လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မောင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြစ်သားမြို့နယ် နွားကူးကြီး ကျေးရွာအုပ်စုရှိ ပန်းလောင်မြစ်ကူးတံတား တည်ဆောက်ပေးရေးနှင့်ပတ်သက်ပြီးတော့မှ မေးမြန်း တင်ပြမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာ အုပ်စုရှိ ပန်းလောင်မြစ်ကူးတံတား အရှည် ၃၁၅ ပေသည် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးခဲ့သော ကြောင့် သုံးမရအောင်ပျက်စီးခဲ့ပါတယ်။ ယခု ဤတံတားကြီးပျက်စီးသွားမှုကြောင့် နွားကူးကြီးကျေးရွာ အုပ်စု၊ ရေအေးစိတ်၊ ခန်တောရွာ၊ နွားကူးကျေးရွာနဲ့ ဖျန်လယ်ကျေးရွာအုပ်စု၊ ဖျန်လယ်ရွာ၊ ပိန္နဲပင်ရွာ၊ မြကနိုင်ရွာ၊ ဖိုရင်ရွာ၊ မြေတောင်ရွာတို့မှ ပြည်သူများသွားရေးလာရေးခက်ခဲလျက်ရှိပါသည်။ ယင်း ကျေးရွာအချို့မှ ယာဉ်များဟာ တစ်ဖက်ကမ်းတွင်ထားရတဲ့ အြခေအနေမှာ ရှိနေပါတယ်။ သို့ပါ၍ နွားကူးကြီးကျေးရွာအုပ်စုရှိ ပန်းလောင်မြစ်ကူးတံတား(နွားကူးကြီး)သည် မရှိလျှင်မဖြစ်၍ နိုင်ငံတော် မှ ပြန်လည်ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ ကို သိရှိလို၍ မေးမြန်းထားပါသည်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ဆက်လက်ပြီး တော့ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မောင် ၏ နွားကူးကြီးကျေးရွာအုပ်စုရှိ ပန်းလောင်မြစ်ကူးတံတားအား ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ မေးခွန်းမှာ မြစ်သားမြို့နယ်၊ နွားကူးကြီးကျေးရွာအုပ်စုရှိ ပန်းလောင်မြစ်ကူးတံတား(နွားကူးကြီး)အား ပြန်လည် တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းဖြစ်ပါတယ်။ မြစ်သားမြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် လျာထားဝင်ငွေမှာ ၄၅၈.၅၉ သန်းဖြစ်ပြီး မြို့ပြ/ကျေးလက် တံတားများအတွက် ငွေကျပ် ၂၄၂.၇၅၉ သန်းဖြင့် လျာထားဆောင်ရွက်လျက်ရှိပါတယ်။ ပန်းလောင် မြစ်ကူးတံတား ၃၁၅'x၁၄'x၁၅' သည် ၁၉၈၉ ခုနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြင့် တည်ဆောက်ခဲ့သော တံတားဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် ခရိုင်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရဲ့ တာဝန်ပေးချက်အရ ဆည်ြမောင်းဦးစီးဌာနမှ ပြုပြင်ပေးခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင် ကင်းတား ဆည်ရေလွှတ်ထုတ်မှုကြောင့် တံတားတစ်စင်းလုံး ရေမျောပါပျက်စီးခဲ့ရပါတယ်။ သို့ဖြစ်ပါ၍ ၂၀၀၇ ခုနှစ်တွင် မူလတံတားဟောင်း၏အောက် ၁၅၀ ပေအကွာတွင် ၂၃၅ ပေ၊ အရှည် ၄ ပေအကျယ် လူကူးတံတားတစ်စင်းကို ကျေးရွာပြည်သူလူထုအစီအစဉ်ဖြင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခဲ့ ပါတယ်။ ပန်းလောင်မြစ်ကူးတံတားကို သစ်သားတိုင်၊ သံပေါင်ယက်မ၊ သစ်သားကြမ်းခင်းဖြင့် တံတားပြန်လည်တည်ဆောက်ခြင်းအတွက် လိုအပ်ငွေ ၁၁၀.၂၅သန်း လိုအပ်မည်ဖြစ်ရာ အဆိုပါလုပ်ငန်း ကို ၂၀၁၂-၂၀၁၃ ခုနှစ် ယခုဘဏ္ဍာရေးနှစ်တွင် မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားထားပါသည်။
