လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြား၍ တက်ရောက်လာကြသောပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းမယ့်မေးခွန်းကတော့ ကျွန်တော်တို့ရဲ့ မြင်းခြံမဲဆန္ဒနယ်မြေ အတွင်းမှာရှိတဲ့ မြို့နယ်ခွဲကျေးရွာကြီးတစ်ရွာဖြစ်တဲ့ ဆီမီးခုံဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စပဲ ဖြစ်ပါ တယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြင်းခြံမြို့နဲ့ ၂၇ မိုင်အကွာ ဧရာဝတီမြစ်ကမ်းပါးပေါ်ရှိ ဆီမီးခုံကျေးရွာကြီး သည် အိမ်ခြေ ၉၀၀ ခန့်ရှိပြီး ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်း၊ အစိုးရအထက်တန်းကျောင်း တစ်ကျောင်း၊ အစိုးရမူလတန်းကျောင်း တစ်ကျောင်း၊ တိုက်နယ်ပြည်သူ့ဆေးရုံ၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ စည်ပင်သာယာဈေးနဲ့ ဆီမီးခုံ ၁၊၂၊၃ မြစ်ရေတင်စီမံကိန်းများရှိသော ဒေသဖြစ်ပါတယ်။ ရွာရဲ့ အရှေ့ဘက်ရွာဦးထိပ်မှာ လျှပ်စစ်မြစ်ရေတင်စီမံကိန်းများအား လျှပ်စစ်ဖြန့်ဖြူးပေးနေသော ဓာတ်အား ခွဲရုံကြီးမှာ မီးထိန်ထိန်လင်းနေသည်ကို နေ့စဉ်မြင်တွေ့နေရ၍ ရွာသူရွာသားများ၏ဆန္ဒမှာ နိုင်ငံတော် အစိုးရသစ်လက်ထက် မိမိတို့ရွာ မလွဲမသွေလျှပ်စစ်မီးလင်းရမည်ဟု အားကိုးယုံကြည်မျှော်လင့် လျက်ရှိပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဆီမီးခုံ ရွာမှာ ဧရာဝတီမြစ်ဆိပ်ကမ်းတစ်ခုတည်ဆောက်ဖို့လည်း စီစဉ်နေကြောင်း ကြားသိရပါတယ်။ စက်မှုဝန်ကြီးဌာန၊ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနများရဲ့ စီမံကိန်းများနဲ့လည်း ၉ မိုင်မျှသာဝေးပါတယ်။ သို့ဖြစ်ပါ၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ညှိနှိုင်းပေါင်းစပ်ပြီး ဆီမီးခုံဒေသဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး နိုင်ရန် အစီအစဉ်ရှိ၊မရှိ သိရှိလို၍ ဒေသခံပြည်သူများကိုယ်စား မေးမြန်းထားပါသည် ။
လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များခင်ဗျား။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၏ မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်ခင်ဗျား။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ မြို့နယ် ဆီမီးခုံဒေသတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ်အသုံးချ ရေးဦးစီးဌာနမှတည်ဆောက်ထားတဲ့ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ခုရှိပါတယ် ခင်ဗျား။ အဆိုပါ ဓာတ်အားခွဲရုံမှတစ်ဆင့် ၁၁ ကေဗွီလျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်း၍ ဆီမီးခုံ (၁) မြစ်ရေတင်လုပ်ငန်း ၃၁၅ ကေဗွီအေ၊ ဆီမီးခုံ(၂) မြစ်ရေတင်လုပ်ငန်း ၃.၇၃ အမ်ဗွီအေနှင့် ငါန်းမြှားမြစ်ရေတင်လုပ်ငန်း ၁.၇ အမ်ဗွီအေ၊ စုစုပေါင်း ၅.၇၄၅ အမ်ဗွီအေ တည်ဆောက်တပ်ဆင် ထားရှိပါတယ်။ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံသည် မြစ်ရေတင်လုပ်ငန်းသုံးခု၏ မူလလျာထားအကျိုးပြုဧက ၁၂၉၇၂ ဧကအတွက် တွက်ချက်ဆောင်ရွက်ထားခြင်းဖြစ်သော်လည်း လက်ရှိရေပေးဝေစိုက်ပျိုးသောဧက ၂၀၅၉ ဧကအတွက် ဓာတ်အားသုံးစွဲမှုမှာ ၂.၅ မဂ္ဂါဝပ်ခန့်သာ အသုံးပြုထားသဖြင့် ၁.၅ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ပိုလျှံမှုရှိပါတယ်။ ဆီမီးခုံဒေသ မြစ်ရေတင် လုပ်ငန်းများမှ လက်ရှိရေပေးဝေစိုက်ပျိုးနေသော ဧကထက်ပိုမိုရေပေးဝေရန် ဒေသလျာထားချက် မရှိသည့်အတွက် ပိုလျှံသောလျှပ်စစ်ဓာတ်အားကို ဆီမီးခုံဒေသဖွံ့ဖြိုးရေးအတွက် ခွဲဝေသုံးစွဲရန် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ခွင့်ပြုပေးနိုင်ကြောင်းသိရှိရပါတယ်။ ဆီမီးခုံ ဒေသအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေဓာတ်အားခွဲရုံမှ ၁၁ ကေဗွီဓာတ်အားလိုင်းများတိုးချဲ့တည်ဆောက်ပြီး ရွာ၏လိုအပ်ချက်နှင့် အိမ်ရာများတည်ရှိမှု အနေအထားပေါ်မူတည်၍ ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှစ်လုံး သို့မဟုတ် ၃၁၅ ကေဗွီအေ ထရန်စမော်မာတစ်လုံးတည်ဆောက်ပြီး ဓာတ်အားဖြန့်ဖြူးပေးရမည်ဖြစ်ပါတယ်။ ထိုလုပ်ငန်းများကို အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များနည်းတူ ကျေးရွာမီးလင်းရေးကော်မတီများဖွဲ့စည်းလျက် ကိုယ့်အားကိုယ်ကိုး တည်ဆောက်သွားရမှာဖြစ်ပါတယ်။ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့်မူဘောင်နှင့်ညီညွတ်ပြီး ခွင့်ပြုပေးသွားမှာဖြစ်ပြီးတော့ ကျွမ်းကျင်မှုဆိုင်ရာများကိုလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ဖြေကြား
ထားပါသည် ။
