မင်္ဂလာပါ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြားထားတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ အန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ စစ်တွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့၏ အသက်သွေးကြောဖြစ်တဲ့ ဆတ်ရိုးကျချောင်းကူးတံတားထိုးရန် မေးခွန်းသုံးခုကို မေးခွင့်ပြုပါခင်ဗျား။ ရခိုင်ပြည်နယ်ရဲ့မြို့တော်ဟာ စစ်တွေမြို့ဖြစ်ပါတယ်။ စစ်တွေမြို့ကို ရောက်ဖူး ကြတဲ့ ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသိရှိတဲ့အတိုင်း စစ်တွေ မြို့တော်ဟာ မြို့တော်ရဲ့အင်္ဂါချို့ယွင်းနေပါတယ်။ ယခင်အင်္ဂလိပ်လက်ထက်က စစ်တွေမြို့ကို မြန်မာနိုင်ငံရဲ့ စတုတ္ထမြို့တော်အဖြစ်ထားခဲ့ပါတယ်။ အကျယ်အဝန်းကတော့ ၅ မိုင်လောက်ပဲရှိပါတယ်။ တစ်ဖက် ကမ်းရှိရပ်ကွက်တွေနဲ့ပေါင်းလိုက်ရင် ၁၀ မိုင် ၇ ဖာလုံလောက်ကျယ်သွားပါလိမ့်မယ်။ အဲ့ဒီလိုမြို့ကျယ် သွားရန် တံတားတစ်ခုလိုအပ်ပါတယ်။ ချောင်းတစ်ဖက်ကမ်းရှိကျောင်းသား၊ ကျောင်းသူ၊ အလုပ်သမား တွေမိုးတွင်းကာလမှာ ကူးတို့ကူးရတာ၊ ရေကူးပြီးတော့လာရတာ အန္တရာယ်ရှိပါတယ်။ ကျန်းမာရေး အရလည်းအလွန်အန္တရာယ်ရှိပါတယ်။ ၁၈၈၇ ခုနှစ်၊ အင်္ဂလိပ်အုပ်ချုပ်တဲ့ကာလမှာ ဆတ်ရိုးကျချောင်း ကိုတံတားထိုးဖို့စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ အာရကန်ဖလိုတီယာကုမ္ပဏီ၊ အင်္ဂလိပ်လုပ်တဲ့ကုမ္ပဏီ ကနေ သင်္ဘောတွေနဲ့သွားလာရမှာခက်တဲ့အတွက် တံတားမထိုးဖြစ်တော့ပဲ အဲ့ဒီတံတားကိုထိုးဖို့ အင်္ဂလန်ကပါလာတဲ့ သံပေါင်တွေကို ပဲခူးမြို့ကိုပို့လိုက်ပါတယ်။ ပဲခူးမှာတံတားထိုးပါတယ်။ ကျွန်တော်တို့ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ တိုင်းမှူးအဆက်ဆက်အုပ်ချုပ်လာပါတယ်။ စက်မှု လုပ်ငန်းတွေကို စစ်တွေမြို့ထဲမှာမထားတော့ဘဲ ဆတ်ရိုးကျချောင်းတစ်ဖက်ကမ်းမှာ စက်မှုဇုန်အဖြစ် ပြောင်းရွှေ့ရန် မြေယာကွက်တွေပေးပါတယ်။ မြေယာကွက် ၁၀၀ ကျော်လောက်ဝယ်ထားပြီး လုပ်ငန်းရှင်တချို့ကလည်း လုပ်ငန်းလုပ်ဖို့အတွက် တံတားထိုးဖို့စောင့်နေကြပါတယ်။ ရခိုင်ပြည်နယ် ကို လူကြီးတွေ သုံးနှစ်တစ်ကြိမ်ပို့လိုက်ပြီး