လေးစားအပ်ပါသောဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်ကြီးများခင်ဗျား။ ကျွန်တော်ကတော့ မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့ရေပေးဝေရေးကိစ္စနှင့် ပတ်သက်လို့ မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မလှိုင်မြို့နယ်ဆိုတာ မိုးခေါင်ရေရှားရပ်ဝန်း ဒေသမှာရှိပြီးတော့ ရေအလွန်ရှားပါးတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်အတွင်းမှာ အများအားဖြင့် ကုန်းခေါင်ခေါင်နှင့် ကျောက်စရစ်ကုန်း နယ်မြေမျိုးသာ ဖြစ်ပါတယ်။ ဒါကြောင့် ရေအခက်အခဲနှင့်ပတ်သက်လို့ ဒီမှာတင်ပြသွားမှာ ဖြစ်ပါတယ်။ မလှိုင်မြို့နယ်ဟာ အပူပိုင်းဒေသ ဖြစ်သည့်အားလျော်စွာ မြို့အနေနဲ့ နှစ်စဉ်ရေရှားပါးမှုဒဏ်ကို ခံစားရပါတယ်။ ကျွန်တော်တို့ ရေရှားပါး တဲ့အတွက်လည်း တစ်ခါတရံမှာ ရေကားတွေနဲ့ရွာတွေအထိ ပို့ပေးရတဲ့အနေအထားတွေ ဖြစ်ခဲ့ပါ တယ်။ ဒါကြောင့် မြို့နယ်အတွင်းမှာ ဆိုရင်လည်းပဲ အဝီစိတွင်းများတူးတဲ့အခါမှာ ပေ ၃၀၀ နှင့်အထက် ပဲများသောအားဖြင့်ရပြီးတော့ ရေများဟာလည်း သုံးရေအဖြစ်ရေငန်များသာ ရရှိပါတယ်။ ရေချိုရရှိတဲ့ သူတွေဟာ တော်တော်ကိုရှားပါးပါတယ်။ ဒါကြောင့် မြေအောက်ရေအများစုမှာ သုံးရေအဖြစ်သာ ရရှိပြီး မိုးတွင်းကာလမှာ စုဆောင်းရေကို ရွာတွေအလိုက် ကန်တွေကနေပြီးတော့ ရေကိုသုံးစွဲရပါ တယ်။ တချို့ရွာတွေမှာ ဆိုလို့ရှိရင် ပေ ၅၀အနက်လောက်ရှိတဲ့ ပေ ၂၀၊ ၃၀ ရှိတဲ့ တွင်းကျယ်ကြီးကနေ ပြီး လက်ယက်တွင်းတွေကနေအဆင့်ဆင့် သောက်သုံးရေကို ရယူရတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသဟာ မိုးရွာသွန်းတဲ့ရက်ဟာ ၂၈ ရက် ခန့်သာရှိပြီးတော့ မိုးရေချိန်လက်မဟာ ၃၄.၆၇ ပျမ်းမျှရှိပါ တယ်။ မြို့နယ်အတွင်းမှာလည်း ဆည်ကြီးများရှိသော်လည်း ဒီဆည်ကြီးများဟာ မြို့နယ်အနေနဲ့လုံးဝ မသုံးရဘဲနဲ့ ကျွန်တော်တို့ မြို့နယ်နဲ့မဆိုင်တဲ့ တခြားမြို့နယ်များကိုသာ သုံးစွဲရတဲ့အနေအထားဖြစ်ပေါ် လျက်ရှိပါတယ်။ အလားတူပဲ မြို့နယ်မှာ တကယ့်မြို့ရဲ့အဓိက ရုံးစိုက်ရာဖြစ်တဲ့ မလှိုင်မြို့မှာလည်းပဲ သုံးရေအတွက် လက်ယက်တွင်း၊ အဝီစိတွင်းများဖြင့်သာ ရယူဆောင်ရွက်လျက် ရှိပါတယ်။ သောက်ရေ ကိုတော့ စည်ပင်သာယာပိုင် အဝီစိတွင်းကြီး သုံးတွင်းကနေပြီးတော့ ရယူထားပါတယ်။ ဒီအဝီစိတွင်း ကြီးများဟာလည်း ရေရရှိရေးအတွက် ပထမ ဒီဇယ်နဲ့လည်ရာကနေပြီးတော့ အခက်အခဲရှိတဲ့အတွက် အလှူရှင်များနဲ့ဝိုင်းဝန်းပြီး ထရန်စဖော်မာတပ်ပြီးတော့ လျှပ်စစ်မီးရအောင် ဆောင်ရွက်ပေးထားတာ ပါ။ မြို့နယ်လူဦးရေဟာ ၁၆၀၀၀ ခန့်ရှိပြီး ရေလိုအပ်ချက်ဟာ တစ်ရက်မှာ ၃၂၀၀၀၀ ဂါလန်ဖြစ်ပြီး တော့ ဖြန့်ဝေနိုင်တဲ့အနေအထားဟာ ယခုလက်ရှိမှာ ၄၅၀၀၀ခန့် (၁၅ ရာခိုင်နှုန်းခန့်)သာ ဖြန့်ဝေပါ တယ်။ ဒီလိုဖြန့်ဝေတဲ့အခါမှာလည်းပဲ မြို့မှမိမိအစီအစဉ်နဲ့ စည်ပင်သာယာ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ထားတဲ့အပိုင်းဖြစ်ပါတယ်။ ဖြန့်ဝေတဲ့ လက်ရှိနည်းစနစ်ကတော့ Ground Tank ၁၂၅၀၀ ဂါလန်နှင့် ၆၀၀၀ ဂါလန်ဆံ့ ရေလှောင်ကန်ကနေ ဖြန့်ဝေပေးပြီးတော့ တချို့နေရာတွေကို အနီးနား ပတ်ဝန်းကျင်ကို ပိုက်လိုင်းနဲ့ဖြန့်ပြီး တချို့နေရာတွေကို လက်တွန်းလှည်းနဲ့ရေယူပြီးတော့ ဆောင်ရွက် လျက်ရှိတာကို တွေ့ရပါတယ်။ အဝီစိတွင်းပတ်ဝန်းကျင်မှာလည်းပဲ ကိုယ်ထူကိုယ်ထရေပိုက်လိုင်း ကနေပြီး ရေပိုက်ခေါင်း၊ ရေတိုင် ၁၅၆ တိုင်၊ ရေကန် ၇ ကန် ကနေပြီးတော့ ရယူဆောင်ရွက်ပါတယ်။ ပိုက်လိုင်းပေဟာလည်း ၅၄၀၀ ခန့်ရှိပြီး မြို့ရဲ့လေးပုံတစ်ပုံနီးပါးခန့်သာ သောက်သုံးရေရယူနိုင်တဲ့ အနေအထားရှိပါတယ်။ အထူးသဖြင့် မလှိုင်မြို့ရဲ့ အထက်တန်းကျောင်းကြီးမှာ ကျောင်းသား ၂၀၀၀ ကျော် ရှိပြီးတော့ ဒီကျောင်းသားများဟာ သောက်သုံးရေအခက်အခဲ အစဉ်အမြဲတွေ့နေရတဲ့ အနေအထား လည်းရှိပါတယ်။ ရေချိုထွက်မယ့် စည်ပင်အဝီစိတွင်းမှလည်း ဒီကျောင်းအနေနဲ့လည်း ရေရယူလိုပါ တယ်။ ဒါ့ကြောင့် အဝီစိတွင်းများ တည်ရှိရာအနီးမှာ ကုန်းပေါ်မှာ ဂါလန် ၅၀၀၀၀ ဆံံ့ ရေလှောင်ကန် တည်ဆောက်ပြီး Town Water Supply Plan ပုံစံရေးဆွဲပြီးတော့ ရေပိုက်လိုင်းများကို ချထားပြီးကာ Gravity Flow နဲ့ ဖြန့်ဖြူးပေးမယ်ဆိုရင် တစ်မြို့လုံးဟာ ၆၀ ရာခိုင်နှုန်းခန့်ကနေပြီးတော့ ၈၀ ရာခိုင်နှုန်းကို သောက်သုံးရေရရှိသုံးစွဲနိုင်မည် ဖြစ်ပါတယ်။ ဒီရေပိုက်လိုင်းများအတွက် ကျသင့်တဲ့ ကုန်ကျငွေကို လည်း သင့်တင့်လျောက်ပတ်တဲ့နှုန်းထားများနဲ့ နှစ်အလိုက်ကောက်ခံမည်ဆိုလျှင် မြို့နေလူထုက ရေရရှိမည်ဆိုပါက ထည့်ဝင်ကြမှာဖြစ်ပါတယ်။ ရေဖိုးရေခတောင်းခံသွားမယ်ဆိုလျှင်လည်း ဒီနှစ် အနည်းငယ်အတွင်းမှာ အရင်းကျေသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် မေးမြန်းလိုတဲ့ မေးခွန်း ကတော့ ပထမအဆင့် ရေအခက်အခဲရှိတဲ့ ကျေးရွာပေါင်း ၂၀ ခန့်မှာ Deep Tube Well အဝီစိတွင်း နက်ကြီးများ တူးပေးနိုင်ခြင်း၊ စီမံချက်ချဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိသိလိုပါကြောင်းနှင့် မြို့ရေပေး ဝေရေးအတွက်လည်း လိုအပ်တဲ့ ဂါလန် ၅၀၀၀၀ ဆံ့ ရေကန်၊ ရေပိုက်လိုင်းများ ချထားဆောင်ရွက် ပေးနိုင်ခြင်း ရှိ၊ မရှိ။ ဆောင်ရွက်ပေးနိုင်မည်ဆိုပါကလည်း မည်သည့်အချိန်ခန့်တွင် ဆောင်ရွက်ပေးနိုင် မည် သို့မဟုတ် မဆောင်ရွက်ပေးနိုင်ပါကလည်း မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိလိုပါ ကြောင်းနှင့် နယ်စပ်/စည်ပင်ဝန်ကြီးဌာနအနေနဲ့ စုစုပေါင်း ကျပ်သန်းပေါင်း ၄၄၀၀ သုံးစွဲခဲ့သည်ကို လည်း သိရပါတယ်။ သုံးစွဲခဲ့တဲ့အထဲမှာ ရှေ့နှစ်တွေများမှာလည်းပဲ မြို့နယ်အနေနဲ့ ပါဝင်သုံးစွဲနိုင်မယ် ဆိုရင်တော့ အထူးပင်ဝမ်းြမောက်ပါကြောင်း မေးမြန်းထားပါသည်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဆက်လက်ပြီးတော့ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်၏ မလှိုင် မြို့နယ်အတွင်း ရေရှားပါးကျေးလက်ဒေသများ ရေရရှိရေးနှင့် မြို့ရေပေးဝေရေးကိစ္စများ ဆောင်ရွက် ပေးရန် မေးခွန်းနဲ့ပတ်သက်၍ ပြန်လည်ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ မလှိုင်မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် လျာထားချက်မှာ ကျပ် ၁၇၆.၃၀သန်း ဖြစ်ပြီးတော့ မြို့ပြ/ကျေးလက် ရေပေးရေးလုပ်ငန်းအတွက် ၁၇.၆၃သန်းဖြင့် လျာထားဆောင်ရွက်ပေးလျက် ရှိပါတယ်။ ပြည်ထောင်စုအစိုးရအနေဖြင့် ကျေးလက်ဒေသသောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ၂၀၀၀-၂၀၀၁ ခုနှစ်မှ ၂၀၀၉-၂၀၁၀ ခုနှစ်အထိ ၁၀ နှစ် စီမံကိန်းဖြင့် ဆောင်ရွက်ပေးခဲ့ရာမှာ တစ်နိုင်ငံလုံး ကျေးရွာပေါင်း ၆၄၃၄၉ ရွာ ရှိသည့်အနက် ကျေးရွာပေါင်း ၂၃၂၂၅ရွာမှာ ရေရရှိရေး လုပ်ငန်းပေါင်း ၃၄၈၅၈ ခု ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။
မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၄၄ ရွာကိုလည်းပဲ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ၊ အလှူရှင်လှူဒါန်းငွေနဲ့ နိုင်ငံတော်ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၃၂၈.၆၇ သန်းဖြင့် ၂၀၁၀ ခုနှစ်အထိ အောက်ပါရေရရှိရေးလုပ်ငန်း ၂၄၄ ခုကို ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။ စက်ရေတွင်းတူးဖော်ခြင်းက ၇၃ တွင်း၊ လက်နှိပ်တုံကင်တွင်းတူးဖော်ခြင်းကို ၁၆၉ တွင်းနဲ့ လက်တူးတွင်း တူးဖော်ခြင်းကိုတော့ ၂ တွင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိုသို့ စီမံကိန်းဆောင်ရွက် ပြီးစီးခဲ့သော်လည်းပဲ ကျေးရွာရဲ့ အိမ်ခြေ၊ လူဦးရေအပေါ်မူတည်ပြီး သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေး လိုအပ်ပါက ကျေးရွာ ၁ ရွာမှာ ရေပေးစနစ် ၂ ခုမှ ၃ ခုအထိ ဆောင်ရွက်ပေးရန် ၅ နှစ် စီမံကိန်းနဲ့ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ မလှိုင်မြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၂၀ ကိုလည်းပဲ ရေတွင်းများတူးဖော်ပေးရန် တင်ပြထားသည့်အနက်မှ သောက်သုံးရေ အခက်အခဲရှိသည့် ကျေးရွာ ၉ ရွာကို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၃ ရွာကို အဖွဲ့ ရန်ပုံငွေကျပ် ၆.၆၃ သန်း၊ အလှူရှင် လှူဒါန်းငွေ ၅သန်း၊ စုစုပေါင်း ၁၁.