(က) အကျိုးဆောင်ကုမ္ပဏီများမှ စုငွေများပြန်မရခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့မှတ်တမ်း ( ၈-၃-၂၀၁၂ )

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းမည့် မေးခွန်းများကတော့ ကျွန်တော်ကိုယ်တိုင်ခံစားရခြင်းမဟုတ်ဘဲ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံများဖြစ်ပါတယ်။ လေးစားအပ် ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် အချိန်ကိုငဲ့ညှာသောအားဖြင့် အတိုချုပ်ပြီး ဖတ်ကြားတင်ပြခွင့်ပြုပါရန် လေးစားစွာတင်ပြအပ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံတွင် ၂၀၀၂-၂၀၀၃ ခုနှစ်ခန့်က ဧရာမြေ၊ သစ္စာပန်းခင်း၊ မဟာဓနံ စသည့် ကုမ္ပဏီလီမိတက်များသည် ကျပ်တစ်ရာလျှင် နိုင်ငံတော်ဘဏ်များထက် အတိုးနှုန်းပို၍ ငွေစုစာအုပ်များထုတ်ပေးကာ ငွေစုဘဏ်သဖွယ်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းကုမ္ပဏီများသည် ပထမ စောစောပိုင်းတွင် အတိုးနှုန်းရငွေများအား မှန်မှန်ပြန်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် အတိုးများ မပေးတော့ပါ။ ငွေစုပြီးသူများသည် ၎င်းကုမ္ပဏီလီမိတက်များအား တရားရုံးအဆင့်ဆင့်သို့ တရားစွဲဆိုခဲ့ပါသည်။ တရားရုံးများအဆင့်ဆင့်ကလည်း ငွေစုပြည်သူများဘက်မှ အနိုင်ဒီဂရီများပေးခဲ့ သော်လည်း ၎င်းကုမ္ပဏီလီမိတက်များသည် ဂရုမစိုက်၍ စုငွေများပြန်မအမ်းဘဲ ဒီနေ့အထိနေခဲ့ ပါသည်။ သို့ပါ၍ ကျွန်တော်မေးမြန်းလိုသော မေးခွန်းကတော့ (က) ပြည်ထောင်စုမြန်မာနိုင်ငံတော် တရားရုံးများရဲ့ တရားစီရင်ဆုံးဖြတ်ချက် ဒီဂရီများသည် ၎င်းကုမ္ပဏီများအပေါ် အဘယ်ကြောင့် အာဏာသက်ရောက်မှုမရှိပါသလဲ။ (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ရိုးသားသော ပြည်သူများနှင့် ပင်စင်စားဝန်ထမ်းဟောင်းကြီးများဘက်မှ ရပ်တည်၍ စုငွေများမှန်မှန်ကန်ကန် ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန်အစီအစဉ်ရှိပါသလား။ (ဂ) ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်ကာလ တွင် ဆောင်ရွက်ပေးမည်နည်း။ မဆောင်ရွက်ပေးပါက အဘယ်ကြောင့် မဆောင်ရွက်ပေးနိုင်သည်ကို သိရှိလိုပါသဖြင့် မေးမြန်းထားပါသည် ။

ဖြေကြားသူ
ဦးစိုးမောင် ပြည်ထောင်စုဝန်ကြီး
အဖြေ

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာတဲ့ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ အားလုံး ကျန်းမာကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော် ကတော့ သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းရဲ့ ကြယ်ပွင့်ပြ မေးခွန်း ၃ ခုကို ပြန်လည်ဖြေကြားခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း