လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့် ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ တပ်ရွာကျေးရွာမှာ တည်ဆောက်ထားတဲ့ ဒီဇယ်သုံး မြစ်ရေတင်စီမံကိန်းအား လျှပ်စစ်ဓာတ်အားသုံး မြစ်ရေတင်အဖြစ် ပြောင်းလဲတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ ဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဝက်လက်မြို့နယ်၊ တပ်ရွာကျေးရွာမှာ နိုင်ငံတော်က ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်ပြီး ဧရာဝတီမြစ်မှ ဒီဇယ်သုံးမြစ်ရေတင် စီမံကိန်းအဖြစ် ရေပေါ်တင်စက်ရုံ ၂ ရုံမှ ၁၅ ကျူ့ဆက်ပန့် ၈ လုံးနဲ့ မောင်းနှင်ပြီး ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အတွင်းမှာရှိတဲ့ လယ်ြမေများကို ရေပေးဝေရေး စီမံဆောင်ရွက်ခဲ့ပါတယ်။ မူလ အကျိုးပြုဧကအဖြစ် စစ်ကိုင်းမြို့နယ်အတွင်း ၁၁၃၃၀ ဧက၊ ဝက်လက်မြို့နယ်အတွင်း ၅၂၁၈ ဧက၊ စုစုပေါင်း ၁၆၅၄၈ ဧကကို ရေပေးဝေနိုင်ရန် စီမံခဲ့သော်လည်း စက်တစ်လုံးလျှင် တစ်နာရီဒီဇယ်ဆီ ၈ ဂါလန်မှ ၁၀ ဂါလန်အထိ သုံးစွဲကုန်ကျတဲ့အတွက် ဒီဇယ်ဆီလုံလောက်စွာ အသုံးမပြုနိုင်လို့ တစ်နှစ်မှာ ဧက ၅၀၀ ခန့်ကိုသာ ရေတင်ပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ယခုအခါ ၂၅ မိုင်ခန့်ဝေးတဲ့ အုန်းတောပင်မဓာတ်အားခွဲရုံနဲ့ ၁၇ မိုင်ခန့်ဝေးတဲ့ ဝက်လက်ဓာတ်အားခွဲရုံတို့အတွက် ဓာတ်အား လိုင်းများ သွယ်တန်းပြီးစီးနေပြီဖြစ်သဖြင့် အဆိုပါ လျှပ်စစ်ဓာတ်အားလိုင်းမှ တပ်ရွာမြစ်ရေတင် စီမံကိန်းလုပ်ငန်းသို့ ဆက်လက်သွယ်တန်းပြီး လျှပ်စစ်မြစ်ရေတင်အဖြစ် ပြောင်းလဲဆောင်ရွက် နိုင်မည်ဆိုပါက စီမံကိန်းလျာထားချက်အတိုင်း လယ်ြမေဧကများစွာပိုမိုရေပေးဝေနိုင်မည်ဖြစ်တဲ့ အတွက် ဌာနနှင့်ဒေသခံတောင်သူလယ်သမားများအတွက် ယခုထက်ပိုပြီး ရေရှည်အကျိုးရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။ သို့ဖြစ်ပါ၍ ဖော်ပြပါတပ်ရွာဒီဇယ်သုံးမြစ်ရေတင်စီမံကိန်းအား လျှပ်စစ်မြစ်ရေ တင်စီမံကိန်းအဖြစ် ပြောင်းလဲပေးရန် အစီအစဉ် ရှိ၊ မရှိနဲ့ ရှိပါကမည်သည့်ကာလတွင် ဆောင်ရွက် ပေးနိုင်မည်။ မရှိပါက မည်သို့အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်မည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းထားပါသည်။
လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ တပ်ရွာကျေးရွာတွင် တည်ဆောက်ထားသော ဒီဇယ်သုံးမြစ်ရေတင်စီမံကိန်းအား လျှပ်စစ်ဓာတ်အားသုံး မြစ်ရေတင်အဖြစ် ပြောင်းလဲတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းထားခြင်းနှင့်ပတ်သက်၍ ကျွန်တော် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်ြမောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းမှ ရှင်းလင်း ဖြေကြားမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ တပ်ရွာ ဒီဇယ်သုံး မြစ်ရေတင်စီမံကိန်းအား ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနမှ ၂၄-၉-၁၉၉၅ ရက်မှာ စတင် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများအား ၃၀-၁၁-၁၉၉၈ ရက်နေ့တွင် ပြီးစီးခဲ့ပါတယ်။ အကျိုးပြုဧက စပါး ၂၉၆၂ ဧက၊ အခြားသီးနှံ ၁၃၅၈၆ ဧက၊ စုစုပေါင်း ၁၆၅၄၈ ဧက ရေပေးဝေရန် ဖြစ်ပါတယ်။ အဆိုပါမြစ်ရေတင် လုပ်ငန်းသည် မြင်းကောင်ရေ ၄၂၀ အင်ဂျင်နှင့် ၁၅ ကျူ့ဆက်ပန့် ၈ စုံ တပ်ဆင်၍ ဧရာဝတီမြစ်မှ ရေတင်စိုက်ပျိုးရေပေးနေသော လုပ်ငန်းဖြစ်ပါတယ်။ တပ်ရွာဒီဇယ်သုံး မြစ်ရေတင် စီမံကိန်းအား လျှပ်စစ်မြစ်ရေတင်အဖြစ် ြပောင်းလဲနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၁၅ အမ်ဗွီအေ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားကို စစ်ကိုင်းမြို့၊ ကံတလူကျေးရွာအနီး၊ အုန်းတော ဓာတ်အားခွဲရုံနေရာမှာ ၂၃၀/၆၆/၁၁ ကေဗွီ၊ ၁၀၀ ကေဗွီအေ ဓာတ်ခွဲရုံတစ်ရုံ တည်ဆောက်ပြီး တပ်ရွာစီမံကိန်းအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အရာတော် ၂၊ အရာတော် ၃၊ ဆင်တပ် နှင့် ပျော့ရွာစီမံကိန်းများသို့ ဓာတ်အားရယူသုံးစွဲရန် ဆောင်ရွက်ဆဲဖြစ်ပါတယ်။
အုန်းတောပင်မခွဲရုံ ၂၃၀/၆၆/၁၁ ကေဗွီ၊ ၁၀၀ကေဗွီအေခွဲရုံအား ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာနမှ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ပြီး ရန်ပုံငွေ US$ ၅.၁ သန်းလျာထား တင်ပြခဲ့သော်လည်း နိုင်ငံတော်အနေဖြင့် အခြားဦးစားပေးလုပ်ငန်းများရှိနေသည့်အတွက်ကြောင့် US$ ၂.၁၃ သန်းသာ ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။ သို့ဖြစ်၍ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ထပ်မံလိုအပ်တဲ့ ရန်ပုံငွေ US$ ၂.၉၇ သန်းနှင့် တည်ဆောက်တပ်ဆင်စရိတ် ကျပ်သန်း ၄၀၀ ကို ဦးစားပေးရရှိရေး တင်ပြတောင်းခံသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်မှ လိုအပ်ရန်ပုံငွေ ခွင့်ပြုပေးမှုရှိခဲ့ပါက ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်းပြီးစီးမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ အဆိုပါ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးပါက တပ်ရွာမြစ်ရေတင် စီမံကိန်းကို ၆၆ ကေဗွီအေ လျှပ်စစ်ဓာတ်အားလိုင်း ၂၅ မိုင် တည်ဆောက်ခြင်း လုပ်ငန်းအပါအဝင် ဆောင်ရွက်ရန်လုပ်ငန်းများအတွက် လိုအပ်သော ကုန်ကျစရိတ် ခွင့်ပြုချက်ရရှိရေး နိုင်ငံတော်သို့တင်ပြတောင်းခံပြီး နိုင်ငံတော်၏ဘဏ္ဍာငွေ ဦးစားပေးခွင့်ပြုပေးနိုင် မည့် အခြေအနေပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားထားပါသည်။
