(စ)ချမ်းမြသာစည်လေယာဉ်ကွင်းကြီးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၁-၂-၂၀၁၂ )

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုဝန်ကြီးများ မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သပါရစေ။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဖြစ်ပါတယ်။ ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့           ချမ်းမြသာစည်‌လေယာဉ်ကွင်းအကြောင်းပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ချမ်းမြသာစည် လေယာဉ်ကွင်းအဟောင်းဟာ ချမ်းမြသာစည်မြို့နယ်အတွင်း တည်ရှိပြီးတော့ ကွင်းရဲ့အနောက် ဘက်မှာ ရန်ကုန်-မန္တလေးလမ်း သို့မဟုတ် ၇၈ လမ်း၊ အရှေ့ဘက်မှာ စိုက်ကွင်းတစ်ဆက်တည်း အားကစားသိပ္ပံ၊ ‌ြမောက်ဘက်မှာ ဆင်ဖြူကန်ကွင်း၊ တောင်ဘက်မှာ မန္တလေး-ပြင်ဦးလွင်ရထားလမ်း ကြားတွင် တည်ရှိနေပါတယ်။ ၎င်းလေယာဉ်ကွင်းဟာလည်းပဲ မန္တလေးမြို့တော်ကြီးရဲ့ ဗဟိုအချက် အချာကျတဲ့နေရာတစ်ခုဖြစ်ပါတယ်။ လေယာဉ်ကွင်းဟောင်း၏ အကျယ်အဝန်းမှာ ဧက ၁၂၀ ခန့် ရှိကြောင်းသိရှိရပါတယ်။ ၎င်းလေယာဉ်ကွင်းဟာ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး မပေါ်ထွန်းမီ ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလအထိသာ လေယာဉ်များအတက်အဆင်းရှိသည်ကိုသိရှိ ရပါတယ်။ ၎င်းနောက် လေယာဉ်အတက်အဆင်း လုံးဝမပြုလုပ်တော့ပါ။ ယခုအ‌ြခေအနေတွင် လေယာဉ်ကွင်းကြီးမှာ လုံးဝမပြုလုပ်တော့သည့်အတွက် ခြုံနွယ်ပိတ်ပေါင်းများထပ်လျက် တောကြီး သဖွယ်ဖြစ်နေသည်ကို တွေ့ရှိရပါတယ်။ အဆောက်အဦအဟောင်း၌ ဝန်ထမ်းအချို့နေထိုင်လျက်ရှိ ကြောင်းတွေ့ရှိရပါတယ်။ မန္တလေးမြို့တော်ကြီးအလယ်ရှိ ဧက ၁၂၀ ခန့်ရှိသော နေရာကြီး အလဟဿဖြစ်နေသည်ဟု ထင်မြင်ယူဆမိပါတယ်။ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းကြီးကို မြို့တော်အင်္ဂါရပ်နဲ့အညီ ခမ်းနားထည်ဝါ စွာဖြင့် ပြည်ထောင်စုအစိုးရမှ မည်သို့ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းထားပါသည် ။

