(ဍ)ပြည်သူ့ဆေးရုံအား အဆင့်တိုးမြှင့်ပေးပါရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး တတိယနေ့ (၃၀.၁.၂၀၁၂)

 လေးစားအပ်ပါသော ပြည်‌သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အားလုံးမင်္ဂလာပါခင်ဗျား။ ကျွန်တော့်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပြည်သူ့ဆေးရုံ ခုတင် ၂၀၀ ကို ခုတင် ၃၀၀ အဆင့်တိုးမြှင့်ပေးဖို့ကိစ္စနှင့်စပ်လျဉ်းပြီးမေးမြန်းတင်ပြမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ မုံရွာမြို့ပြည်‌သူ့ဆေးရုံဟာ ဒေါနခြံရပ်၊ ဗိုလ်ချုပ်လမ်းမှာတည်ရှိပြီး မြေဧက ၁၀.၅၅၁ မှာ ဆေးရုံအုပ်ကြီးရုံး၊ အထူးပြင်ပလူနာဌာနရုံး၊ အရေးပေါ်ပြင်ပလူနာဌာနနှင့် လူနာများကုသတဲ့ အဆောင်ပေါင်း ၈ ဆောင်အပါအဝင် စုစုပေါင်းအဆောင် ၁၄ ဆောင်ဆောက်လုပ်ပြီးတော့ စံချိန်ကိုက်ခုတင် ၂၂၇ ခုတင်ထားရှိပြီးတော့ ကုသခွင့်ရနေတဲ့ဆေးရုံဖြစ်ပါတယ်။ အခုအခါမှာလက်ရှိ အဆောင် ၁၄ ဆောင်အပြင် A,B,C,D ဆိုပြီးတော့ အဆောင် ၄ ဆောင်၊ စံကိုက်ခုတင် ၁၇၆ လုံးထပ်မံ ဖြည်‌့ဆည်းပြီးတော့ ကျွန်တော်တို့မြို့မိမြို့ဖများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး အစိုးရရဲ့စည်းရုံးမှုအရ တည်ဆောက်ပြီးဖြစ်ပါတယ်။ အဲ့ဒါအပြင် နှစ်ထပ်မျက်စိလူနာဆောင်တစ် ဆောင်၊ Major ဓာတ်ခွဲခန်းတစ်ခု၊ Minor ဓာတ်ခွဲခန်းတစ်ခု၊ အဲ့ဒီလူနာဆောင်မှာပဲ ခုတင် ၆၀ ပါဝင်ပြီး တော့ အဲဒါလည်းပဲ ကျွန်တော်တို့စည်းရုံးမှုအရ ပုဂ္ဂလိကလှူဒါန်းရှင်တစ်ဦးရဲ့ ဒါနနဲ့ဆောက်လုပ်လျက် ရှိပါတယ်။ ဒါလည်းပဲ ၅၅ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီဖြစ်ပါတယ်။ အထက်ပါတင်ပြချက်များကို သုံးသပ်မယ်ဆိုရင် မူလစံချိန်ကိုက်ခုတင် ၂၂၇ ခုတင်၊ နောက်ထပ်တိုးချဲ့ခုတင် ၁၇၆ ခုတင်၊ အထူးမျက်စိဆောင်အတွက် ခုတင် ၆၀၊ စုစုပေါင်းခုတင် ၄၅၄ ခုတင်ကို စနစ်တကျထားရှိပြီးတော့ ကုသနိုင်ဖို့ မြို့မိမြို့ဖများ၊ အလှူရှင်တွေက Infrastructure များကို ပြီးပြည့်စုံအောင်လှူဒါန်းပြီး ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မုံရွာပြည်သူ့ဆေးရုံရဲ့အကျိုးပြုဧရိယာ Current ဧရိယာကို သုံးသပ်လိုက်မယ်ဆိုရင် မုံရွာခရိုင်ရှစ်မြို့နယ်မှာ လူဦးရေ ၁၇ သိန်းခန့်၊ ရွှေဘိုခရိုင် မူးမြစ် အနောက်ဘက်မှာရှိတဲ့ မြို့နယ်လေးခုရဲ့လူဦးရေ ခုနစ်သိန်းခန့်၊ ကလေးခရိုင်မှလူဦးရေ သုံးသိန့်ခန့်၊ မကွေးတိုင်းအနောက်မြောက်ခြမ်းက လူဦးရေနှစ်သိန်းခန့်၊ စုစုပေါင်းလူဦးရေ ၂၉ သိန်းခန့်ရဲ့ ကျန်းမာရေးကို တာဝန်ယူလျက်ရှိ နေတဲ့ဆေးရုံဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဖော်ပြပါ အကျိုးပြု ဧရိယာရဲ့ အတွင်းလူနာ၊ အပြင်လူနာ၊ မွေးလူနာ၊ ခွဲစိတ်လူနာစသည်‌အားဖြင့် လာရောက်ကုသမှု