အဲ့ဒီလူကြီးတွေပြန်သွားတော့ တံတားကိစ္စလည်း ပျောက်သွားပါတယ်။ တံတားကိစ္စပျောက်သွားသလို ပထမစီမံကိန်းဖြစ်တဲ့ စိုင်းဒင်ရေတံခွန်ဆောက်တဲ့ လုပ်ငန်းလို ယခုထိအကောင်အထည်မပေါ်ပဲဖြစ်နေပါတယ်။ စစ်တွေမြို့လူထုက အာဆီယံနိုင်ငံ တွေကိုအားကျပြီးတော့ ရှားပါးတဲ့ဥစ္စာကို နာမည်ပြောင်းချင်ပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား အဲ့ဒီရှားပါးတဲ့ ဥစ္စာတွေကိုကြည့်ပြီးတော့ စစ်တွေကို မီး၊ ရေရှားဆိုပြီး နာမည်ပြောင်းချင်ပါတယ်။ ဒါပေမယ်လို့ ပြည်ထောင်စုအစိုးရက လိမ္မာပါးနပ်စွာနဲ့ ၂၄ နာရီမီးပေးလိုက်တော့ အဲ့ဒါတွေကို ဖျောက်ပစ်လိုက်တယ်။ ပျက်သွားပါတယ်။ နာမည်ပြောင်းဖို့ပျက်သွားပါတယ်။ တစ်ဆက်တည်းမှာပဲ ရေကလည်း မိုးကောင်းရင်တော့ အခြေအနေကောင်းပါလိမ့်မယ်။ မီတာကြေးကတော့ ဈေးတက် နေပါတယ်။ ရေကတော့အဆင်ပြေသွားဖို့အတွက် တံတားထိုးလိုက်ရင် အဲ့ဒီဘက်ကမ်းမှာရေရှိပါ တယ်။ အဲ့ဒီဘက်ကိုတံတားထိုးရင် မြို့တော်ကလည်း ၁၀ မိုင် ၇ ဖာလုံလောက်ကျယ်သွားပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော်မေးခွန်းသုံးခုပဲမေးပါမယ်။ (၁) ဆတ်ရိုးကျချောင်းအား စစ်တွေလမ်းမကြီး အတိုင်း မင်းဂံသင်္ဘောဆိပ်အထိပေါက်ရောက်နိုင်ရန် ပေ ၄၀၀ အရှည်တံတားထိုးရန်အစီအစဉ်ရှိပါ သလား။ (၂) ဆတ်ရိုးကျချောင်းကို ဦးအောင်ဇံဝေလမ်းအတိုင်းပေ ၂၀၀ အရှည်တံတားထိုးရန် အစီအစဉ်ရှိပါသလား။ (၃) စစ်တွေမြို့သူ၊ မြို့သားများလိုအပ်တဲ့ တံတားကိုမည်သည့်အချိန်အခါတွင် ထိုးပါမည်နည်းဟု မေးမြန်းထားပါသည် ။
ကျွန်တော့်အနေနဲ့ အတိုချုပ်ပြီးပဲဖြေပါမယ့်။ ဦးမောင်ညိုအနေနဲ့ ပြီးခဲ့တဲ့အပိုင်းတုန်းကလည်း ဦးမောင်ညိုတော့ မဟုတ်ပါဘူး။ ဦးအောင်ကျော်ဦးထင်ပါတယ်။ စစ်တွေမြို့ကြီးရဲ့ ကမ်းနားလမ်းနဲ့ ဗျူးပွိုင့်ကို ခင်းပေးပါဆိုတဲ့အခါမှာ ယခုအချိန်မှာအားလုံးပြီးစီးအောင်ခင်းပေးပြီးဖြစ်ပါတယ်။ အားလုံး ၂.