(ခ)-မုံရွာမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းတွင် ရေမြောင်းစနစ် စနစ်တကျဖြစ်စေရေးနှင့် ရေဆိုးထုတ် မြောင်းမကြီးများပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိစပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ (၁.၆.၂၀၁၈)

 

မုံရွာမြို့၏ မြောက်ဘက်တွင် ကံသာယာ၊ လယ်တီအင်း ၊ တောင်ဘက်တွင် ညောင်ကိုင်းအင်း၊ အနောက် ဘက်မှာ ချင်းတွင်းမြစ်ကြီးရှိပါကြောင်း၊ စနစ်တကျစီမံပါက ရေစီးရေလာကောင်းမွန်လာနိုင်သည့်အခြေအနေ ဖြစ်ပါကြောင်း၊ မုံရွာမြို့၏ရေစီးရေလာနှင့်ပတ်သက်၍ အပိုင်းနှစ်ပိုင်းရှိပါကြောင်း၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းနှင့်ဆိုင်သည့် အဝေးပြေးလမ်းမကြီးဘေးရှိ မြောင်းကြီးများ ဖြစ်ပါကြောင်း၊ စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ ရပ်ကွက်ထဲရှိ လမ်းဘေးမှရေမြောင်းငယ်များ ဖြစ်ပါကြောင်း၊ ပြည်သူ့ဆောက်လုပ်ရေးနှင့် ဆိုင်သည့် လမ်းမကြီးများမှ မုံရွာ-ပခုက္ကူလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်ထောင်စုလမ်း၊  ကျောက်ကာလမ်း၊ သာစည်လမ်း တို့ဖြစ်ပါကြောင်း၊ မုံရွာ-ပခုက္ကူလမ်းသည် အနောက်ဘက်ချင်းတွင်းမြစ်ဘက်ကို ဦးတည်သွား နေပါကြောင်း၊ ချင်းတွင်းမြစ်ထဲရောက်သည့်အခါ တာတမံ၊ တာရိုးကြီးများ အမြင့်ကြီးလုပ်ထားသည့် အတွက် တစ်ဖက်ပိတ်ဆည်ကြီးလိုဖြစ်ပြီး ရေကြီးရေလျှံမှုများဖြစ်စေပါကြောင်း၊ ရေမြောင်းများ ကျဉ်းမြောင်းသည့် အတွက် ‌ရေကြီးရေလျှံဖြစ်ခြင်းဖြစ်ပါကြောင်း၊          ပြည်ထောင်စုလမ်းမကြီးဘေးရှိ လမ်းများတွင် ရေမြောင်း အများစု ရှိပြီး အနည်းစုသာရေမြောင်းမရှိပါကြောင်း၊ ကျန်သည့်နေရာများတွင် ပြည်သူ့ဆောက်လုပ်ရေးဌာနမှ ရေမြောင်းများဖောက်လုပ်ပေးရန် လိုအပ်ပြီး ရေမြောင်းရှိပြီးသားနေရာများကို ရှင်းလင်းပေးရန် လိုအပ် ပါကြောင်း၊ အပိုင်း(၂)စည်ပင်နယ် ရပ်ကွက်ထဲရှိ လမ်းဘေးရေမြောင်းများသည် နေရာအများစု တွင်ရှိပြီး သားဖြစ်ပါကြောင်း၊ အနည်းငယ်သာမရှိခြင်း ဖြစ်ပါကြောင်း၊ ကျန်သည့်နေရာများကို စည်ပင်သာယာမှ ပြည်သူလူထုကို စည်းရုံးပြီးရေမြောင်းများဖောက်လုပ်ပေး၍ ရနိုင်ပါကြောင်း၊ ပြည်သူ့ဆောက်လုပ်ရေး နှင့် ဆိုင်သည့် မြောင်းမကြီးများ၊ စည်ပင်သာယာနှင့်ဆိုင်သည့် မြောင်းငယ်များကို ချိတ်ဆက်ပေးလိုက်ပါ က ‌ရေစီးရေလာကောင်းလာမည် ဖြစ်ပါကြောင်း၊ ရေဆိုးထုတ်မြောင်းမကြီးများ မှာ မုံရွာမြို့တွင် နဂိုကရှိပြီးသားဖြစ်ပါကြောင်း၊  