လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်ကြီးများရှင့်။ ကျွန်မကတော့ မွန်ပြည်နယ်၊ ကျိုက်မရောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိယဉ်ချမ်းဖြစ်ပါတယ်။ ကျွန်မမေးမြန်း ဆွေးနွေးလိုတာကတော့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ (အတ္ထရံ) မြစ်ကူးတံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းလိုခြင်းဖြစ်ပါတယ်။ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ရှိ ချောင်းနှစ်ခွကျေးရွာအနီးတွင် အတ္ထရံမြစ် စီးဆင်းလျက်ရှိပါတယ်။ အတ္ထရံမြစ်ကို ဖြတ်ပြီး ပဲ့ချိတ်စက်လှေဖြင့် ခရီးသည်များ ခရီးသွားလာနေရပါတယ်။ နိုင်ငံတော်ပိုင် ဇက်တစ်စီးဖြင့် မော်တော်ယာဉ်များကို သယ်ပို့ပေးပြီးကူးရသဖြင့် ခရီးအချိန်ကြန့်ကြာပါတယ်။ ထိုလမ်းဟာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသောလမ်းဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်သည် ၎င်းလမ်းကိုသာအသုံးပြုပြီး မုဒုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ခရီးသွားနေရပါတယ်။ ယခုအခါ ၎င်းလမ်းအတိုင်း ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်၊ မြဝတီမြို့သို့ ယခင်လမ်းကြောင်းအဟောင်းကို ဖော်ထုတ်နေပြီဖြစ်၍ ခရီးလမ်း အဆင်ြပေချောမွေ့စေရေးအတွက် ချောင်းနှစ်ခွ (အတ္ထရံ)မြစ်ကူးတံတားကို ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ ပြည်သူများ၏ လိုအပ်ချက်အရ မေးမြန်းထားပါသည်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနှုတ်ခွန်းဆက်သအပ် ပါတယ်။ ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့် ဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် မွန်ပြည်နယ်၊ ကျိုက်မရောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိယဉ်ချမ်းကနေပြီးတော့ မေးမြန်းထားတဲ့ မေးခွန်းဖြစ်တဲ့ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ မုဒုံ-မြဝတီလမ်းပေါ်မှာရှိတဲ့ ချောင်းနှစ်ခွ(အတ္ထရံ)မြစ်ကူး တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိအခြေအနေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအနီး မုဒုံ-မြဝတီလမ်း မိုင်တိုင် ၂၀/၄ မှာ အတ္ထရံမြစ် ဖြတ်သန်းစီးဆင်းလျက် ရှိပါတယ်။ မုဒုံ-မြဝတီလမ်းဟာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို ဆက်သွယ်ထားသောလမ်း ဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဟာ အဆိုပါလမ်းကို အဓိကထားပြီးသွားနေရတဲ့ ဒေသဖြစ်ပါတယ်။ ခရီးသွားပြည်သူတွေဟာ အတ္ထရံမြစ်ကို စက်လှေဖြင့် ဖြတ်ကူးပါတယ်။ မော်တော်ယာဉ်များကတော့ ဖြတ်ကူးနိုင်ဖို့အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကနေပြီး ဇက်ရေယာဉ်တစ်စီးထားပေးပြီးတော့ ၎င်းဇက်ရေယာဉ်နဲ့ပဲ ဖြတ်ကူးနေတာဖြစ်ပါတယ်။ ယခုမိုးရာသီ မှာ မိုးရေလက်မမြောက်မြားစွာ ရွာသွားတဲ့အတွက် ဇက်ရေယာဉ်ဟာ ကမ်းကပ်လို့မရတဲ့အတွက် နှစ်လခန့် မော်တော်ယာဉ်တွေ ဖြတ်သန်းမရဘဲနဲ့ အခက်အခဲရှိခဲ့ကြောင်းလည်း ကြားသိခဲ့ရပါတယ်။ အတ္ထရံမြစ်ဟာ ကမ်းနှစ်ဖက်အကျယ်ကတော့ ပေ၅၀၀ ပဲရှိပါတယ်။ သို့သော်လည်း အတ္ထရံမြစ်ထဲမှာ သင်္ဘောတွေ ဖြတ်သန်းသွားတဲ့အတွက် လိုအပ်တဲ့အမြင့်ကိုမူတည်ပြီးတော့ တံတားတည်ဆောက်မယ် ဆိုရင် ပေ ၁၀၀၀ ကနေပြီး ပေ ၁၅၀၀ အထိ ရှည်နိုင်တဲ့ တံတားဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေနဲ့ လောလောဆယ် အတ္ထရံမြစ်ကူးတံတား ဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေးပါ ကြောင်းနှင့် ယခုတင်ပြတဲ့တံတားဟာ တည်ဆောက်ရန်လိုအပ်သော တံတားဖြစ်တဲ့အတွက် ဆက်လက် ပြီးတင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားထားပါသည်။
