ဟုမ္မလင်းမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်လေးတစ်ခုကနေပြီးတော့ ဒီမေးခွန်းကို ကျွန်တော်မေးခွင့်ရရှိ လာတာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်မေးခွန်းတော့ မဟုတ်ပါဘူး။ ကျေးရွာတစ်ရွာမှာ တက္ကသိုလ်ဝင် ကျောင်းသူလေးတစ်ဦးဟာ ကိုယ်လေးလက် ဝန်ရှိလာတဲ့အခါကျတော့ သူနဲ့ပတ်သက်တဲ့ အမျိုးသားတစ်ဦးကို ဖော်ထုတ်စွပ်စွဲခဲ့ပါတယ်။ စွပ်စွဲတဲ့ သူက ရဟန်းတစ်ပါးဖြစ်နေပြီးတော့ ခန်းနေဦးဇင်းတစ်ပါးပဲ ဖြစ်ပါတယ်။ သို့သော်လည်းပဲ လူဝတ်လဲပြီး လက်ထပ်ဖို့ ညှိနှိုင်းပေမယ့်လို့ တရားခံဘက်မှ ငြင်းဆိုခဲ့တဲ့အတွက် မိန်းကလေးရှင်ဘက်က တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ အမှုစစ်ဆေးစဉ် ကာလမှာ ဒီတရားခံက ဒီအမှုမှာ သူကငြင်းဆိုပြီးတော့ သက်သေအထောက်အထားအနေနဲ့ DNA စစ်ဆေးပေးဖို့ဆိုပြီးတော့ တရားသူကြီးကို တောင်းခံလိုက်ပါတယ်။ သို့သော်လည်းပဲ တရားသူကြီး အနေနဲ့ တိုင်းတရားသူကြီးရဲ့ အကူအညီကိုရယူပြီးတော့ ဒီအမှုကို ကနေ့ မြန်မာနိုင်ငံတရားစီရင်ရေး မှာ တရားရုံးသက်သေအထောက်အထားအဖြစ် တရားရုံးများမှာ ခွင့်ပြုချက်မရှိသေးဘူး။ စက်ကိရိယာ ပစ္စည်းလည်းမရှိသေးဘူး။ ကျွမ်းကျင်သူလည်း မရှိသေးဘူး။ ကာယကံရှင်မိန်းကလေးကလည်း ကန့်ကွက်တာဖြစ်တဲ့အတွက် ဒီ DNA စစ်ဆေးမှုတောင်းဆိုချက်ကို တရားသူကြီးက ပယ်ချခဲ့ပါတယ်။ အဲ့ဒီလိုပယ်ချလိုက်ပြီးတဲ့ ရက်မကြာခင်မှာပဲ ကျွန်တော့်ဆီ အဲ့ဒီကျေးရွာက သူနဲ့ပတ်သက်တဲ့ ရွာသူ ရွာသား ၁၀ ဦးလောက် ကျွန်တော့်ဆီရောက်လာပါတယ်။ ဒါဟုတ်သလားတဲ့။ ဒီလိုပယ်ချတာဟာ တကယ်ပဲမရှိဘူးလားဆိုတော့ ကျွန်တော်လည်း မသိပါဘူး။ မသိတော့ ကျွန်တော် လွှတ်တော်မှာ မေးပေးပါမယ်ဆိုပြီးတော့ ကတိပြုခဲ့ပါတယ်။ ပဉ္စမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တက်ရောက်ဖို့ တရားရုံးက တရားသူကြီးရဲ့ ငြင်းပယ်ချက်မိတ္တူကို ကျွန်တော့်ကို ပေးပါတယ်။ သို့သော်လည်းပဲ ပဉ္စမအကြိမ်ကာလဟာ ဒီအမှုကပြီးဆုံးခြင်းမရှိသေးဘူး။ တရားသူကြီးက အမိန့်ချ မှတ်ခြင်းမရှိသေးတဲ့အတွက် မေးမြန်းခြင်းမပြုခဲ့ပါဘူး။ အဲ့ဒါနဲ့ ဆဋ္ဌမအကြိမ်ရောက်တော့ ကျွန်တော် လည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ လွှတ်တော်ရောက်ပြီး ၁၀ ရက်လောက် အကြာကျတော့ ကျွန်တော်နဲ့ရင်းနှီးတဲ့ ရဟန်းတစ်ပါးကနေပြီးတော့ တယ်လီဖုန်းနှင့်ဆက်ပြီး