မုံရွာမြို့တွင် တစ်နှစ်လျှင် စည်ပင်ဝင်ငွေ သန်း ၃၀၀၀ လောက်ရပါကြောင်း၊ ၎င်းဝင်ငွေများနှင့် မြို့ဖွွံှဖြိုးတိုးတက်ရန် လုပ်နေသော်လည်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခြင်းများ ကို ပြင်ဆင်နေရသည့် အတွက်ကြောင့် ဖွံ့ဖြိုးတိုးတက်မှုသည် သိသိသာသာတိုးတက်မလာပါကြောင်း၊ ထို့ကြောင့် မုံရွာမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းတွင် ရေမြောင်းစနစ် စနစ်တကျဖြစ်စေရေးနှင့် ရေဆိုးထုတ် မြောင်းမကြီးများပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
နေပြည်တော်ကောင်စီ၊ကောင်စီဝင်ဦးအောင်မြင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့စည်ပင်သာယာနယ်နိမိတ်အတွင်း ရေမြောင်းစနစ် စနစ်တကျဖြစ်စေရန်နှင့် ရေဆိုးထုတ်မြောင်းမကြီးများပြုလုပ်ရန်အတွင် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ရေစီးရေလာ ကောင်းမွန် စေရေးအတွက် အဓိကရေထွက်ပေါက် ငါးပေါက်ကို အပိုင်းလိုက်ခွဲခြားပြီး စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မုံရွာစည်ပင်သာယာရေးကော်မတီ၏ ဘဏ္ဍာနှစ်အလိုက် စည်ပင်သာယာ နယ်နိမိတ်အတွင်း ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေးနှင့် တခြာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အတွက် လမ်းဖြတ်တံတားများပြုလုပ်ခြင်း၊ အုတ်ရေမြောင်းများ၊ ရေမြောင်းများ၊ အုတ်နံရံ ကွန်ကရစ်တံတားများကို တည်ဆောက်ရန် ပင်မကျောက်ရိုးစီရေမြောင်း၊ Box Culvert များ ပြုလုပ်ကြရပါကြောင်း၊ ထို့ကြောင့် ၂၀၁၃-၁၄ ခုနှစ်မှ ၂၀၁၆-၁၇ ခုနှစ်ထိအောင် လုပ်ငန်းပေါင်း ၄၅ ခုကို သိန်းပေါင်း ၁၄၈၉.၆၆၅ ဖြင့် ‌ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဘူတာလမ်း၊ စာရေးတန်းလမ်း၊ ပြည်ထောင်စုလမ်း၊ ဗိုလ်ချုပ်လမ်း၊ အုန္နဲပင်လမ်း၊ အေးသာယာ(၁)လမ်း၊ ရုံးကြီးလမ်းများတွင် အုတ်ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းကို ပေ ၃၂၀၀၊ ကျပ်သိန်း ၁၀၅၀ ဖြင့်လည်းကောင်း၊ မြဝတီပင်မ ကျောက်ရိုးစီရေမြောင်း ပြုလုပ်သည့်လုပ်ငန်း ပေ ၅၀၀ ကို ကျပ်သိန်း ၄၅၀ ဖြင့်လည်းကောင်း၊ အားကစားသိပ္ပံပတ်လမ်း၊ ဗိုလ်ချုပ်လမ်း၊ တောင်ဝင်ဘုံစံလမ်း၊ ထင်ရှူးလမ်း၊ ရုံးကြီးလမ်း၊ (၁၄)လမ်းတို့တွင် Box Culvert များ စုစုပေါင်းကိုးစင်း အတိုင်းအတာအရ ၂၄ ပေ x ၇ ပေ x ၇ ပေအတွက် ကျပ်သိန်း ၂၁၆ သိန်း နှင့်လည်းကောင်း စုစုပေါင်းကုန်ကျငွေ ၁၇၁၆ သိန်းဖြင့် လျာထားဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရေဆိုးထုတ်မြောင်းများနှင့် မြို့တွင်း Box Culvert များပြုလုပ်ရန်အတွက် ငွေကျပ်သိန်းပေါင်း ၃၅၂၉.