(ခ)-လယ်ယာမြေလုပ်ပိုင်ခွင့်ကိုရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်း တို့ကို ဆောင်ရွက်သည့်အခါ တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်များ၊ သတ်မှတ်နှုန်း ထားများ ပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၆.၆.၂၀၁၈)

လယ်ယာမြေလုပ်ပိုင်ခွင့်ကိုရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်း တို့ကို ဆောင်ရွက်သည့်အခါ အခွန်တံဆိပ်ခေါင်းတန်ဖိုး မည်မျှကပ်ရမည်၊ စာချုပ်စာတမ်းမှတ်ပုံတင်ခ မည်မျှပေးသွင်းရမည်ကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေနည်းဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသည့်အတွက် လယ်ယာမြေရောင်းဝယ်မှုအား တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်များ၊ သတ်မှတ်နှုန်း ထားများ ပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

၃၁-၃-၂၀၁၂ ရက်နေ့တွင် လယ်ယာမြေဥပဒေကို ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၁) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး လယ်ယာမြေလုပ်ပိုင်ခွင်‌့ရရှိသူသည် လယ်ယာမြေကိုရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းဆောင်ရွက်သည့်အခါ ဦးစီးဌာနမှ သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင်‌့ စာချုပ်စာတမ်းမှတ်ပုံတင်ခတို့ကို ပေးဆောင်ရန် သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံး တွင် မှတ်ပုံတင်ရမည်ဟု ပြဋ္ဌာန်းခဲ့ပါကြောင်း၊ လယ်ယာမြေနည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တို့ဖြင့် လယ်ယာမြေတစ်ဧက သို့မဟုတ် အရောင်းအဝယ်ဖြစ်သည့် ငွေကျပ် တစ်သိန်းလျှင် တံဆိပ်ခေါင်းခွန် မည်မျှကို သက်ဆိုင်ရာအခွန်ဦးစီးဌာနရုံးတွင် ဝယ်ယူရသော်လည်း  စာချုပ်စာတမ်းမှတ်ပုံတင်ခကို နိုင်ငံတော်သို့ မည်မျှပေးသွင်းရမည်ကို ယနေ့အထိ နည်းဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားခြင်း မရှိသေးပါကြောင်း၊ လယ်ယာမြေများကို ငွေကြေးတတ်နိုင်သမျှ ဧကများစွာဝယ်ယူရင်းနှီးမြှုပ်နှံပြီး အရောင်းအဝယ်ပြုလုပ်သည်‌့အတွက် မြေဈေးနှုန်းအဆမတန် ကြီးမြင့်မှုဖြစ်ပေါ်ပြီး လယ်ယာမြေဧက လျော့နည်းကာ ဒေသခံတောင်သူများမှာလည်း ယခင်လယ်ယာမြေတန်ဖိုး ကျပ်သိန်းဆယ်ဂဏန်း တန်သောမြေကို သိန်းရာဂဏန်း၊ ထောင်ဂဏန်းများဖြင့် အရောင်းအဝယ်ပြုလုပ်ကြောင်း မြေပြင်တွင် တွေ့ရှိနေရပါကြောင်း၊ လယ်ယာမြေအရောင်းအဝယ်ပြုလုပ်သော်လည်း နိုင်ငံတော်သို့ တံဆိပ်ခေါင်း ခွန်၊ စာချုပ်စာတမ်း၊ မှတ်ပုံတင်ခ တိကျစွာပြဋ္ဌာန်းထားခြင်း မရှိသည်‌့အတွက် နိုင်ငံတော်၏အခွန် ဘဏ္ဍာငွေဆုံးရှုံးမှုများစွာ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ လယ်ယာမြေကိုဝယ်ယူသူများက သီးနှံစိုက်ပျိုး ခြင်းမရှိဘဲ ဥယျာဉ်ခြံမြေများပြုလုပ်ခြင်းအချို့မှာ ခြံကွက်များရ၍ ရောင်းချခြင်း၊ လယ်ယာမြေများကို လှပ်ထားခြင်း၊ ကျောက်တိုင်များစိုက်ထူခြင်း စည်းကမ်းများဖောက်ဖျက်ခြင်းများရှိပါကြောင်း၊ မြေဈေးနှုန်းမှာလည်း လယ်ယာမြေအပါအဝင် အခြားလူနေအိမ်၊ ခြံမြေဈေးနှုန်းများပါ မြင့်တက် လာခြင်းတို့ကြောင့် လှပ်ထားသောမြေတွင် ကျူးကျော်ဝင်ရောက်နေထိုင်မှုများ ဖြစ်ပေါ်ခြင်း၊ အခြေခံ လူတန်းစားတို့အတွက် မြေတစ်နေရာက နေရာတစ်နေရာနေထိုင်ရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ လယ်ယာမြေကို အဓိကအားဖြင့် ရောင်းချခြင်းသာရှိပြီး ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို လွန်စွာနည်းပါးကြောင်း တွေ့ရှိရသည်‌့အတွက် လယ်ယာမြေရောင်းချခြင်းအား အဓိကထား၍ တံဆိပ်ခေါင်းခွန်၊ စာချုပ်စာတမ်း၊ မှတ်ပုံတင်ခနှင့် ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့အတွက် ဆောင်ရွက်သည်‌့အခါ တိကျသောတံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း၊ မှတ်ပုံတင်ခတို့အတွက် အမြန်ဆုံးပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိပါက မည်သည်‌့အကြောင်းကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ အခန်း(၄) ပုဒ်မ ၁၂ ပုဒ်မခွဲ(ဂ) တွင် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ် စာတမ်း မှတ်တမ်းတင်ခတို့ကိုပေးဆောင်ပြီး သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ လယ်ယာမြေလွှဲပြောင်းပေးသူနှင့် လွှဲပြောင်းလက်ခံသူတို့သည် လယ်ယာမြေတည်ရှိသော သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့၏ ရှေ့မှောက်တွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ပြီး စာချုပ်ချုပ်ဆိုရမည်ဟု ၂၀၁၂ ခုနှစ်၊ လယ်ယာ မြေနည်းဥပဒေ ၂၄ မှ ၂၈ အထိ ဖော်ပြပြဋ္ဌာန်းထားရှိပြီးလည်း ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာ မြေဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ(ဌ)ပါ ပြဋ္ဌာန်းချက်အရ တံဆိပ်ခေါင်းခွန်သတ်မှတ်ခြင်းကိစ္စအပေါ် ၂၈-၇-၂၀၁၆ ရက်နေ့တွင်ကျင်းပခဲ့သော ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ရှေ့ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များကိစ္စနှင့်ပတ်သက်ပြီး ထည့်သွင်းညှိနှိုင်း ဆွေးနွေးခဲ့ပြီးလည်းဖြစ်ပါကြောင်း၊