၆ မိုင်ဖြစ်ပါတယ်။ ရန်ကုန်မြို့ကြီးမှာတောင်မှ အကျယ်ပေ ၃၀ ရှိတဲ့ ကွန်ကရစ်လမ်း၊ ပလက်ဖောင်း၊ မာကျူရီမီးတိုင်၊ ပန်းခုံနှင့် ထိုင်ခုံတွေအပါအဝင် ကျွန်တော်တို့ ၃ လလောက်ကာလအတွင်းပြီးစီးဖို့ဆို တာမလွယ်ပါဘူး။ အားလုံးပြီးစီးပြီဖြစ်ပါတယ်။ ဦးမောင်ညိုကိုယ်တိုင်လည်း လမ်းခင်းတဲ့ကာလမှာ လာပြီးတော့စစ်ဆေးကြည့်ပါတယ်။ ကွန်ကရစ်လမ်းရဲ့အောက်မှာ ပလပ်စတစ်တွေ၊ ရေမဝင်အောင် Water Proof ခင်းတာတွေ အကုန်လုံးလုပ်ပါတယ်။ နောက်တစ်ခါ စစ်တွေမြို့တော်သူ မြို့တော်သား တွေက သဲတွေကိုအလွယ်တကူပဲ ပင်လယ်က ယူသလား။ ဒီလိုမျိုးလုပ်ခဲ့တဲ့သာဓကတွေလည်းရှိတဲ့ အတွက် ကျွန်တော့်အနေနဲ့တော့ မိုင် ၅၀ ကနေသယ်ပါတယ်။ စစ်တွေဝန်ကြီးချုပ်ကော၊ ဝန်ကြီး အဖွဲ့ဝင်ကော၊ လွှတ်တော်ကိုယ်စားလှယ်တွေကော၊ မြို့မိမြို့ဖတွေကော အားလုံးသဲတစ်ယောက်တစ် ဇွန်းမြည်းပြီးပါပြီ။ ဆားငန်ဓာတ်မရှိမှဘဲ သူတို့အားလုံးလက်ခံပြီးဖြစ်ပါတယ်။ ယခုဒီလမ်းအားလုံးပြီးစီး သွားပြီဖြစ်တဲ့အတွက်ကြောင့် ဒီလမ်းနဲ့တစ်ဆက်တစ်စပ်တည်းဖြစ်တဲ့ ခုနကဆတ်ရိုးကျချောင်းမှာ တံတားထိုးဖို့ဖြစ်ပါတယ်။ တံတားထိုးတဲ့ကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ မိမိရရလေ့လာ ကြည့်ပြီးပါပြီ။ နောက်တစ်ခါစစ်တွေမြို့ကြီးရေအင်မတန်ရှားပါးတယ်ဆိုတဲ့အတွက်ကြောင့် ၁၀ လက်မ ပိုက်နဲ့လည်းသွယ်ပြီးတဲ့အတွက် ဒီကနေ့စစ်တွေမြို့ဟာလည်း ရေရှားပါးတဲ့ဒုက္ခကင်းဝေးသွားပါပြီ။ မီးလည်း ၂၄ နာရီရသွားပါပြီ။ ဒါတွေဖြစ်ပေါ်နေတာ သုံးလလောက်အတွင်းမှာအကုန်လုံးလုပ်ပေးတာ ဖြစ်ပါတယ်။ တံတားထိုးဖို့ကိစ္စကတော့ တံတား ၂ နေရာဖြစ်နေပါတယ်။ ပထမတင်ပြတဲ့နေရာကတော့ ဒလဘက်ကမ်းလိုနေရာဖြစ်ပြီးတော့ ပင်လယ်ကမ်းစပ်နဲ့တော်တော်နီးတဲ့အတွက်ကြောင့် သင်္ဘောတွေ အဝင်အထွက်ရှိတဲ့အတွက်ကြောင့် ခုနကတင်ပြတဲ့ ပေ ၄၀၀ နဲ့လည်းလုပ်ပေးလို့မရပါဘူး။ ဘာလို့လဲ ဆိုတော့ သင်္ဘောတွေနဲ့မလွတ်လို့ဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာပင်လျှင် ဒလဘက်ကမ်းကို နန်းသီတာဆိပ်ကမ်းကနေ တံတားထိုးဖို့စဉ်းစားရခက်တဲ့အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ခုနက ပေ ၂၀၀ တံတားကိုတော့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကနေစပြီးတော့ ထိုးပေးပါမယ်။ ဒါ ပြည်နယ်ရဲ့ ရန်ပုံငွေနဲ့ကော၊ ထောက်ပံ့ငွေနဲ့ပါပေါင်းစပ်ပြီးထိုးပေးမှာဖြစ်တဲ့အတွက်ကြောင့် ဘဏ္ဍာရေးနှစ် ၂ နှစ် လောက်တော့ထိုးပေးရမှာဖြစ်ကြောင်းကျွန်တော့်အနေနဲ့ပြန်ကြားရင်းနိဂုံးချုပ်ပါသည် ။
