(ဌ) ဆေးရုံအဆောက်အဦများတိုးချဲ့ခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး တတိယနေ့ (၃၀.၁.၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မောင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြစ်သားမြို့နယ် ခုတင် ၅၀ဆံ့ ဆေးရုံအဆောက်အဦနဲ့ပတ်သက်၍ မေးမြန်း တင်ပြသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြစ်သားမြို့ပြည်‌သူ့ဆေးရုံကို ၁၉၅၄ ခုနှစ်မှာ အစိုးရမှ ၁၆ ခုတင်ဆံ့ဆေးရုံဆောက်လုပ်ပေးခဲ့ပြီးတော့မှ ၁၉၉၃ ခုနှစ်မှာ ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ်သို့လည်း ကောင်း၊ ၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့မှာ ခုတင် ၅၀ ဆံ့ပြည်‌သူ့ဆေးရုံသို့လည်းကောင်းတိုးမြှင့် ပေးခဲ့ပါတယ်။ အဆောက်အဦများကိုမူ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်းမပြုလုပ်နိုင်ခဲ့ပါ။ ယခုအချိန်မှာ ဆရာဝန်ရှစ်ဦးအပါအဝင် ဝန်ထမ်း ၄၂ ဦးခန့်ထားပေးပြီးအလုပ်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ဆေးရုံ မှာ ၅၇ နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ရာ အမိုး၊ အင်္ဂတေပြားများ၊ စလစ်ပြားများအက်ကွဲပြီး မိုးမလုံခြင်း၊ အုတ်နံရံများ၊ အင်္ဂတေကြမ်းခင်းများအက်ကွဲလာခြင်းများဖြစ်ပေါ်နေပြီး အဆောက်အဦမှာအမိုးနိမ့်၍ အလင်းရောင်နည်းပါးခြင်း၊ လေဝင်လေထွက်မကောင်းခြင်း၊ ဝန်ထမ်းအိမ်ရာမလုံလောက်ခြင်းတို့ ကြောင့် ဆေးရုံဝန်ထမ်းများ၊ လူနာများမှာအဆင်မပြေမှုများဖြစ်ပေါ်နေပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဆေးရုံရဲ့မြေအကျယ်အဝန်းမှာ ၅.၄၈၇ ဧကရှိပါ၍ ဆေးရုံအားပြင်ဆင်မွမ်းမံခြင်း၊ လိုအပ်သော အဆောက်အဦများတိုးချဲ့ခြင်းနှင့် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးနိုင်ရေးတို့အား မည်‌့ကဲ့သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းထားပါသည်။

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မောင်ရဲ့မေးခွန်းကို ပြန်လည်ဖြေကြားရမယ်ဆိုရင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ခုတင် ၅၀ ဆံ့ဆေးရုံ ပြင်ဆင်မွမ်းမံခြင်း၊ လိုအပ်သောအဆောက်အအုံများတိုးချဲ့ခြင်းနှင့် ဝန်ထမ်းအိမ်ရာများတိုးချဲ့ ဆောက်လုပ်ပေးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးစားပေးအစီအစဉ်အတိုင်း နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေဖြင့်အခုလက်ရှိလည်း ဆောင်ရွက်ပေးလျက်ရှိပြီး ဆက်လက်လည်းဆောင်ရွက်ပေးလျက် ရှိမည်ဖြစ်ကြောင်း ဖြေကြားထားပါသည်။