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့်လည်း တံဆိပ်ခေါင်းခွန်နှုန်းထားအတွက် အထူးဥပဒေ (Mother Law) ဖြစ်သည့် တံဆိပ်ခေါင်းခွန်အက်ဥပဒေနောက်ဆက်တွဲဇယားတွင် ပါရှိသည့်အတိုင်း ထိုက်သင့်စေရန် ညှိနှိုင်းမှုသဘောထားရှိခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ(ဂ) နှင့်စပ်လျဉ်းပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ကိုရောင်းချခြင်း၊ ပေါင်နှံ၍ ချေးငွေတစ်ရပ်ရပ် ရယူခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့အတွက် ချုပ်ဆိုသော စာချုပ်စာတမ်း အမျိုး အစားအလိုက် မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေအရ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ပြီး ဦးစီးဌာနက သတ်မှတ်သောစာချုပ်စာတမ်းမှတ်ပုံတင်ခပေးဆောင်စေ၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဟု ပြင်ဆင်ပေးရေး မိမိဝန်ကြီးဌာနကို ညှိနှိုင်းလာမှု ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်လည်း ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပါ တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခဆိုသည့်စကားရပ်အား အစား ထိုး ပြင်ဆင်နိုင်ရေးအတွက် လယ်ယာမြေဥပဒေတွင် အခြားပြင်ဆင်သင့်သည့်အချက်အလက်များ ပြင်ဆင်မည့်ဥပဒေကြမ်းကို ပြန်လည်သုံးသပ်စီမံဆောင်ရွက်ခဲ့ပါကြောင်း၊

လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို ဥပဒေပညာရှင်များ၊ ဌာနရှိ ကျွမ်းကျင် ဝန်ထမ်းများ ညှိနှိုင်းရေးဆွဲခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေပြင်ဆင်သည့်(မူကြမ်း)ကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီးသည့်နောက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ၈-၆-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ရုံးကို ပေးပို့တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင် ချက်နှင့် ကိုယ်စားလှယ်များ၏ အဆိုပြုချက်များ ဆွေးနွေးဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါ ကြောင်း၊

သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက် မေးမြန်းသည့် တစ်နိုင်ငံလုံးရှိ လယ်ယာမြေရောင်းဝယ်မှုအား တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခများ၊ သတ်မှတ်နှုန်းထား ပြဋ္ဌာန်းပေးနိုင်ရေး အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းပြီး ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေကိုပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်း ပြီးပါက ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။