ဖြေကြားသူ
ဦးဉာဏ်ထွန်းအောင် ပြည်ထောင်စုဝန်ကြီး
အဖြေ

 လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များခင်ဗျား။ ဆက်လက်ပြီး မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ရဲ့မေးခွန်းကို ‌ြဖေကြားမှာဖြစ်ပါတယ်။ ဦးတင်မောင်မေးထားတဲ့ ချမ်းမြသာစည်လေယာဉ်ကွင်းနဲ့ ပတ်သက်ပြီးတော့ ချမ်းမြသာစည်လေယာဉ်ကွင်းဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ လေယာဉ်ကွင်းဖြစ်ပါတယ်။ မူလတည်ဆောက်စဉ်က အလျားပေ ၄၀၀၀ နဲ့ အနံ ၇၅ ပေဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ကျွန်တော်တို့ အလျားပေ ၆၅၀၀ ပေနဲ့ အနံပေ ၁၀၀ ရှိပြီး တော့ ၇၅ တန်ရှိတဲ့ အက်ဖ် ၂၈ နဲ့ အထက်လေယာဉ်ပျံများဆင်းသက်နိုင်တဲ့ လေယာဉ်ကွင်းဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတကာမှာရှိတဲ့ မြို့ကြီးများနဲ့ပတ်သက်ပြီးတော့ ဒီခေတ်မီတိုးတက်လာတာနဲ့အမျှ ကွင်းအသစ် များရှာဖွေပြီး အသစ်ဖောက်လုပ်ခြင်းဟာ နိုင်ငံတကာရဲ့အစဉ်အလာဖြစ်ပါတယ်။ ကျွန်တော်တို့ မန္တလေးမြို့နဲ့ပတ်သက်ရင်လည်း နိုင်ငံတကာလေယာဉ်ပျံကြီးများ ဆင်းသက်နိုင်ဖို့အတွက် တံတား ဦးလေဆိပ်ကို ကျွန်တော်တို့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မန္တလေးချမ်းမြသာစည်လေဆိပ်ကို ၁၉၉၆ ခုနှစ်က ပေ ၆၅၀၀ အထိတိုးချဲ့ပြီးတော့ဆင်းခဲ့တာဖြစ်ပါတယ်။ တံတားဦးလေဆိပ်ကို      ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ပြီးတော့ မန္တလေးချမ်းမြသာစည်လေဆိပ်ကို ရပ်ဆိုင်း ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဝေဟင်ပိုင်နက်ကိုဖြတ်ကျော်ပျံသန်းခဲ့တဲ့ နေ့စဉ် ပျံသန်းတဲ့ လေယာဉ်ပျံပေါင်း ၄၅၀ ကျော်ရှိပါတယ်။ အဲ့ဒီ ၄၅၀ ကျော်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနောက်ဘက် Border ဝင်ပေါက် ၁၃ ပေါက်ရှိပါတယ်။ အရှေ့ဘက်မှာလည်း ထွက်ပေါက်           ၁၃ ပေါက်ရှိပါတယ်။ ဝင်/ထွက်တဲ့ လေယာဉ်များအားလုံးဟာ မြန်မာပြည်အထက်ပိုင်းဆိုလို့ရှိရင် ချမ်းမြသာစည်လေဆိပ်ကို သတင်းပို့ရပါတယ်။ အဲ့ဒီလေယာဉ်ပျံဟာ လေဆိပ်ကို သတင်းပို့ပြီးတော့မှ သက်ဆိုင်ရာအရှေ့၊ အနောက်လမ်းကြောင်းများကိုသွားရတာဖြစ်ပါတယ်။ မြန်မာပြည်အောက်ပိုင်း မှာတော့ ပဲခူးမှာရှိတဲ့ Station ကိုသတင်းပို့ပြီးမှသွားရတာဖြစ်ပါတယ်။ နေ့စဉ် ချမ်းမြသာစည် လေဆိပ်ကိုသတင်းပို့တဲ့ လေယာဉ်ပျံပေါင်းဟာ အစီး၂၀၀/၂၅၀ လောက်ရှိပါတယ်။ တစ်ကမ္ဘာလုံးရဲ့ လေကြောင်းပို့ဆောင်ရေးလမ်းကြောင်း (International Airways) မှာဆိုလို့ရှိရင် ချမ်းမြသာစည် လေယာဉ်ပျံကွင်းဟာ အင်မတန်အရေးကြီးတဲ့နေရာမှာပါပါတယ်။ ဒီ Computer အားလုံးမှာ လေယာဉ်ပျံကွင်းရဲ့ အကွာအဝေးကိုပါထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလေဆိပ်ကို အသုံးချဖို့အတွက် လောလောဆယ်စီမံထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ မူဝါဒမှာပါတဲ့ နိုင်ငံတကာလေကြောင်းလိုင်းများမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ လေသူရဲများမွေးထုတ် ပေးဖို့ဆိုတာပါပါတယ်။ ချမ်းမြသာစည်လေယာဉ်ကွင်းမှာ မကြာခင်မှာပဲ အရပ်ဘက်လေယာဉ်မောင်း သင်ကျောင်းတစ်ခုဖွင့်လှစ်ပြီးတော့ လေယာဉ်မောင်းသင်ကျောင်းနှင့်အတူ Flying Club တွေလည်း ဖွင့်ဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။ အဲ့ဒီ လေယာဉ်မောင်းသင်ကျောင်းကိုတော့  တပ်မတော် (လေ)မှ လေယာဉ်မောင်းနည်းပြအတွေ့အကြုံရှိတဲ့ ကျောင်းအုပ်ကြီးတွေ၊ နည်းပြဆရာတွေနှင့်ဖွဲ့စည်းပြီးတော့ တည်ဆောက်ဖို့လုပ်ထားပြီးဖြစ်ပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအောက်မှာလည်း ဖွဲ့စည်းပုံပါထားပြီးဖြစ်ပါတယ်။ နောက်ဆိုလို့ရှိရင် ချမ်းမြသာစည်လေယာဉ်ကွင်းမှာ လေယာဉ်မောင်းသင်ကျောင်းနှင့် အပျော်တမ်းပျံသန်းရေးကလပ် များစည်ကားလာမှာဖြစ်ပြီးတော့ မြို့ရဲ့ကျက်သရေဆောင် လေကြောင်းပညာပေးဌာနတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ ၎င်းအပြင်ချမ်းမြသာစည်လေယာဉ်ကွင်းဟာ ပေပေါင်း ၆၅၀၀ ရှိ တဲ့အတွက်ကြောင့်မို့လို့ တံတားဦးလေယာဉ်ပျံကွင်းရဲ့ အရေးပေါ်အရန်လေယာဉ်ပျံကွင်းအဖြစ်လည်း အသုံးပြုခြင်းဖြစ်ပါ တယ်။ ကိုယ်စားလှယ်တော်ကြီးမေးမြန်းထားတဲ့မေးခွန်းနှင့်ပတ်သက်ပြီးတော့ နိဂုံးချုပ်အနေနဲ့ တင်ပြရမယ်ဆိုရင် ချမ်းမြသာစည်လေယာဉ်ကွင်းဟာ အပြည်ပြည်ဆိုင်ရာလေကြောင်းပျံသန်းမှု အတွက် Reporting Point ဖြစ်ပြီးတော့ မြို့ရဲ့ကျက်သရေဆောင်အရပ်ဘက် လေယာဉ်မောင်း သင်ကျောင်းနှင့် အပျော်တမ်းပျံသန်းရေးကလပ်များဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားလျက် ရှိကြောင်း ဖြေကြားထားပါသည် ။