ပဏာမတင်ပြလိုပါ တယ်။ ကြယ်ပွင့်ပြမေးခွန်း(၁)ကို ပြန်လည်ဖြေကြားတင်ပြရရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ရဲ့မေးမြန်းချက်မှာ ဖော်ပြထားတဲ့အတိုင်းပဲ ၂၀၀၂-၂၀၀၃ ခုနှစ်ခန့်က ငွေစုသူများရဲ့ အပ်ငွေနှင့် အတိုးများကို ပြန်လည်ထုတ်ပေးခြင်းမပြုတဲ့ ကုမ္ပဏီများအပေါ်မှာ ငွေစုသူများက တရားရုံး အသီးသီးမှာ ပြစ်မှုကြောင်းအရလည်းကောင်း၊ တရားမကြောင်းအရလည်းကောင်း တရားစွဲဆိုခဲ့တာ ရှိပါတယ်။ ပြစ်မှုကြောင်းအရ စွဲဆိုခဲ့တဲ့အမှုများမှာတော့ တရားခံများအပေါ်မှာ ပြစ်မှုထင်ရှားတဲ့ အတိုင်းပဲ တရားရုံးများက ထိုက်သင့်တဲ့ပြစ်ဒဏ်များချမှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ တရားမကြောင်းအရ စွဲဆိုထားတဲ့ အမှုများမှာတော့ ငွေစုသူများအား အနိုင်ဒီဂရီများချမှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ငွေစုသူ များက ၎င်းတို့ရရှိတဲ့ အနိုင်ဒီဂရီအတိုင်းပဲ အတည်ပြုပေးရန် ကုမ္ပဏီများအပေါ် ဇာရီမှုများဖွင့်လှစ် ပြီးတော့ ဒီဂရီကျငွေများတောင်းခံခဲ့ကြပါတယ်။ ဇာရီမှုများဖွင့်လှစ်ရာမှာ ကုမ္ပဏီများပိုင်တဲ့ပစ္စည်း များကိုစုံစမ်းဖော်ပြပြီးတော့ ယင်းပစ္စည်းများကို ဝရမ်းကပ်ရောင်းချပြီးတော့ ရောင်းရငွေကိုပေးရန် ရှိတဲ့တရားနိုင်များကို လျှောက်ထားတဲ့အတိုင်းပဲ တရားရုံးများက ဆောင်ရွက်ပေးခဲ့တဲ့အတွက်ပစ္စည်း တင်ပြနိုင်တဲ့ ငွေစုသူများဟာ ဒီဂရီကျငွေများကို ပြန်လည်ရရှိခဲ့ပြီးဖြစ်ပါတယ်။ သို့ရာတွင် တရားရှုံး ကုမ္ပဏီများပိုင်တဲ့ ပစ္စည်းများကိုမတင်ပြနိုင်တဲ့ တရားနိုင်များကတော့ ၎င်းတို့အနိုင်ရရှိထားတဲ့ တရားရုံးဒီဂရီကျငွေများကို ခံစားခွင့်မရရှိကြပါဘူး။ ထိုကဲ့သို့ တရားရုံးများရဲ့ဆုံးဖြတ်ချက် ဒီဂရီ အတိုင်း အကျိုးခံစားခွင့်မရှိကြခြင်းမှာ တရားရှုံးကုမ္ပဏီများမှာ ပိုင်ဆိုင်တဲ့ပစ္စည်း တစ်စုံတစ်ရာမျှ မရှိခြင်း၊ တရားနိုင်တဲ့သူတို့က ကုမ္ပဏီပိုင်ပစ္စည်းများကို ဖော်ထုတ်မတင်ပြနိုင်ခြင်းကြောင့်သာဖြစ်ပါ တယ်။ တရားရုံးရဲ့ဒီဂရီများကို အတည်ပြုမလုပ်နိုင်တဲ့ကိစ္စများမှာတော့ တရားရုံးမှာ တာဝန်မရှိပါဘူး။ ဒီဂရီကို အတည်ပြုရန်အတွက် တရားရှုံးပိုင်ပစ္စည်းကို ဝရမ်းကပ်ပြီးတော့ ရောင်းချပေးနိုင်ရန်အတွက် တရားရှုံးပိုင်ပစ္စည်းများကို ဖော်ပြလျှောက်ထားရန်မှာ တရားနိုင်ရဲ့တာဝန်သာဖြစ်ပါတယ်။ တရားရုံးက တရားရှုံး၏ ပစ္စည်းများကို ဖော်ပြလျှောက်ထားလာလျှင် လျှောက်ထားတဲ့အတိုင်းပဲ ပစ္စည်းကိုရောင်းချ ပြီးတော့ ရောင်းရငွေများကို တရားနိုင်ကို ပေးအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် တရားရုံးရဲ့ဆုံးဖြတ်ချက် ဒီဂရီများဟာ ကုမ္ပဏီများအပေါ်မှာ အာဏာသက်ရောက်မှုရှိကြောင်း ထင်ရှားပေါ်လွင်လျက်ရှိပါ တယ်။ ကြယ်ပွင့်ပြမေးခွန်း (၂)နဲ့(၃) တစ်ပြိုင်တည်းဖြေရရင် ကျွန်တော်တို့ စုငွေများကိုလက်ခံတဲ့ ကုမ္ပဏီများရဲ့ တရားဥပဒေချိုးဖောက်မှုများကို တရားစွဲဆိုခဲ့ပြီး သက်ဆိုင်ရာ တရားရုံးများမှလည်း တရားဥပဒေအရ စစ်ဆေးစီရင်ချက်များ ချမှတ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ငွေစုသူများအနေဖြင့် ကုမ္ပဏီသို့ ငွေပေးသွင်းစဉ်က နိုင်ငံတော်သို့လည်း တရားဝင်အခွန် ပေးသွင်းခြင်း၊ မှတ်ပုံတင်ခြင်း၊ အကျိုးအမြတ်ရရှိစဉ်ကလည်းပဲ ဝင်ငွေခွန်ပေးသွင်းခြင်းတို့ကို မပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးတော့ တရားမဝင်ငွေတိုးပေးသူနှင့် တရားမဝင်ငွေ လက်ခံသူ ကုမ္ပဏီတို့ မကျေမလည်ဖြစ်တဲ့အချိန်မှာ တရားရုံးသို့ တိုင်ကြားလာသဖြင့် နိုင်ငံတော်တရားရုံးများမှ တရားဥပဒေနှင်‌့အညီ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ တရားလိုဖြစ်တဲ့ ငွေတိုးပေးသူများကအနိုင် ဇာရီမှုကိုစွဲဆိုတဲ့အခါမှာ ကုမ္ပဏီများမှ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များရဲ့ ပိုင်ဆိုင်တဲ့ ခြံ၊ ‌ြမေ၊ တိုက်၊ ကား၊ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်စသည်ဖြင့် ပိုင်ဆိုင်မှုများကို အထောက်အထားခိုင်လုံစွာ သက်သေ အထောက်အထားခိုင်မာစွာဖြင့် တရားရုံးသို့ တင်ပြရမယ့်တာဝန်ရှိပါတယ်။ ကာယကံရှင်တရားလို များကိုယ်တိုင်က ဥစ္စာရင်လို ဥစ္စာရင်ခဲလုပ်ရမှာဖြစ်ပြီးတော့ အစစအရာရာ အစိုးရထံတင်ပြရုံနဲ့ မရနိုင်ပါ။ တရားစွဲဆိုသူဘက်က လိုအပ်တဲ့အချက်အလက်အထောက်အထားများကို ဖော်ပြတင်ပြ လျှောက်ထားသွားရမှာဖြစ်ပါတယ်။ တရားနိုင်များအနေနဲ့ မိမိတို့ငွေပေးသွင်းခဲ့တဲ့ ကုမ္ပဏီများထံမှ ရရန်ရှိတဲ့ ငွေရင်းနဲ့အမြတ်များ ပြန်လည်တောင်းခံရာမှာ ငွေများပြန်မပေးဆပ်နိုင်တဲ့ကုမ္ပဏီများ ပိုင်ဆိုင်တဲ့ အဆောက်အဦ၊ ‌ြမေ၊ ပစ္စည်းတို့ကို ဇာရီမှုစွဲဆိုပါက တရားရုံးများမှ ဝရမ်းကပ်ပြီးတော့ ထုခွဲရောင်းချပြီးရရှိငွေကို တရားနိုင်များသို့ မျှတစွာခွဲဝေပေးခြင်းဖြင့် ကုစားပေးခဲ့ပြီးဖြစ်ပါတယ်။ ဝရမ်းကပ်ရန် ပစ္စည်း၊ အဆောက်အဦ၊ ‌ြမေ မရှိတဲ့ ကုမ္ပဏီများနဲ့ပတ်သက်ပြီးတော့ အမှုစီရင်ပြီး        ၁၂ နှစ်ကြာကာလအတွင်းမှာ ၎င်းကုမ္ပဏီများမှာ ဝရမ်းကပ်နိုင်လောက်တဲ့ အဆောက်အဦ၊ ‌ြမေ၊ ပစ္စည်းနှင့်ငွေများ ရှိလာပြီဆိုရင် တရားနိုင်များကနေပြီးတော့ သက်သေအထောက်အထားခိုင်လုံစွာ ဖြင့် တရားရုံးသို့ ပြန်လည်လျှောက်ထားတင်ပြလာလျှင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ     ဆောင်ရွက်ပေးလျက်ရှိပြီး မျက်နှာကြီးငယ်မှု၊ ထောက်ထားညှာတာမှု၊ အားနာမှု၊ မျက်နှာလိုက်မှု၊ ဘက်လိုက် မှုမရှိဘဲ၊ No one is above the Law, Everyone is equal before the Law ဆိုတဲ့အတိုင်းပဲ နိုင်ငံတော်အစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဖြေကြားထားပါသည် ။
    ဥက္ကဋ္ဌ ။    ။ မေးမြန်းသူ ဦးတင်မောင်ဝင်းအနေနဲ့လည်း ပြည်ထောင်စုဝန်ကြီး ‌ြဖေကြား ချက်များကို မိမိရဲ့မဲဆန္ဒနယ်‌ြမေမှာရှိတဲ့ မဲဆန္ဒရှင်ပြည်သူများကို ရှင်းပြဖို့လည်းလိုပါမယ်။ ထိုနည်းတူစွာပဲ ဒီဖြစ်ရပ်က တစ်ချိန်တုန်းက မိမိတို့ဝန်ထမ်းအသီးသီးမရှိမဲ့၊ ရှိမဲ့ငွေများကို ခုနက ဖော်ပြတဲ့ကုမ္ပဏီများမှာ အပ်နှံဆောင်ရွက်ခဲ့သူများဖြစ်တဲ့အတွက် မိမိတို့ရဲ့ဝန်ထမ်းများလည်း များစွာ ထိခိုက်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ ဒီမှာ မိမိလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ သက်ဆိုင်တဲ့ ဝန်ကြီး ဌာနများကို ပြန်လည်သုံးသပ်တင်ပြချင်တာက‌တော့ အကယ်လို့ တရားရှုံးသွားတဲ့ ကုမ္ပဏီများ ပိုင်ဆိုင်မှုကို ပြည်သူများကတော့ သေသေချာချာ သိရှိနိုင်မှာမဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါကြောင့် မို့လို့ တာဝန်ရှိတဲ့အဖွဲ့အစည်း၊ တာဝန်ရှိတဲ့ နိုင်ငံတော်အပိုင်းက အဲ့ဒီတရားရှုံးသွားတဲ့ မမှန်မကန် လုပ်သွားတဲ့ ကုမ္ပဏီများ၊ ကုမ္ပဏီပိုင်ရှင်များနဲ့ပတ်သက်ပြီးတော့ ဘယ်ပစ္စည်းတွေ၊ ဘယ်အကြောင်း အရာတွေတော့ သူတို့ပိုင်ဆိုင်ခဲ့တယ်။ ပိုင်ဆိုင်နေတယ်၊ သိုဝှက်ထားတယ်ဆိုတာ သိအောင် ဖော်ထုတ်ဆောင်ရွက်ပေးမယ်ဆိုရင် နစ်နာသွားတဲ့ ပြည်သူများ၊ ဝန်ထမ်းများအတွက် များစွာအကျိုးရှိ နိုင်မှာဖြစ်တဲ့အတွက် ဒီကိစ္စကိုလည်း မေးခွန်းတစ်ခုအနေနဲ့မေးပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာန များက ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိနဲ့ မည်ကဲ့သို့ဆောင်ရွက်နေသည်ဆိုတာကို စတင်မေးခဲ့တဲ့ ဦးတင်မောင်ဝင်းအနေနဲ့ ထပ်ဆင့်မေးခွန်းတစ်ခုထုတ်ပေးဖို့ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဆွေးနွေး အသိပေးလိုပါတယ်။ ဒါကြောင့် ဒီတာဝန်ကိုလည်း ဦးတင်မောင်ဝင်းက ဆက်ပြီးတော့ ခုနမိမိပြောတဲ့ အကြောင်းအရာကိုပါရှိစေသော မေးခွန်း သို့မဟုတ် အဆိုတစ်ခု ဆက်လက်ဆောင်ရွက်ဖို့ ပြောကြားလိုပါတယ်။ ဒါကြောင့်လည်း မိမိတို့မသိနားမလည်တဲ့ ပြည်သူလူထုကို ဤကဲ့သို့ လက်တစ်လုံးခြား ဥပဒေနဲ့မညီသော ဆောင်ရွက်ချက်များကြောင့် နစ်နာခဲ့တဲ့ ပြည်သူများအတွက် ကုစားဖို့ဆိုရင် ဒီကိစ္စကလည်း အင်မတန်မှ အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက် အခုလို ဆောင်ရွက် ခိုင်းခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဦးတင်မောင်ဝင်း ဒီတာဝန်ယူပြီးတော့ ဆက်လက်ဆောင်ရွက်ပါ။