ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့နယ်စပ် အကြိုကုန်သွယ်ရေးစခန်းကို ၂၇-၁၀-၂၀၁၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်တို့အကြား ညီအစ်မမြို့တော် Sister City အဖြစ် ၉-၃-၂၀၁၇ ရက် နေ့တွင် ကယားပြည်နယ်၊ ပြည်နယ်ခန်းမတွင် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ခရိုင်ဝန်တို့က နားလည်မှုစာချွန်လွှာ MoU ထိုးပြီးဖြစ်ပါကြောင်း၊
ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် အဆင်းရဲဆုံးပြည်နယ် သုံးခုတွင် ပါရှိပြီး ငြိမ်းချမ်းရေးမရသေးသည့် ပြည်နယ်လည်း ဖြစ်ပါကြောင်း၊ ညီအစ်မမြို့တော် Sister City ၏ ဆက်ဆံရေးပိုမို ဖြစ်ထွန်းနိုင်ရေးအတွက် နှစ်ဖက်နိုင်ငံများ၏ ယဉ်ကျေးမှု၊ ပညာရေး၊ နည်းပညာ၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုစသော ကဏ္ဍအသီးသီးတွင် ပူးပေါင်းပြီး အကျိုးတူစီးပွားရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီးမှသာ တတိယနိုင်ငံများကလည်း အကျိုးတူစီးပွားရေးများ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ကယားပြည်နယ်တို့ နယ်စပ်ကုန်သွယ်ရေး ဝင်ငွေအခွန်အခ များလည်း တိုးတက်လာပါက ပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးတို့သည် နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက်များစွာ အထောက်အကူပြုသည့်အတွက် နယ်စပ်ဖြတ်သန်း သွားလာခွင့်သည် ကယားပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အင်မတန် အရေးကြီးပါကြောင်း၊
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကို ဖွဲ့စည်းပြီး Kayah State Investment Forum ကိုလည်း ကယားပြည်နယ်ခန်းမတွင် ၂၈-၅-၂၀၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့၍ ကမ္ဘာ့နိုင်ငံအသီးသီးက ရင်းနှီးမြှုပ်နှံချင်သူများ တက်ရောက်လေ့လာကြ သည်ကို တွေ့ရပါကြောင်း၊
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ထိုင်းဘုရင့်နိုင်ငံအကြား နှစ်နိုင်ငံနယ်စပ် ဖြတ်သန်း သွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၆-၅-၁၉၉၇ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်ကို ပြန်လည်ဆန်းစစ်၍ ၂၄-၆-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရဘက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းဘုရင့်နိုင်ငံ အစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီးတို့က နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပါကြောင်း၊ အထက်ဖော်ပြပါ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်တွင် နှစ်နိုင်ငံအပြန်အလှန် ခွင့်ပြုထားသည့် ဝင်ပေါက်များအဖြစ် တာချီလိတ်၊ မယ်ဆိုင်၊ မြဝတီ၊ မဲဆောက်၊ ထီးခီး၊ ဖူနာရွန်၊ ကော့သောင်း၊ ရနောင်းတို့ကို သဘောတူထားသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ကယားပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာ၊ ထိုင်း နှစ်နိုင်ငံနယ်စပ်ဝင်ပေါက် BP-13 မှ တစ်ဆင့် လွိုင်ကော်မြို့အထိ နှစ်ဖက်နိုင်ငံခရီးသွားများအား တရားဝင်လုံခြုံစွာ ခရီးသွားလာခွင့် ရရှိနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်မှ နယ်စပ်ဖြတ်သန်းသွားလာခွင့် ပြုပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်းပါသည်။
ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မြို့တို့အကြား ညီအစ်မမြို့တော် အဖြစ် လက်မှတ်ရေးထိုးပြီး ဖြစ်သည့်အတွက် နှစ်နိုင်ငံနိုင်ငံသားများ ဝင်ထွက်မှုပြုလုပ်နိုင်ရန် မြန်မာနိုင်ငံ မယ်စဲ့ BP-13နှင့် ထိုင်းနိုင်ငံ ဟွေ့တနွန်နယ်စပ် ဝင်ထွက်ပေါက် ဖွင့်လှစ်ပေးနိုင်ပါရန် ကယားပြည်နယ် အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့သို့ အလားတူ တင်ပြခဲ့ပါကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်ကို ၂၅-၇-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၁၇) တွင် ဆွေးနွေးခဲ့ရာ မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို သေချာစွာ စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်လမ်းကြောင်းက ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်လမ်းကြောင်းအရ ညှိနှိုင်းလျက်ရှိ ပါကြောင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ်၏ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရီးစဉ်၌ နှစ်နိုင်ငံ ညီအစ်မမြို့တော် ဆက်ဆံရေး ပိုမိုဖြစ်ထွန်းရေးအတွက် ဟွေ့တနွန်ဒေသသို့ ကယားပြည်နယ်မှ ပြည်သူပြည်သားများ လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ရန်အတွက် ဖွင့်ပေးထားပြီးဖြစ်၍ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဒေသခုနစ်ခုတွင် နှစ်ညအိပ်သုံးရက် လွတ်လပ်စွာသွားလာ နိုင်ကြောင်း၊ ထို့အတူ မယ်ဟောင်ဆောင်ဒေသရှိ ပြည်သူများကိုလည်း ကယားပြည်နယ်အတွင်း နှစ်ညအိပ်သုံးရက် သွားလာနိုင်ရေးကို ထိုင်းနိုင်ငံဘက်မှ ညှိနှိုင်းဆွေးနွေးလာမှုနှင့် ပတ်သက်၍ ခွင့်ပြုပေးနိုင်ပါရန် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထပ်မံတင်ပြခဲ့ပါကြောင်း၊ အဆိုပါတင်ပြချက်နှင့် စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် တစ်ခြားဆက်စပ်ဝန်ကြီးဌာနများ၏ သဘောထား တင်ပြချက်များအပေါ် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၇) တွင် စုပေါင်းဆွေးနွေး သုံးသပ်ခဲ့ရာ နယ်စပ်ဝင်/ထွက် ပေါက်များ သတ်မှတ်ပေးနိုင်ရန် သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ ထိုင်းနိုင်ငံအစိုးရနှင့် ညှိနှိုင်းပြီး ဆောင်ရွက်မှသာ ခွင့်ပြုရန်ကို ဆုံးဖြတ်ခဲ့ပါကြောင်း၊
အထက်ပါ ဆုံးဖြတ်ချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်လမ်းကြောင်းဖြင့် တစ်ဖက် နိုင်ငံသို့ ညှိနှိုင်းဆောင်ရွက်ခဲ့ရာ မြန်မာ-ထိုင်းနယ်စပ်၊ မယ်စဲ့နယ်စပ်ဝင်/ထွက်ဂိတ် ဖွင့်လှစ်နိုင်ရန် အတွက် ထိုင်းနိုင်ငံမယ်ဟောင်ဆောင်တွင် BP-13 သို့ ဖောက်လုပ်ထားသည့် လမ်းဧရိယာသည် ထိုင်းနိုင်ငံ သစ်တောထိန်းသိမ်းရေးဥပဒေနှင့် ကာကွယ်ထားသည့် ဧရိယာအတွင်း ရောက်ရှိနေသည့်အတွက် ယင်းဧရိယာအတွင်းမှ ထုတ်ပယ်နိုင်မှသာ မြန်မာ-ထိုင်းနယ်စပ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံအစိုးရ အဖွဲ့သည် အဆိုပါလမ်းအား သစ်တောထိန်းသိမ်းရေး ဥပဒေအောက်မှ ဖယ်ရှားပေးရန် နည်းလမ်းများ ရှာဖွေရန် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ညွှန်ကြားထားကြောင်းနှင့် ယင်းတို့၏ သုံးသပ်ချက်များအား ထည့်သွင်းစဉ်းစား၍ ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ ဆုံးဖြတ်ချက်ချမှတ်သွားမည် ဖြစ်ကြောင်းကို ထိုင်းနိုင်ငံဘက်က ပြန်ကြားခဲ့ပြီး နိုင်ငံတော်သမ္မတရုံးသို့ ဆက်လက်တင်ပြ ခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ သံတမန်နည်းလမ်းဖြင့် မျက်ခြည်မပြတ် ဆောင်ရွက်သွားရန် အကြောင်းပြန်ကြားခဲ့ခြင်းကြောင့် မယ်စဲ့ BP-13 နယ်စပ်ဂိတ် တရားဝင်ဖွင့်လှစ်ခွင့် ရရှိရေးကို နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊
BP-13 နှင့် စပ်လျဉ်းပြီး ယခုအခြအနေသည် လွိုင်ကော်မြို့သို့ ပြည်ပခရီးသည်များ ဝင်/ထွက်ခွင့် ရရှိရေးအတွက် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံအကြား နိုင်ငံသားများဝင်/ထွက်ခွင့် ရရှိရန် ပြည်ထောင်စုအဆင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားမှု မရှိသေးပါကြောင်း၊ ထို့ပြင် မယ်စဲ့နယ်မြေသည် နိုင်ငံသားများကန့်သတ် ဧရိယာတွင်ပါရှိခြင်းကြောင့် ခွင့်ပြုချက် တောင်းခံပြီးမှသာ သွားလာခွင့်ပြုသည့် နယ်မြေဖြစ်သည့်အပြင် အဆိုပါလမ်းကြောင်းတွင်လည်း တစ်နိုင်ငံလုံး အပစ်အခက်ရပ်ဆဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း မရှိသေးသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရှိနေခြင်းတို့ကြောင့် ထိုင်းနိုင်ငံဘက်မှ ခရီးသွား ပြည်သူများ၏ လုံခြုံရေးခရီးသွားလုပ်ငန်း အောင်မြင်စေရန် တွန်းအားပေးဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊
ထို့အပြင် ထိုင်းနိုင်ငံဘက် BP-13 နှင့် ခွန်ရုံး (ခွန်ယို) အကြား ဟွေ့တနွန်အထိ ဆက်သွယ်ရေး လမ်းကြောင်း ၉.၇ ကီလိုမီသည် မြေလမ်းအဆင့်သာရှိပြီး မြန်မာ-ထိုင်းနယ်နိမိတ် သတ်မှတ်မှုသည်လည်း မပြီးပြတ်သေးခြင်း၊ ထိုင်းနိုင်ငံဘက်အခြမ်းတွင် ဘုရင့်ဘေးမဲ့ သစ်တောကြိုးဝိုင်း ရှိနေခြင်းကြောင့် ပြည်ထောင်စုအဆင့် နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးနိုင်မှသာ နယ်စပ်ဖြတ်သန်းခွင့် ပြုပေးနိုင်မည် ဖြစ်ပါကြောင်း၊
သို့သော် ဆက်ဆံရေးပိုမို ဖြစ်ထွန်းတိုးတက်ရေးအတွက်ကို နှစ်နိုင်ငံသက်ဆိုင်ရာ အရာရှိများ အပြန်အလှန်လည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် ဆေးကုသပေးခြင်း၊ ဘာသာရေး နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း၊ လူမှုရေးကိစ္စ၊ ပညာရေး၊ ကျန်းမာရေးနှင့် ပြည်နယ်အတွင်းရှိ အထင်ကရနေရာများအား အပြန်အလှန်သွားရောက် လည်ပတ်ခွင့်ရရှိရေး တို့အတွက် ခရီးစဉ်ခွင့်ပြုချက်များကို ကယားပြည်နယ်အစိုးရ အဖွဲ့မှတစ်ဆင့် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး ခွင့်ပြုချက်ရရှိပါက ဝင်ရောက်ခွင့်ပြုပေးလျက် ရှိပါကြောင်း၊
အထက်ပါ အခြေအနေများကြောင့် ယခုအချိန်တွင် တရားဝင်နယ်စပ် ဖြတ်သန်းသွားလာခွင့်အား ခွင့်ပြုပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် တစ်ဖက်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