၆၃ သန်းဖြင့် စက်ရေတွင်းတူးဖော်ပေးခဲ့ပြီး ကျန် ၆ ရွာကို ၂၀၁၂-၂၀၁၃ မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း တစ်နှစ်လျှင် ၃ ရွာနှုန်းဖြင့် စက်ရေတွင်းများ တူးဖော်ပေးသွားမည် ဖြစ်ပါ ကြောင်းနှင့် ကျန်လုပ်ငန်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် အစီအစဉ်အရ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ မလှိုင်မြို့ရေပေးရေးလုပ်ငန်းနဲ့ စပ်လျဉ်းပြီး တော့လည်း အဆိုပါလုပ်ငန်းကို ၁၉၉၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီးတော့ မြို့ရဲ့အနောက်ဘက် အမှတ် ၃ ရပ်ကွက်အတွင်းမှာ ၆ လက်မ ရေတွင်း ၁တွင်း၊ ၄ လက်မ စက်ရေတွင်း ၂ တွင်း၊ ပေါင်း ၃ တွင်းမှ မြေအောက်ရေကို ဂါလန် ၆၀၀၀ နှင့် ဂါလန် ၁၂၅၀၀ ဆံ့ ရေစုကန်တို့တွင် စုဆောင်းပြီးတော့ ၎င်းမှတစ်ဆင့် တွန်းစက်ဖြင့် အိမ်သွယ်ရေတိုင် ၁၅၆ တိုင်၊ အများသုံးရေကန် ၇ ကန်ကို တစ်နေ့လျှင် သောက်သုံးရေဂါလန် ၄၅၀၀၀ ခန့် ဖြန့်ဝေပေးလျက်ရှိပါတယ်။
မလှိုင်မြို့ရပ်ကွက် ၄ ခု၊ အိမ်ခြေ ၂၃၉၅ အိမ်နဲ့ လူဦးရေ ၁၅၃၉၂ ဦးရှိပြီး ရေလိုအပ်ချက်က တော့ တစ်နေ့ကို ရေဂါလန် ၃၀၀၀၀၀ ခန့် ဖြစ်ပါတယ်။ မြို့နေလူထုမှ မိမိတို့ အစီအစဉ်ဖြင့် စက်ရေတွင်း ၂၅၆ တွင်း၊ လက်တွင်း ၁၀ တွင်းတို့မှ ရေရယူသုံးစွဲလျက်ရှိရာ မလှိုင်မြို့ရဲ့ ရေရရှိရေး လွှမ်းခြုံမှုဟာ ၈၀ ရာခိုင်နှုန်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ မြို့တိုးချဲ့ရေပေးရေး ဆောင်ရွက် ရတဲ့အတွက် လက်ရှိရေရယူပေးသော ရေအရင်းအမြစ်နေရာမှာ ၆လက်မ စက်ရေတွင်း အသစ် ထပ်မံ တူးဖော်ပြီး ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်ပေါ်သို့ တင်ပို့၍ Gravity Flow System ဖြင့် ဖြန့်ဝေပေးပါက တစ်နေ့လျှင် ရေဂါလန် ၁၂၀၀၀၀ ခန့်အထိ တိုးချဲ့ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း တင်ပြလိုပါတယ်။
အဆိုပါ မြို့တိုးချဲ့ရေပေးရေးလုပ်ငန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မလှိုင်မြို့နယ်စည်ပင် သာယာရေးရန်ပုံငွေမှ ၂၅.၂၉ သန်းဖြင့် အောက်ဖော်ပြပါလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွား ပါမယ်။ ၆ လက်မ စက်ရေတွင်းတူးဖော်ခြင်းနှင့် စက်တပ်ဆင်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်း၊ ရေတွန်းစက်တပ်ဆင်ခြင်း၊ ၆လက်မ ရေပိုက်သွယ်တန်းခြင်း၊ ၂လက်မ ရေဖြန့်ဝေ ပိုက်လိုင်းများ သွယ်တန်းခြင်း၊ ပေ ၅၀၀၀ ဖြန့်ဝေခြင်း၊ သွယ်တန်းခြင်းတို့ ဖြစ်ပါတယ်။ တိုးချဲ့ရေ ပေးရေး လုပ်ငန်းဆောင်ရွက်ပြီးချိန်မှာလည်း မြို့ရေပေးရေးလုပ်ငန်းမှ တစ်နေ့လျှင် ရေဂါလန် ၁၂၀၀၀၀ ခန့်အထိ တိုးမြှင့်ဖြန့်ဝေနိုင်မည်ဖြစ်ရာ မလှိုင်မြို့၏ ရေရရှိရေးလွှမ်းခြုံမှုကို ၁၀၀ရာခိုင်နှုန်း အထိ တိုးတက်ရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားထားပါသည်။
