(င) ရွှေတောင်မြို့၌ စက်မှုဇုန်သတ်မှတ်ပေးရန်နှင်‌့စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၇-၂-၂၀၁၂)

 လေးစားအပ်ပါသောပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ဂါရဝတရားရှေ့ထားပြီးတော့ မင်္ဂလာပါလို့ ကျွန်မနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မကတော့ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်အေးမြင့်ဖြစ်ပါတယ်။

 

          ဥက္ကဋ္ဌကြီးရှင့်။ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ပေါ်လူနေရပ်ကွက်များတွင် ဆန်စက် ကြီး/သေး ၁၅ စက်၊ ဆီစက် ၆ ခု၊ ပဲခွဲစက် အမှုန့်ကြိတ်စက် ၇ စက်၊ ပဲလှော်ဖို ၂ ဖို၊ မွှေစက် ကြိတ်စက်ယိုစုံလုပ်ငန်း ၁ ခု၊ ကားဝပ်ရှော့အလုပ်ရုံ ၃ ရုံ၊ တွင်ခုံ ၆ လုံး၊ သံဂဟေဆက်လုပ်ငန်း ၁ ခု၊ ကားဆေးမှုတ်လုပ်ငန်း ၁ ခု၊ သစ်ခွဲစက် ၃ စက်၊ ကျောက်ကြိတ်စက် ၁ ခု၊  စုစုပေါင်းစက်သုံးလုပ်ငန်း ၄၆ ခုတို့ကို စီးပွားဖြစ်လုပ်ကိုင်လျက်ရှိကြပါတယ်။ အဲဒီလို စက်ကိရိယာသုံးတဲ့လုပ်ငန်းများကြောင့် အကျိုးဆက်အဖြစ်နဲ့ ပတ်ဝန်းကျင်နေအိမ်များမှာ စက်သံဆူညံလို့ အနှောင့်အယှက်ဖြစ်ကြရပါတယ်။ လုပ်ငန်းသုံးပစ္စည်း၊ လုပ်ငန်းမှဘေးထွက်ပစ္စည်းစသည်များက ပတ်ဝန်းကျင်ကိုဆိုးကျိုးပေးပါတယ်။ ယိုစုံလုပ်ငန်းဆိုရင် သစ်သီးပုပ်အနံ့တွေက ပတ်ဝန်းကျင်မှာအင်မတန်အနံ့ဆိုးစွာနဲ့ ကျန်းမာရေးကို  ထိခိုက်နိုင်တဲ့အထိဖြစ်ရပါတယ်။ အလုပ်သမားများ၏ စည်းကမ်းမဲ့မှု၊ အလုပ်ရှင်၏တာဝန်မဲ့မှုများ ကြောင့်ဆိုတာ အလုပ်သမားဆိုတဲ့သူတွေကလည်း ပင်ပန်းကြတဲ့အခါကျတော့ သူတို့အချင်းချင်း စကားပြောတာ ရိုးရိုးပြောတာတောင်မှပဲ အဆဲစကားလေးနဲ့သူတို့က ပရိသန္ဓာရစကားပြုတတ်ကြတဲ့ သဘောလေးတွေပါ။ အဲဒီအခါကျတော့ အဲဒီလိုစကားအပြောအဆိုကအစ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့နားအကြားမှာ အနှောင့်အယှက်ဖြစ်စေတာမျိုးတွေ၊ နောက်ပြီးတော့ သူတို့ရဲ့စားသောက် ပြီးတော့ အမှိုက်သရိုက်တို့၊ သူတို့စွန့်ပစ်တဲ့အညစ်အကြေး၊ အညစ်အကြေးဆိုတာဟာလည်း တကယ် ပြောမကောင်းတဲ့အညစ်အကြေးမျိုးတွေတောင်ပါတဲ့ အဲဒီလို အညစ်အကြေးမျိုး‌တွေ၊ အထုပ်တွေ အထည်တွေနဲ့ ဘေးပတ်ဝန်းကျင်အိမ်ခြံဝင်းတွေထဲကိုပစ်တာမျိုးတွေပါ။ နောက် အလုပ်ရှင်၏တာဝန် မဲ့မှုများကြောင့်ဆိုတာ အလုပ်ရှင်တွေဆိုတာကလည်း သူတို့သိလည်းပဲသူတို့မတားပါဘူး။ မသိတော့ လည်းပဲ မသိလို့တိုင်တဲ့အခါကျတော့ မဆုံးမပါဘူး။ များသောအားဖြင့်လည်းပဲ လုပ်ငန်းရှင်တွေဟာ အဲဒီအလုပ်ခွင်တွေမှာ သူတို့ဟာလူနေတာမဟုတ်ပဲနဲ့ သူတို့ဟာသီးသန့်နေအိမ်နဲ့ ဝေးရာမှာ နေပြီးတော့ အလုပ်သမားတွေနဲ့ လုပ်ငန်းခွင်နဲ့ကို လွှတ်ထားတာမျိုးတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပတ်ဝန်းကျင်မှာနေတဲ့သူတွေ နားဒုက္ခ၊ စိတ်ဒုက္ခရောက်ကြရပါတယ်။ အဲဒါဟာနေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဒုက္ခဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့မှာ စက်ကိရိယာသုံးတဲ့ လုပ်ငန်းရှင်၊ အလုပ်သမားတွေလည်း လွတ်လွတ်လပ်လပ်နဲ့စီးပွားဖြစ်လုပ်ကိုင်နိုင်ဖို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူနေအိမ်များဟာလည်းပဲ အနှောင့်အယှက်ကင်းစွာနဲ့ နားအေးချမ်းသာနေနိုင်ကြဖို့အတွက် စက်မှုဇုန်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်းမေးမြန်းထားပါသည်။

 

ဖြေကြားသူ
ဦးစိုးသိန်း ပြည်ထောင်စုဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်အေးမြင့်မေးမြန်းတဲ့ ကြယ်ပွင်‌့ပြမေးခွန်းနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်းပြန်လည်ရှင်းလင်း‌ြဖေကြားအပ်ပါတယ်။ (က) ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် စက်မှုဇုန်တစ်ခုအား တည်ထောင်ထားပြီးဖြစ်ပါသောကြောင့် ရွှေတောင်မြို့ရှိ ဖော်ပြပါ အသေးစားစက်မှုလုပ်ငန်းများကို ပြည်စက်မှုဇုန်နေရာသို့ သွားရောက်ပူးပေါင်းဆောင်ရွက်ပါက လတ်တလောအဆင်ပြေနိုင်မယ်ဖြစ်ပါတယ်။ (ခ) ယခုအခါမှာ မြို့များအတွက် City Development Plan နဲ့ Township Development Plan တို့ကို တာဝန်ရှိသည့်ဌာနအဖွဲ့အစည်းအသီးသီးမှ စတင်ပြုစုရေးဆွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါတယ်။ Development Plan များရေးဆွဲ ပြီးစီးသွားပါက ကဏ္ဍအလိုက်စနစ်တကျဖြစ်ပေါ်လာစေမည်ဖြစ်ပြီး မြို့ကြီး၊ မြို့နှင့် ကျေးရွာအားလုံး ဖွံ့ဖြိုးတိုးတက်စေရန် အနာဂတ်အစီအမံများကိုရေးဆွဲပြီး နေရာချထားတည်ဆောက်ပေးရန် ဆောင်ရွက်လျက်ရှိပါတယ်။ (ဂ) သို့ပါ၍ ရွှေတောင်မြို့တွင် စက်မှုဇုန်တည်ထောင်ဖွင့်လှစ်ပေးရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားထားပါသည်။