လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြား၍ တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း မေတ္တာပို့သဂါရဝ ပြုအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် ဖြစ်ပါတယ်။ မြင်းခြံ-နွားထိုးကြီး-မြစ်သား-ရေဝန်း-မန္တလေးလမ်းပိုင်းဟာ မိုင် ၁၀၀ ဝေးကွာပြီး ယခင်က မြင်းခြံမြို့မှ မန္တလေးသွားရာမှာ ယာဉ်မောင်းချိန် ၃ နာရီနဲ့ရောက်ရှိ ပါတယ်။ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များကို နေ့ချင်းပြန်သွားရတဲ့ခရီး ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အဆိုပါလမ်းအား အာရှမြန်မာစီးပွားရေးလုပ်ငန်းစု ဆောက်လုပ်ရေးကုမ္ပဏီကို လမ်း ဖြတ်သန်းခကောက်ခံခွင့် ချထားပေးခဲ့သော်လည်း လမ်းအား လုံးဝထိန်းသိမ်းခြင်း၊ ပြုပြင်ဆောင်ရွက် ခြင်းမရှိဘဲ လမ်းဖြတ်သန်းခ ကောက်ခံရရှိငွေကို ကုမ္ပဏီအကျိုးအမြတ်အဖြစ် ရယူဆောင်ရွက်သွား ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ မြင်းခြံ-နွားထိုးကြီး-မြစ်သား-ရေဝန်းလမ်း မိုင်တိုင် ၂/၃ မှ ၅၆/၂ ထိ ၅၃.၇မိုင်ကို Gulf Power Construction Co.,Ltd အား ၁-၄-၂၀၁၁ နေ့မှ စ၍ ချထားပေးခဲ့ပြီး လမ်းဖြတ်သန်းခများ ကောက်ခံလျက်ရှိပါတယ်။ လမ်းများပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ လမ်းအင်္ဂါရပ် နှင့်အညီ ဆောင်ရွက်ခြင်း အားနည်းသဖြင့် ယာဉ်တိုက်မှုများစွာဖြစ်ရခြင်း၊ မြင်းခြံ-ရေဝန်း-မန္တလေးသို့ သွားရာမှာ မိုင် ၁၀၀ ခရီးကို ခြောက်နာရီမျှ ကားမောင်းရခြင်း၊ မြင်းခြံမှ အမြန်လမ်းဆုံရာဖြစ်တဲ့ ပြင်စီ Underpass အထိ မိုင် ၄၀ ခရီးကို နှစ်နာရီမျှ အချိန်ယူ၍ ကားမောင်းရခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရပါတယ်။ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ခရိုင်မြို့နယ် အင်ဂျင်နီယာများမှ ဤလမ်းကို အကြိမ်ကြိမ်ကွင်းဆင်းစစ်ဆေးသော်လည်း လမ်းမှာတိုးတက်ကောင်းမွန် လာခြင်းမရှိပါ။ ဒါကြောင့် မြင်းခြံ-နွားထိုးကြီး-မြစ်သား-ရေဝန်းလမ်း ၅၃.၇ မိုင်အား စာချုပ်ပါစည်းကမ်း များနှင့်အညီ အမြန်ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါ၍ ဒေသခံပြည်သူများ၏ကိုယ်စား မေးမြန်းရခြင်းဖြစ်ပါကြောင်း မေးမြန်းထားပါသည်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မန္တလေးတိုင်းဒေသကြီး မြင်းခြံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကနေပြီးတော့ မေးမြန်းထားတဲ့ မြင်းခြံ-နွားထိုးကြီး-မြစ်သား-ရေဝန်း-မန္တလေး မိုင်တိုင် ၂/၃ မှ ၅၆/၂ ထိ ၅၃မိုင်နဲ့ ၇ ဖာလုံကို Gulf Power Construction Co.,Ltd ကို ကျွန်တော်တို့ပေးခဲ့သော်လည်း လမ်းပြုပြင်မှုအားနည်းမှုနဲ့ ပတ်သက်လို့ စည်းကမ်းနဲ့အညီဆောင်ရွက်နိုင်မှုအခြေအနေ မေးမြန်းချက်ကို ရှင်းလင်းဖြေကြားမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမဒီလမ်းပိုင်းဟာဆိုလို့ရှိရင် သက်ဆိုင်ရာ ဒေသအာဏာပိုင် ထောက်ခံချက်နဲ့ အာရှမြန်မာကုမ္ပဏီကို ပေးခဲ့ပါတယ်။ အာရှမြန်မာကုမ္ပဏီရဲ့ လုပ်ဆောင်မှုအားနည်းတဲ့အတွက် ဒီကုမ္ပဏီကို ကျွန်တော်တို့ ပြန်လည်ရုပ်သိမ်းလိုက်ပြီးတဲ့အခါမှာ သက်ဆိုင်ရာနယ်မြေရဲ့ထောက်ခံချက်နှင့်အညီ ယခုကျွန်တော်တို့ ပင်လယ်ကွေ့စွမ်းအား ဆောက်လုပ် ရေးကုမ္ပဏီကို ပေးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဒီကုမ္ပဏီရဲ့လုပ်ဆောင်မှုဟာ အားနည်းတဲ့ အတွက် မန္တလေးတိုင်းဒေသကြီးမှာရှိကြတဲ့ အဖွဲ့အစည်းအသီးသီးကတင်ပြချက်အရလည်း သိရှိခဲ့ပါ တယ်။ ဒါကြောင့်မို့လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြီးတော့ ဒီလမ်းနဲ့ပတ်သက်လို့ မန္တလေးတိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအင်ဂျင်နီယာနှင့် ခရိုင်မြို့နယ် အင်ဂျင်နီယာ များမှ အကြိမ်ကြိမ်စစ်ဆေးကြပ်မတ်ခဲ့ပါတယ်။ သို့သော်လည်း ပင်လယ်ကွေ့စွမ်းအား ဆောက်လုပ်ရေး ကုမ္ပဏီအနေနဲ့ ပြန်လည်သိမ်းဖို့ အားလုံးဆောင်ရွက်ပြီးတဲ့အခါမှာ အချိန်တစ်ခုကို သတ်မှတ်ပေးထား ပါတယ်။ ၎င်းရဲ့ အားရဖွယ်ရာမရှိတဲ့ဟာကို ဒီအချိန်အတွင်းမှာ ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ဆက်လက်ဆောင်ရွက်ပေးပြီးတော့ ဆောင်ရွက်နိုင်ခြင်းမရှိပါက ပြန်လည်ရုပ်သိမ်းဖို့အတွက် သတိ ပေးပြီးလည်း ဖြစ်ပါတယ်။ ၎င်းကိစ္စနဲ့ပတ်သက်လို့လည်း ၈-၁-၂၀၁၂ ရက်နေ့မှာ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ခရိုင်အင်ဂျင်နီယာများမှ သွားရောက်စစ်ဆေးခဲ့ရာ မိုင်တိုင် ၂၀ က နေပြီးတော့ ၃၆ မိုင် ၅ ဖာလုံအတွင်းမှာ လမ်းပေါက်ဖာထေးခြင်းများ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ယခုလာမည့် မတ်လအထိ တိုးတက်မှုမရှိပါက ၎င်းကုမ္ပဏီအား ပြန်လည်ရုပ်သိမ်းသွား မှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မန္တလေး-နွားထိုးကြီး-မြစ်သား-ရေဝန်း ၅၃ မိုင် ၇ ဖာလုံဟာ စာချုပ်ပါစည်းကမ်းချက်နှင့်အညီ ပြုပြင်ဆောင်ရွက်ရန် စီစဉ်ညွှန်ကြားထားပါကြောင်းနှင့် လုပ်ငန်းတိုးတက်မှုမရှိပါက ၎င်းလုပ်ပိုင်ခွင့်အား ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားထားပါသည်။