၅၉ လျာထားပြီး ဆောင်ရွက်နေပါကြောင်း၊  ရေမြောင်းတစ်ခုနှင့်တစ်ခု ချိတ်ဆက် မှုရှိရန် အတွက် အုတ်ရေမြောင်းများပြုလုပ်ခြင်း၊ လမ်းဖြတ်တံတားများပြုလုပ်ခြင်းနှင့် ရေစီးဆင်းမှုချိတ်ဆက် မှုရှိဖို့ရန်အတွက် ရေဆိုးထုတ်တံခါးသုံးခုမှ ရေဆိုးထုတ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရေဆိုးမြောင်းများဖော်ထုတ်ဖို့ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် မြဝတီပင်မရေမြောင်း ကျောက်ရိုး စီလုပ်ငန်း ပေ ၅၀၀ ငွေကျပ် ၄၅၀ သိန်း၊ ရန်ကင်းရပ်ကွက်ရှိ ပင်မ ရေမြောင်းကျောက်ရိုးစီခြင်းလုပ်ငန်း ပေ ၂၀၀ အတွက် ငွေကျပ်သိန်း ၁၈၀၊ ရုံးကြီးလမ်း၊ မင်္ဂလာဗောဓိလမ်း၊ ညောင်တပင်လမ်း၊ အုန္နဲပင်လမ်း၊ ဗိုလ်ချုပ်လမ်း၊ သာစည်လမ်း၊ အေးသာယာ(၁)လမ်းများတွင် အုတ်ရေမြောင်းများပြုလုပ်ခြင်းအတွက် ပေပေါင်း ၁၁၈၀၀ သိန်းပေါင်း ၂၆၄၅.၆ သိန်းဖြင့် လည်းကောင်း၊  ရုံးကြီးလမ်း၊ အုန္နဲပင်လမ်း၊ ညောင်တပင်လမ်း၊ အေးသာယာလမ်း(၂)လမ်း၊ ဗိုလ်ချုပ်လမ်း၊ အ.ထ.က(၁)ကျောင်းလမ်း၊ ကျောက္ကာလမ်း၊ အေးသိဒ္ဓိလမ်းနှင့် တခြားလိုအပ်သည့် ရပ်ကွက်များတွင် လမ်းဖြတ်တံတားပေါင်း အစင်း ၃၀ ပြုလုပ်ခြင်းကို ခန့်မှန်းကုန်ကျငွေ သိန်း ၉၆၀ဖြင့် လည်းကောင်း ဆောင်ရွက်ရန် လျာထားရေးဆွဲနေပြီဖြစ်ပါကြောင်း၊  ပင်မရေမြောင်း များ ဖြစ်သည့် ဗိုလ်ချုပ်လမ်း၊ ပြည်ထောင်စုလမ်း၊ အောင်မင်္ဂလာ(၁)လမ်း၊ အောင်မင်္ဂလာအမှတ်(၃)လမ်း၊ သာစည်လမ်း တို့၏လမ်းဘေး ဝဲ/ယာ ရေမြောင်းများ ဆည်ယူခြင်းလုပ်ငန်းကိုလည်း ဆက်လက်ပြီး အကောင် အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ မုံရွာမြို့ ရေကြီးသည့်အခါ မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးမှုဖြစ်နိုင် သည့် မုံရွာတောင်ရပ်ကွက်၊ နတ်လူထိပ္ပန်ရပ်ကွက်၊ ကန်သာဦးရပ်ကွက်တို့၏ ရေနစ်မြုပ်မှု အခက်အခဲ များဖြေရှင်းနိုင်ရန်အတွက် မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြေသားရေမြောင်း များတူးဖော် ပေးခြင်း၊ ရေစုပ်စက်များနှင့် စုပ်ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မုံရွာမြို့တွင် ရေစီးရေလာပိုမိုကောင်းမွန်လာရေးအတွက် လိုအပ်သည့်နေရာ၊ ဖြစ်ပေါ်လာသည့်နေရာတိုင်း ကို တိုင်းတာ တွက်ချက်ပြီး နှစ်အလိုက်ရန်ပုံငွေလျာထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။