အကြောင်းကြားပါတယ်။ အဲ့ဒီတရားခံအဖြစ် အကျဉ်းထောင်မှာရောက်နေတဲ့ တရားခံက သူ့အတွက်ကတော့ ပြီးပါပြီတဲ့။ နောင်ဒီလိုအမှုအခင်းတွေ ဖြစ်ပေါ်ခဲ့ရင် တရားရုံးအနေနဲ့ တိကျတဲ့ အဖြေ၊ မြန်ဆန်တဲ့စစ်ဆေးမှုဖြစ်နိုင်အောင် ဒါကို အဲ့ဒီတရားခံက တောင်းဆိုတဲ့အတွက်ကြောင့် ကျွန်တော်နဲ့ရင်းနှီးတဲ့ရဟန်းတစ်ပါးက ဆက်ပြီးအကြောင်းကြားတဲ့အတွက် ဒီမေးခွန်းကို မေးမြန်းရ ခြင်း ဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်မေးမြန်းလိုတာကတော့ လက်ရှိ ဒီကနေ့ တရားသူကြီး ငြင်းပယ် လိုက်တဲ့ ဒီနေ့ မြန်မာနိုင်ငံတရားရုံးတွေမှာ DNA စစ်ဆေးပြီးတော့ အထောက်အထားရယူမှုမရှိဘူး ဆိုတာ ဟုတ်ပါသလား။ ဒုတိယအချက်အနေနဲ့ကတော့ တကယ်လို့မရှိခဲ့သေးရင် နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်ကျင့်သုံးနေတဲ့ DNA စစ်ဆေးပြီး အမှုအခင်းတွေမှာ သက်သေအထောက်အထား ရယူတဲ့ လုပ်ငန်းများကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရားရုံးများက မည်သို့မည်ပုံဆက်လက် ဆောင်ရွက်ပါမည်နည်း၊
ကျွမ်းကျင်သူရဲ့ ထင်မြင်ချက် (Expert Opinion) ကို အင်္ဂလန်နိုင်ငံ တရားရုံးများက ၁၉၈၆ ခုနှစ်ကစပြီးလည်းကောင်း၊ အမေရိကန်နိုင်ငံတရားရုံးများ က ၁၉၈၇ ခုနှစ်မှစပြီး လည်းကောင်း သက်သေခံအဖြစ် လက်ခံခွင့်ပြုခဲ့ကြတယ်လို့ သိရှိရပါတယ်။ မြန်မာနိုင်ငံတရားရုံးများဟာ ကျွမ်းကျင်သူများရဲ့ထင်မြင်ချက် ဥပမာ ဓာတုဗေဒဝန်ရဲ့ စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာ (Chemical Examiner's Report) သေဆုံးသူ၊ ဒဏ်ရာရရှိသူနှင့် မုဒိမ်းပြု ကျင့်ခံရသူများနှင့်စပ်လျဉ်းတဲ့ စစ်ဆေးတွေ့ရှိချက်၊ အသက်နှင့်စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်တို့နှင့် သက်ဆိုင်တဲ့ စစ်ဆေးသူဆရာဝန်ရဲ့ ဆေးဘက်ဆိုင်ရာအစီရင်ခံစာ (Medical Report) နှင့် လက်ရေး၊ လက်မှတ်၊ လက်ဗွေ၊ လက်နက်စတဲ့ကိစ္စရပ်တွေနှင့်ပတ်သက်ပြီး မှုခင်းတပ်ဖွဲ့မှ သက်ဆိုင်ရာ ကျွမ်းကျင်သူများရဲ့ ထင်မြင်ချက် (Expert Opinion) များကို သက်သေခံအက်ဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ အခြားတည်ဆဲဥပဒေများက ခွင့်ပြုတဲ့အတိုင်း သက်ဆိုင်ရာမှုခင်းများအတွက် သက်သေခံချက်အဖြစ် အသုံးပြုလျက်ရှိပါတယ်။
