက အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် နိုင်ရေးအတွက် လက်ရှိအချိန်မှာ နည်းပညာတက္ကသိုလ် ၃၂ ခု၊ လေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်တစ်ခု၊ အစိုးရနည်းပညာကောလိပ် ၃ ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ ၁၁ ခုနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း ၃၆ ခု အစရှိတဲ့ အင်ဂျင်နီယာနှင့်နည်းပညာဆိုင်ရာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့်ကျောင်း စုစုပေါင်း ၈၃ ခုနှင့် ကွန်ပျူတာတက္ကသိုလ် ၂၅ ခုတို့ကို ဖွင့်လှစ်ပြီး အင်ဂျင်နီယာနှင့် နည်းပညာအတတ်ပညာရှင်၊ ကွန်ပျူတာပညာရှင်များကို သင်ကြားမွေးထုတ်ပေး လျက်ရှိပါတယ်။ လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ နည်းပညာတက္ကသိုလ်(မုံရွာ)၊ နည်းပညာတက္ကသိုလ်(ကလေး)၊ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)၊ အစိုးရနည်းပညာကောလိပ်(ရွှေဘို)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ခန္တီး)နှင့်အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)တို့ကို ဖွင့်လှစ်ပြီးအင်ဂျင်နီယာ နှင့် စက်မှုအတတ်ပညာရှင်များ မွေးထုတ်ပေးလျက်ရှိသကဲ့သို့ အစိုးရနည်းပညာအထက်တန်းကျောင်း (မုံရွာ)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကလေး)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ချောင်းဦး)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ခန္တီး)တို့ကို ဖွင့်လှစ်ပြီး အင်ဂျင်နီယာနှင့် စက်မှုအတတ်ပညာဆိုင်ရာ အခြေခံကျွမ်းကျင်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်နှင့်အစိုးရ စက်မှုလက်မှုသိပ္ပံများမှာ ယခုလက်ရှိ ပညာသင်နှစ်မှာ AGTI ပထမနှစ်သင်တန်းသား ၄၄၆၀ ဦး၊ AGTI ဒုတိယနှစ်သင်တန်းသား ၂၅၂၁ ဦး၊ B.Tech ပထမနှစ်သင်တန်းသား ၂၃၆၂ ဦး၊ B.Tech ဒုတိယနှစ်သင်တန်းသား ၁၃၇၀ ဦးနှင့် B.E သင်တန်းသား ၁၀၈၁ ဦး၊ စုစုပေါင်း ၁၁၇၉၄ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါတယ်။ အလားတူပဲ လက်ရှိပညာသင်နှစ်မှာ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(မုံရွာ)မှာ ပထမနှစ်သင်တန်းသား ၃၇ ဦး၊ ဒုတိယနှစ်သင်တန်းသား ၆၄ ဦး၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကလေး)မှာ ပထမနှစ် သင်တန်းသား ၄၈ ဦး၊ ဒုတိယနှစ်သင်တန်းသား ၅၀ ဦး၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ချောင်းဦး)မှာ ပထမနှစ်သင်တန်းသား ၂၈ ဦး၊ ဒုတိယနှစ်သင်တန်းသား ၁၄၀ ဦး၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ခန္တီး)မှာ ပထမနှစ်သင်တန်းသားတက်ရောက်သူမရှိဘဲ ဒုတိယနှစ်သင်တန်းသား ၂၁ ဦး၊ စုစုပေါင်းသင်တန်းသား ၃၈၈ ဦးကို အင်ဂျင်နီယာပညာရပ်များ သင်ကြားပို့ချ ပေးလျက် ရှိပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာမြို့နယ်နှင့် စပ်ဆက်နေတဲ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် အစိုးရနည်းပညာကောလိပ်(မိုးညှင်း)နှင့် ဗန်းမော်မြို့မှာ နည်းပညာ တက္ကသိုလ်(ဗန်းမော်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ဗန်းမော်)တို့ကို ဖွင့်လှစ်ပြီး အင်ဂျင်နီယာအတတ်ပညာများကို သင်ကြားပို့ချပေးလျက်ရှိပါတယ်။ လက်ရှိအချိန်တွင် အစိုးရ နည်းပညာအထက်တန်းကျောင်း(ဗန်းမော်)မှာ အဆောက်အဦနည်းပညာသင်တန်း၊ အီလက်ထရောနစ် နည်းပညာသင်တန်းနှင့် မော်တော်ယာဉ်နည်းပညာသင်တန်းစသည့်သင်တန်း ၃ မျိုးကို ဖွင့်လှစ်ပေးပြီး ကျောင်းသား/ကျောင်းသူဦးရေ ၂၀၀ ခန့်အထိ လက်ခံသင်ကြားပေးနိုင်ပေမယ့် လက်ရှိပညာသင်နှစ် မှာ ပထမနှစ်သင်တန်းသား ၁၅ ဦး၊ ဒုတိယနှစ်သင်တန်းသား ၃၆ ဦး၊ စုစုပေါင်း ၅၁ ဦးသာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ လက်ခံသင်ကြားပေးနိုင်မယ့် ကျောင်းသားဦးရေကို ပြည့်မီခြင်း မရှိသေးဘဲ များစွာလိုအပ်နေသေးကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ အလားတူပင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(ကလေး)မှာလည်း ကျောင်းသား/ ကျောင်းသူ ၂၀၀ ခန့်အထိ လက်ခံသင်ကြားပေးနိုင်ပေမယ့် လက်ရှိပညာသင်နှစ်မှာ စုစုပေါင်း ၉၈ ဦးသာ ပညာသင်ကြားလျက်ရှိတဲ့အတွက် လက်ခံသင်ကြားပေးနိုင်မယ့် သတ်မှတ်အင်အားကို ပြည့်မီခြင်းမရှိသေးကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ အင်ဂျင်နီယာဘာသာရပ်များရဲ့ သဘောသဘာဝ အရ ကျောင်းသားများကို လက်တွေ့အသုံးချနိုင်တဲ့အထိ နားလည်တတ်ကျွမ်းအောင် သင်ကြား ပို့ချပေးနိုင်ဖို့အတွက် ကျောင်းသားနှင့် ဆရာအချိုးညီညွတ်မျှတမှုနှင့် လိုအပ်တဲ့ သင်ထောက်ကူ ပစ္စည်းများ ဖြည့်တင်းပေးမှုစတဲ့ ဟန်ချက်ညီညီဆောင်ရွက်ပေးရန် လိုအပ်သလို နည်းပညာ အထက်တန်းကျောင်းတစ်ကျောင်းကို ထိရောက်အကျိုးရှိစွာ ဖွင့်လှစ်ပေးရန်စဉ်းစားရာမှာ ဖော်ပြခဲ့တဲ့ အချက်တွေသာမကဘဲ သက်ဆိုင်ရာနယ်မြေဒေသမှာရှိတဲ့ အလယ်တန်းနှင့် တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသားအရေအတွက်၊ အောင်မြင်သည့်အဆင့်၊ သင်ကြားပေးသည့် အထူးပြု ဘာသာရပ်များ၊ ကျောင်းအဆောက်အဦနှင့် ရေ၊ လျှပ်စစ်မီး ရရှိနိုင်မှုအခြေအနေ ဒါတွေကိုပါ တွက်ချက်ပြီး ထည့်သွင်းစဉ်းစားရလေ့ ရှိပါတယ်။
လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ နည်းပညာတက္ကသိုလ် ၃ ခု၊ အစိုးရ နည်းပညာကောလိပ် ၁ ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ ၂ ခုနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း ၄ ခု တို့ကို ဖွင့်လှစ်ပေးထားပြီး ဖြစ်သည့်အပြင် ကသာခရိုင်အတွင်းရှိ မြို့နယ်များမှာ အခြေခံပညာ အလယ်တန်းအောင်မြင်သူများဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းများ၌သာမက ကချင်ပြည်နယ်အတွင်းရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(ဗန်းမော်) တွင်လည်းကောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သတ်မှတ်အရည်အချင်းကိုက်ညီသူများဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်နှင့် အစိုးရ စက်မှုလက်မှုသိပ္ပံများ၌သာမက ကချင်ပြည်နယ်အတွင်းရှိ နည်းပညာတက္ကသိုလ်(ဗန်းမော်)နှင့် အစိုးရ နည်းပညာကောလိပ်(မိုးညှင်း)တို့တွင်လည်းကောင်း၊ အင်ဂျင်နီယာအတတ်ပညာရပ်များကို ဆည်းပူး လေ့လာနိုင်မှာ ဖြစ်တဲ့အတွက် ကသာမြို့မှာ အစိုးရနည်းပညာအထက်တန်းကျောင်း (Government Technology High School ) ကို လောလောဆယ် ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် လိုအပ်ပြီး အခြေအနေပေးသည့်အချိန်မှာ ဖွင့်လှစ်ပေးသွားနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်ပေး နိုင်မည့် အခြေအနေရှိပါကြောင်း ပြန်လည်ဖြေကြားထားပါသည် ။
