( ဆ ) မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဖမ်းယူထုတ်လွှင့်မှုနှင်‌့စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၇-၂-၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်ရွှေ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြန်ကြားရေးနှင်‌့စပ်လျဉ်းတဲ့ မေးခွန်းတစ်ခုကို မေးမြန်းသွားမှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် မြို့သစ်မြို့နယ်ခွဲဟာ တမူးမြို့မှ ၃၅ မိုင်ခန့်ကွာဝေးတဲ့ ကဘော်ချိုင့်ဝှမ်းဒေသရဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။ အဲဒီမြို့နယ်ခွဲမှာ ပြန်ကြားရေး ဝန်ကြီးဌာနမှ ၂၀၀၉-၂၀၁၀ ဘတ်ဂျက်နှစ်မှာ ရုပ်မြင်သံကြားနှင့်ထပ်ဆင့်လွှင်စက်ရုံကို တည်ဆောက် နေတာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်၊ ဧပြီလအတွင်းမှာ အဆောက်အဦများ ပြီးစီးပြီ ဖြစ်ပါတယ်။ အခုအချိန်မှာ အဆိုပါဒေသမှ လုပ်သားပြည်သူများက ရုပ်မြင်သံကြားထုတ်လွှင့်မှုကို ကြည့်ရှုလိုတဲ့ ဆန္ဒများ ပြင်းပြနေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အဲဒီမြို့နယ်ခွဲမှာ ရုပ်မြင်သံကြားထုတ်လွှင့်မှုကို မည်သည့်အချိန်မှာ စတင်နိုင်ဖို့အတွက် စီစဉ်ထားရှိကြောင်း သိလိုပါသဖြင့် မဲဆန္ဒရှင်များရဲ့ကိုယ်စား မေးမြန်းထားပါသည် ။

 

ဖြေကြားသူ
ဦးကျော်ဆန်း ပြည်ထောင်စုဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေရဲ့ မေးမြန်းချက်အပေါ်မှာ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ၌ ၂၀၀၉-၂၀၁၀ ဌာနဘတ်ဂျက်ဖြင့် ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ကြီးကြပ်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အဆောက်အဦပိုင်းဆိုင်ရာကိစ္စများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။ 50 W TV Transmitter လွှင့်စက်နှင့် 30 Meter Tower စက်ပစ္စည်းများအတွက် ၂၀၁၁-၂၀၁၂ ဘတ်ဂျက်တွင်ပါရှိပြီး တင်ဒါခေါ်ယူခြင်း၊ ဈေးနှုန်းစိစစ်ခြင်းများဆောင်ရွက်ပြီးစီး၍ဝယ်ယူရန် စာချုပ်ချုပ်ဆိုပြီးလည်း ဖြစ်ပါတယ်။ အဆိုပါ စက်ပစ္စည်းများသည် ၂၀၁၂ ခုနှစ်၊ မတ်လမှာ ရောက်ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။ ဧပြီလတွင် စက်တပ်ဆင်ရေးနှင့် ထုတ်လွှင့်ရေးဆောင်ရွက်ပေးနိုင်ရန် လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည် ။