အဆိုပါပုဂ္ဂိုလ်များ၊ ဌာနများသည် သက်ဆိုင်ရာအကြောင်းရပ်အလိုက် ကျွမ်းကျင်သူများဖြစ် ကြောင်း၊ ၎င်းတို့၏ ထင်မြင်ချက်များ၊ အစီရင်ခံစာများကို တောင်းခံရယူအသုံးပြုနိုင်ကြောင်း သတ်မှတ်ချက်နှင့်အညီ တရားရုံးများက ၎င်းတို့၏ အစီရင်ခံစာများ၊ ထင်မြင်ချက်များကို သက်သေခံ အဖြစ် လက်ခံအသုံးပြုခြင်း ဖြစ်ပါတယ်။ မျိုးရိုးဗီဇစစ်ဆေးချက် DNA ဟာ သက်ဆိုင်ရာ ကျွမ်းကျင်သူရဲ့ သိပ္ပံနည်းကျစစ်ဆေးချက်ဖြစ်တဲ့အတွက် DNA စစ်ဆေးချက်ကို သက်သေခံ အက်ဥပဒေနှင့် အခြားတည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်နှင့်အညီ တရားရုံးများက သက်သေခံအဖြစ် အသုံးပြုခြင်းကို ခွင့်မပြုနိုင်ဖို့ အကြောင်းမရှိပါဘူး။ အဆိုပါ DNA စစ်ဆေးချက်ကို သက်သေခံအဖြစ် အသုံးပြုနိုင်ပါက မျိုးရိုးဗီဇနှင့်စပ်လျဉ်းတဲ့ အငြင်းပွားချက်များအပေါ် တရားရုံးများက မှန်မှန် ကန်ကန်အဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ အကျိုးရလဒ်များရရှိလာမှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ မျိုးရိုးဗီဇစစ်ဆေးချက် DNA ကို သက်သေခံချက်အဖြစ် တရားရုံးများက အသုံးပြုနိုင်ဖို့အတွက် DNA စစ်ဆေးနိုင်တဲ့ဌာန၊ အဖွဲ့အစည်းတစ်ရပ်ရှိဖို့လိုအပ်ပြီး မျိုးရိုးဗီဇအငြင်းပွားချက်နှင့်စပ်လျဉ်းလို့ အဲ့ဒီဌာန၊ အဖွဲ့အစည်းရဲ့ DNA စစ်ဆေးချက်ကို တောင်းခံရယူနိုင်ကြောင်း သတ်မှတ်ထားရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါမှသာ အဆိုပါဌာန၊ အဖွဲ့အစည်းရဲ့ DNA စစ်ဆေးတွေ့ရှိချက်ကို တရားရုံး အမှုများမှာ ဥပဒေနှင့်အညီကျွမ်းကျင်သူရဲ့ စစ်ဆေးတွေ့ရှိချက်အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ DNA စစ်ဆေးနိုင်တဲ့ဌာန၊ အဖွဲ့အစည်းများ တည်ထောင်ဖွဲ့စည်းထား ခြင်းရှိပါက ယင်းဌာန၊ အဖွဲ့အစည်းများ၏ DNA စစ်ဆေးချက်အားသက်သေခံချက်အဖြစ် တရားရုံး များမှာ အသုံးပြုသွားနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးအေး (ဟုမ္မလင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ဆက်လက်ပြီး မေးမြန်းလိုတာက ကျွန်တော်တို့ နိုင်ငံတော်မှာ DNA စစ်ဆေးချက်ကို လုပ်ဆောင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်
DNA စစ်ဆေးချက်နှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ စီစဉ်ပေးနိုင်တဲ့ အခြေအနေမရှိပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက DNA စစ်ဆေးတဲ့အဖွဲ့သတ်မှတ်ထားတဲ့အကြောင်းနဲ့ အဲ့ဒီက Expert Opinion ကို ရယူနိုင်တဲ့အကြောင်း သက်ဆိုင်ရာပြည်ထဲရေးဝန်ကြီးဌာန အမှုစစ်အဖွဲ့အစည်းများ၊ တရားရုံးများကို တရားဝင်အကြောင်းကြားပြီး ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့က လက်ခံဆောင်ရွက်နိုင်ပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အနေနဲ့တော့ တာဝန်ယူပြီးတော့ အဖွဲ့အစည်းဖွဲ့စည်းနိုင်တဲ့ အခြေအနေမရှိတဲ့အကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဥက္ကဋ္ဌ။ ။ ဒီနေ့လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြန်လည်ဖြေကြားတာနှင့် ဆက်စပ်ပြီးတော့ DNA စစ်ဆေးဖို့နှင့်ပတ်သက်ပြီးတော့ သက်ဆိုင်ရာဌာနများက စဉ်းစားထားတာ စီစဉ် ဆောင်ရွက်ထားတာရှိလို့ရှိရင်လည်း လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူများသိရှိနိုင်ရေးအတွက် ပြန်လည်ဖြေကြားပေးစေလိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ အမျိုးသားဓာတ်ခွဲဌာနဆိုတာ ရန်ကုန်မြို့မှာရှိပါတယ်။ ဒါကျွန်တော်တို့နိုင်ငံရဲ့ Refrance လည်းဖြစ်ပါတယ်။ ဒီဌာနအနေနဲ့ DNA ကိုလည်း စစ်ဆေးနိုင်တဲ့ Capacity ရှိပါတယ်။ စစ်ဆေးလည်း စစ်ဆေးပေးနေပါတယ်။ ဒီနေရာမှာ တရားဝင်စစ်ဆေးခွင့်ဖြစ်သွားဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနရယ်၊ ပြည်ထဲရေးဝန်ကြီးဌာနရယ်၊ တရားလွှတ်တော်ချုပ်ရယ် ဆက်လက်ညှိနှိုင်းပြီး တော့အမြန်ဆုံးဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဒီလို အမှုအခင်းများဖြစ်ရင် စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့အတွက်ကို မှုခင်းတပ်ဖွဲ့ CID ကို ဖွဲ့စည်းထားရှိပါ တယ်။ လက်ရှိလည်း ကျွန်တော်တို့ မှုခင်းများကို စုံစမ်းဖော်ထုတ်ဖို့အတွက်ကို ဒီအဖွဲ့ကပဲ အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ခုနပြောတဲ့ DNA နှင့်ပတ်သက်ပြီးတော့ ကျွန်တော်တို့ တပ်ဖွဲ့မှာတော့ လက်ရှိအနေနဲ့ ဆောင်ရွက်ထားခြင်းမရှိပေမယ့်လည်း တပ်ဖွဲ့ဝင်များရဲ့ အရည်အသွေးမြှင့်တင်ရေး၊ လိုအပ်တဲ့ဆက်စပ်ပစ္စည်းအတွက်ကိုလည်း DNA နှင့်ပတ်သက်ပြီးတော့ စစ်ဆေးနိုင်ရန်အတွက်လည်း စီမံဆောင်ရွက်လျက်ရှိပါတယ်။ ခုန ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တင်ပြခဲ့သလိုပဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