အခြေအနေမှာ ၂၀၁၁ ခုနှစ်တွင် အတွင်းလူနာပေါင်းတစ်သိန်းကျော်ကို ကျွန်တော်တို့ဆေးရုံက မနိုင်မနင်း ကုသပေးနေရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မုံရွာမြို့ပြည်‌သူ့ဆေးရုံရဲ့ အရာထမ်း၊ အမှုထမ်း စံချိန်ကိုက်ခန့်ထားခြင်းနှင့် လက်ရှိတာဝန်ယူဆောင်ရွက်နေရတဲ့ပမာဏဟာ လွန်စွာကွာခြား နေပါ တယ်။ ခုတင် ၂၀၀ ဆံ့ စံကိုက် အရာထမ်း ၁၁၃ ဦး၊ အမှုထမ်း ၄၈၁ ဦးတို့ခန့်ထားရမယ့်အစား လက်ရှိ အရာထမ်း ၄၅ ဦးနှင့် အမှုထမ်း ၂၆၀ တို့ဟာ စုစုပေါင်းကုသတဲ့အမှုထမ်းနှင့် အရာထမ်း အားလုံးပေါင်း ၃၀၅ ဦးနဲ့ တက်လာတဲ့လူနာတွေကို မနိုင်မနင်းကုသနေရတဲ့အကြောင်း ကျွန်တော် လေ့လာတွေ့ရှိ ရပါတယ်။ အထူး Specialist အနေအထားနဲ့ စံကိုက်ခုတင် ၂ဝဝ မှာ ရှိသင်‌့တာက (က) အထူးကု ဆရာဝန်ကြီး(သွား)၊ (ခ) အထူးကုဆရာဝန်ကြီး(မှုခင်းဆေးပညာ)၊  (ဂ) အထူးကုဆရာဝန်ကြီး (အဏုဇီဝဗေဒ)၊ (ဃ)အထူးကုဆရာဝန်ကြီး (အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး)၊ (င) အထူးကုဆရာဝန်ကြီး (ဦးနှောက်နှင့်အာရုံကြော)၊ (စ) အထူးကုဆရာဝန်ကြီး (ဦးနှောက်နှင့်အာရုံကြောခွဲစိတ်)စတဲ့ အထူးကု ဌာနကြီး‌ြခောက်ခုဟာ ကျွန်တော်တို့ဆီမှာ မရှိသေးတဲ့အတွက် စံကိုက်ခုတင် ၂၀၀ တောင်မှပဲ ပြည့်မီ အောင် ဒီအထူးကုဌာနကြီးတွေ လိုအပ်နေကြောင်းလည်း လေ့လာတွေ့ရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အဆောက်အဦနဲ့ လိုအပ်သည်များကို မြို့မိမြို့ဖများနှင့် အလှူရှင်များက စိတ်အားထက်သန်စွာ လှူဒါန်းပေးနိုင်သော်လည်း နိုင်ငံတော်မှခုတင် ၃၀၀ ဆံ့အထိ အဆင့်မြှင့်၍ ဝန်ထမ်းအင်အား မခန့် ထားနိုင်လို့ရှိရင် မုံရွာပြည်သူ့ဆေးရုံရဲ့ ဝန်ဆောင်နိုင်မှုနဲ့ လူနာအရေအတွက်ဟာ မမျှမတဖြစ်နေ ကြောင်း ပကတိအရှိတရားကိုသုံးသပ်တင်ပြအပ်ပါတယ်။ ဒါကြောင့် မုံရွာပြည်သူ့ဆေးရုံခုတင် ၂၀၀ အစား ပြည်သူ့ဆေးရုံခုတင် ၃၀၀ အထိအဆင့်မြှင့်ပေးပါရန် နိုင်ငံတော်မှ အစီအစဉ်ရှိ၊ မရှိသိလိုပါ ကြောင်းမေးမြန်းထားပါသည်။

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဦးရဲ့မေးခွန်းကို ပြန်လည် ဖြေကြားပါမယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပြည်သူ့ဆေးရုံကြီးရဲ့ လက်ရှိဖွဲ့စည်းပုံကို အထူးကု ဘာသာရပ် ၁၇ မျိုးပါဝင်တဲ့ အထူးကုဆရာဝန်ကြီး ၁၇ ဦး၊ အထူးကုဆရာဝန် ၁၇ ဦးအပါအဝင် အရာထမ်းရာထူး ၁၀၆ နေရာ၊ အမှုထမ်းရာထူး ၄၈၈ နေရာ၊ စုစုပေါင်းဝန်ထမ်းရာထူး ၅၉၄ နေရာပါဝင်တဲ့ ခုတင် ၂၀၀ ဆံ့ စံချိန်ကိုက်ဖွဲ့စည်းပုံသို့ပြင်ဆင်ဖွင့်လှစ်ရန် ကျန်းမာရေးဦးစီးဌာနရဲ့  ၁၀-၁-၂၀၁၂ ရက်စွဲပါစာအမှတ်၊ ကမပ/ဃ-၁၀၁၀/၉ နဲ့ ခွင့်ပြုမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ဖြေကြားထားပါသည်။