လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစိုးပိုင် ဖြစ်ပါတယ်။ ကျွန်တော်တင်ပြ မေးမြန်းလိုတာကတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက် ရှိတဲ့ စပါးမျိုး မျိုးကောင်းမျိုးသန့်ရရှိရေးကိစ္စဖြစ်ပါတယ်။ မျိုးမကောင်း မျိုးမသန့်သော စပါးမျိုးကို စိုက်ပျိုးပါက အထွက်နှုန်းကျဆင်းမယ်၊ ကမ္ဘာ့ဈေးကွက်မှာ ရောင်းတန်းမဝင်နိုင်ပါဘူး။ ဒါကြောင့်မို့ အထွက်နှုန်းကောင်းမွန်ပြီး ရောင်းတန်းဝင်စပါးများ ထွက်ရှိဖို့အတွက် နိုင်ငံအဝန်း စိုက်ပျိုးတဲ့ စပါးမျိုးကိစ္စဟာ အရေးပါကြောင်းတင်ပြလိုပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များခင်ဗျား။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ြမေဆီလွှာကောင်းမွန်မှု၊ ဧရိယာကျယ်ပြောမှု၊ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ ရေအရင်းအမြစ်ရှိမှုတို့ကြောင့် ရှေးပဝေသဏီကာလကတည်းက စိုက်ပျိုးရေးကို အြခေခံ ခဲ့တဲ့ နိုင်ငံဖြစ်သလို ယခုအချိန်ထိလည်း အခြေခံရဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စပါးများ ပိုလျှံနေပြီ ဖြစ်ပါတယ်။ ပိုလျှံနေတဲ့စပါးများဟာ နိုင်ငံတကာဈေးကွက်ဝင်၊ ရောင်းတန်းဝင် အရည်အချင်းရှိတဲ့ စပါးဖြစ်ဖို့တော့ အထူးလိုအပ်ပါတယ်။ ယနေ့အချိန်အခါမှာ ကမ္ဘာ့ဈေးကွက်ဝင် ပြီးတော့ အထွက်နှုန်းကော အရည်အသွေးပါကောင်းမွန်တဲ့ စပါးမျိုးတွေ များများရရှိရေး လိုအပ် လှပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များခင်ဗျား။ ကျွန်တော်နေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးဟာ အထက်မြန်မာပြည်ရဲ့ စပါးကျီဖြစ်ပါတယ်။ ကျွန်တော်နေထိုင်ရာ ဝန်းသိုမြို့နယ်ဟာ ဆန်ဖူလုံမှုအနေနဲ့ ၃၄၅ ရာခိုင်နှုန်းရှိသော မြို့တစ်မြို့ဖြစ်ပါတယ်။ နိုင်ငံအဝန်း လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုး တိုးတက်အောင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်ြမောင်းဝန်ကြီးဌာနမှ ဆောင်ရွက်နေတာတွေကိုလည်းပဲ အထင်အရှား မြင်တွေ့နေရပြီဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ တောင်သူများအနေနဲ့ လိုအပ်ချက် များရှိနေပါသေးတယ်။ စပါးမျိုးယူမှုစနစ်ကတော့ အခြားတောင်သူများအားမေးမြန်း၍ လက်ဆင့် ကမ်းယူရခြင်း၊ တခြားဒေသ တခြားရွာများသို့သွားရောက်လေ့လာခြင်း၊ သတင်းစုံစမ်းခြင်း နည်းလမ်း များဖြင့်သာ စပါးမျိုးကိုရယူနေရပါသေးတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တင်ပြမေးမြန်းလိုတာ ကတော့ ကျွန်တော်တို့လို မြို့ငယ်လေးတွေပါမကျန် နိုင်ငံတစ်ဝန်းလုံးသို့ နိုင်ငံတကာဈေးကွက် ဝင်ပြီးတော့ စားသုံးမှုနှင့်အထွက်နှုန်းပါကောင်းမွန်သော မျိုးစပါးများ ထုတ်လုပ်ပေးနိုင်ရေး၊ ဖြန့်ဖြူး ပေးနိုင်ရေး အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းထားပါသည်။
လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်၏ မြို့ငယ်လေးတွေပါမကျန် နိုင်ငံတစ်ဝန်းလုံးသို့ နိုင်ငံတကာ ဈေးကွက်ဝင်ပြီး စားသုံးမှုနှင့် အထွက်နှုန်းပါကောင်းမွန်သော မျိုးစပါးများထုတ်လုပ်ပေးနိုင်ရေး၊ ဖြန့်ဖြူးပေးနိုင်ရေး အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းထားချက်နှင့်ပတ်သက်၍ ကျွန်တော် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းမှ ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ကြီး၏ တင်ပြချက်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်လျက်ရှိတဲ့ စပါးမျိုး မျိုးကောင်းမျိုးသန့်ရရှိရေး၊ မျိုးမကောင်း မျိုးမသန့် သောစပါးမျိုးကို စိုက်ပျိုးပါက အထွက်နှုန်းကျဆင်းမယ်၊ ပြင်ပဈေးကွက်မှာလည်းပဲ ရောင်းတန်း မဝင်နိုင်ပါဘူး၊ ဒါကြောင့် အထွက်နှုန်းကောင်းမွန်ပြီး ရောင်းတန်းဝင်စပါးများ ထွက်ရှိဖို့အတွက် နိုင်ငံအဝန်း စိုက်ပျိုးတဲ့စပါးမျိုးကိစ္စဟာ အရေးကြီးလှပါကြောင်း၊ မြန်မာနိုင်ငံဟာ ြမေဆီလွှာ ကောင်းမွန်မှု၊ ဧရိယာကျယ်ပြောမှု၊ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ရေအရင်းအမြစ်ရှိမှုတို့ကြောင့် ရှေးပဝေသဏီကာလကတည်းက စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်သလို ယခုအချိန်ထိလည်း အခြေခံရဆဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ဆန်စပါးပိုလျှံနေပြီဖြစ်ပါကြောင်းနှင့် ပိုလျှံ နေတဲ့စပါးများဟာ နိုင်ငံတကာဈေးကွက်ဝင်၊ ရောင်းတန်းဝင် အရည်အချင်းရှိတဲ့စပါးဖြစ်ဖို့တော့ အထူးလိုအပ်ပါကြောင်း၊ ဈေးကွက်ဝင်၊ ရောင်းတန်းဝင်စပါးများနဲ့ သမရိုးကျ စိုက်ပျိုးထုတ်လုပ်ထားတဲ့ စပါးများဟာ ဈေးနှုန်းအားဖြင့်လည်း များစွာကွာခြားမှုရှိပါကြောင်း၊ ဒါကြောင့် ကမ္ဘာ့ဈေးကွက်ဝင်ပြီး အထွက်နှုန်းရော၊ အရည်အသွေးပါ ကောင်းမွန်တဲ့စပါးမျိုးတွေ များများရရှိနိုင်ရေး လိုအပ်ပါကြောင်း ဆွေးနွေးတင်ပြလာတာကိုလည်း တွေ့ရှိရပါတယ်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်ြမောင်းဝန်ကြီးဌာနအနေနဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကလုပ်ငန်းတာဝန်ကြီး သုံးရပ်ကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီတာဝန်ကြီး သုံးရပ် ကတော့-
(က) မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ရေး (Seed Production) တာဝန်၊
(ခ ) တောင်သူလယ်သမားများ ခေတ်မီစိုက်ပျိုးရေးနည်းပညာများ ရရှိအသုံးပြုနိုင်စေရေး၊
လေ့ကျင့်ပညာပေးရေး(Training and Education )တာဝန်၊
(ဂ ) အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ
ထုတ်လုပ်ပေးနိုင်ရန်နှင့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ သုတေသနပြုလုပ်ခြင်းနှင့်
ဖွံ့ဖြိုးတိုးတက်ရေး(Research and Development)တာဝန်များကို ဆောင်ရွက်လျက်
ရှိပါတယ်။
စပါးစိုက်ပျိုးထုတ်လုပ်ရာမှာ မျိုးကောင်းမှစပါးကောင်းမယ်၊ မျိုးမှန်မှအဖိုးတန်မယ်၊ စပါးကောင်းမှ ဆန်ကောင်းမယ်၊ ဆန်ကောင်းဖို့အတွက် ဆန်စက်ကောင်းဖို့လိုပါတယ်။ လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်ြမောင်းဝန်ကြီးဌာနအနေနဲ့ မျိုးသန့်ထုတ်လုပ်ရေးကို ဝန်ကြီးဌာနပိုင်ခြံများနှင့် သုတေသနဌာနများမှာ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ကိုက်ညီပြီး အထွက်နှုန်းကောင်းသော မျိုးခံ၍ ရသောမျိုးများ Open Pollinated Variety (OPV) ကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။ မျိုးကောင်း မျိုးသန့်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောပညာရှင်များကိုလည်း မွေးထုတ်ပေးလျက်ရှိပါတယ်။ ၎င်းအပြင်စပါးမျိုးများဟာ Generation ဖြစ်သွားတဲ့အတွက် သုံးနှစ်တစ်ကြိမ် မျိုးချန်၍ရသော OPV မျိုးသန့်လဲလှယ်နိုင်ရေးအတွက် ပြည်နယ်တိုင်းအားလုံးမှာ မိုးစပါး ၁၇ သန်း၊ နွေစပါး ၃ သန်း အတွက် အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းပြီး ဌာနပိုင်ခြံများ တောင်သူများ၏ြမေပေါ် မှာဆိုရင် မျိုးသန့်ဇုန်များတည်ထောင်၍ မျိုးသန့်စပါးများ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိကြောင်း တင်ပြလိုပါတယ်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒေသနှင့် ကိုက်ညီတဲ့ မျိုးစပါးများကို မျိုးသန့်ထုတ်လုပ်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်ြမောင်းဝန်ကြီးဌာနမှ နည်းပညာများ ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ မိမိတို့ဒေသနှင့် ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့် များထုတ်လုပ်ရေးကို မြို့နယ်အလိုက်၊ ကျေးရွာအလိုက် မျိုးသန့်စံပြရွာများ ထူထောင်ပြီး လုပ်ငန်းရှင် များမှ ပါဝင်ပူးပေါင်း ရင်းနှီးဆောင်ရွက်ရန်နှင့် စနစ်တကျမျိုးစေ့ ထုတ်လုပ်သန့်စင်ထားသော မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးတက်စေပြီး လယ်သမားများ၏ လူနေမှု ဘဝတိုးတက်လာမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားထားပါသည်။
