အစည်းအဝေးသို့ ကြွရောက်လာကြသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမဆုမွန်ကောင်းတောင်းအပ်ပါ တယ်ခင်ဗျား။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်းကတော့ ကျွန်တော်တို့ ပျော်ဘွယ်မြို့နယ် အနောက်ဘက်မှာ ဖြတ်သန်းသွားတဲ့ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး မိုင်တိုင်အမှတ် ၂၆၉/၅ အနီးမှာ ယခုအခါမှာ ကားလမ်း တစ်ဖက်နှင့်တစ်ဖက် ကူးမရအောင် သံဆန်ခါများ ပိတ်ဆို့ကာရံထားတာရှိပါတယ်။ ၎င်းလမ်းရဲ့ အရှေ့ဘက်တစ်မိုင်ခန့်မှာ နတ်စုံးမှော်ကျေးရွာရှိပါတယ်။ ယင်းကျေးရွာမှ ပြည်သူများအနေဖြင့် လမ်းရဲ့အနောက်ဘက် ၎င်းတို့ရဲ့ လယ်ယာများသို့ ကူးသန်းသွားလာဖို့အတွက် Underpass များ ဆောက်လုပ်ပေးထားခြင်းမရှိပါဘူးခင်ဗျား။ နတ်စုံးမှော်ကျေးရွာရဲ့ တောင်ဘက် တစ်ဖာလုံခန့်မှာတော့ ပေ ၇၀ ခန့်ကျယ်တဲ့ ချောင်းမကြီးချောင်းကို ရာသီမရွေးသွားလာနိုင်ဖို့အတွက် တံတားထိုးပေးမယ် ဆိုရင်တော့ တခြားကျေးရွာများနှင့်ပျော်ဘွယ်မြို့သို့သွားတဲ့ လမ်းတွေနဲ့ ဆက်သွယ်ပြီးတော့ ရာသီမရွေး သွားလာနိုင်မှာဖြစ်ကြောင်းလည်း အကြံပြုတင်ပြလိုပါတယ်။ သို့ဖြစ်ပါ၍ ကျေးရွာရှိ ပြည်သူများ သွားလာရေးအဆင်ပြေအောင် မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်းနှင့် လမ်းမကြီး ဖောက်လုပ်ထားသောကြောင့် ယခင်ဆက်သွယ်ထားသောလမ်းများမရှိတော့၍ အခြားကျေးရွာများ နှင့် ဆက်သွယ်ပေးနိုင်မည့်လမ်းတံတားများ ဖောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းထားပါသည်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးရဲ့မေးမြန်းထားသော မိုင်တိုင် ၂၆၉ မိုင် ၅ ဖာလုံမှာရှိတဲ့ နတ်စုံးမှော်ကျေးရွာရဲ့သွားလာရေးအခြေအနေကို ကျွန်တော့်အနေနဲ့ ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါ တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဟာ ရန်ကုန်အမှတ် ၃ လမ်းဆုံကနေပြီးတော့ မန္တလေး(တံခွန်တိုင်)အထိ ၃၆၆ မိုင် နဲ့ ၃ ဖာလုံရှည်လျားပါတယ်။ ဒီလမ်းပိုင်း မှာ ပျော်ဘွယ်မြို့နယ်ပါဝင်တဲ့အပိုင်းကတော့ ၂၆၁ မိုင် ၂ ဖာလုံကနေပြီး ၂၇၆ မိုင် ၃ ဖာလုံ အထိ ၁၅ မိုင်နဲ့ ၁ ဖာလုံ ပါရှိပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့်ဆက်စပ်နေတဲ့ ပျော်ဘွယ်မြို့နယ် အတွင်းမှာ နေထိုင်ကြတဲ့ဒေသခံပြည်သူများနှင့် လမ်းဘေးဝဲယာမှာရှိတဲ့ ကျေးရွာတွေဟာ ပြည်သူများ ရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကိစ္စများ၊ မြို့ပြဒေသများနှင့်ဆက်သွယ်ရာတွင် ယာဉ်ဖြတ်သွားတဲ့လမ်းတွေနဲ့ လှည်းလမ်းပေါက်တွေကို တံတားအောက်ကသွားလာနိုင်အောင် ယာဉ်ဖြတ်လမ်းတံတားပေါက် ၂ ခုရယ်၊ လှည်းဖြတ်လမ်းပေါက် ၇ ခု၊ စုစုပေါင်း ၉ ခုတည်ဆောက် ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် သွားလာနေတဲ့ယာဉ်များနဲ့ အန္တရာယ်ကင်းစေဖို့လည်း လမ်းဘေး ဝဲယာခြံစည်းရိုးတွေ ကာရံပေးထားတာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပျော်ဘွယ်မြို့နယ်အတွင်းမှာရှိတဲ့ နတ်စုံးမှော်ကျေးရွာ ဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၆၉ မိုင် ၅ ဖာလုံရဲ့ အရှေ့ဘက် တစ်မိုင်ခန့် အကွာမှာပဲရှိပါတယ်။ နတ်စုံးမှော်ကျေးရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများအနေနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ဖြတ်ပြီးတော့ အခြားဘက်မှာရှိနေတဲ့ ၎င်းတို့ရဲ့လယ်မြေများကို ကူးသန်း သွားလာမှုလွယ်ကူနိုင်ဖို့အတွက်ကို ၂၆၉ မိုင် ၁ ဖာလုံနဲ့ ၂၆၉ မိုင် ၂ ဖာလုံကြားမှာ ယာဉ်ဖြတ်လမ်း တံတားတစ်ခုရှိပါတယ်။ ၂၆၈ မိုင် ၇ ဖာလုံမှာ တစ်ခု၊ ၂၇၀ မိုင်နဲ့ ၂၇၀ မိုင် ၁ ဖာလုံကြားမှာ တစ်ခု၊ ၂၇၁ မိုင် ၄ ဖာလုံနဲ့ ၂၇၁ မိုင် ၅ ဖာလုံမှာ တစ်ခု အဲဒါကတော့ ကျွန်တော်တို့ လှည်းဖြတ်ပေါက် ၃ ခု စီစဉ်ပေးထားတာဖြစ်ပါတယ်။ မိုးရာသီမှာ နွားလှည်းများ ဖြတ်သန်းသွားလာနိုင်ပြီး ပွင့်လင်းရာသီမှာ နွားလှည်းများသာမကဘဲ ထော်လာဂျီနဲ့ ကားငယ်များပါ နေ့စဉ်ကူးသန်းသွားလာမှုရှိပါတယ်။ ယခု မေးခွန်းနဲ့ပတ်သက်ပြီးတော့ ၂၅-၁-၂၀၁၂ ရက်နေ့မှာ ရန်ကုန်-မန္တလေးအမြန်လမ်း စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာမှ ၎င်းနေရာသို့သွားရောက်ပြီးမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ရာသွားလာမှု အခြေအနေ များလည်း ကောင်းမွန်နေကြောင်းလည်း သိရှိရပါတယ်။ ဒါကြောင့်မို့လို့ ၎င်းအခက်အခဲများကိုလည်း ဆက်လက်ပြီးတော့ လိုအပ်ချက်အရ ရှင်းလင်းပေးသွားမှာ ဖြစ်ကြောင်းဖြေကြားထားပါသည်။
