ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်သည် ကျေးရွာ အုပ်စုပေါင်း ၅၁ အုပ်စု၊ ကျေးရွာပေါင်း ၂၉၇ ရွာနေထိုင်လျက်ရှိပြီး ၅၉ ရွာမှာ စပါးခွံလောင်စာ၊ ဒီဇယ်၊ နေရောင်ခြည်စွမ်းအင်အပါအဝင် အခြားနည်းများဖြင့် ဓာတ်အားရရှိလျက်ရှိပါသည်။ ကျန်ရှိသော ကျေးရွာပေါင်း ၂၃၈ ရွာမှာ ဓာတ်အားမရရှိဘဲနေထိုင်ကြပါသည်။ နိုင်ငံတော်မှ ဖြန့်ဝေပေးသော လျှပ်စစ်ဓာတ်အားကို မြို့ပေါ် ၃ ရပ်ကွက်နဲ့ဆက်စပ်လျက်ရှိသော ကျေးရွာအချို့၊ ပြည်-ရန်ကုန် လမ်းဘေးရှိ ဓာတ်အားလိုင်းနဲ့နီးစပ်ရာကျေးရွာအချို့နှင့် ကျီးသဲကျေးရွာအုပ်စုတို့၌သာရရှိပါသည်။ ရွှေတောင်မြို့သည် ရွှေတောင်သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ၁၁ ကေဗွီအေ တိုက်ရိုက်ချိတ်ဆက်အသုံးပြုရခြင်းကြောင့် မြို့နဲ့အလှမ်းကွာဝေးသောကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရန်ဖြစ်နိုင်ခြေမရှိပါ။ ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မတစ်ခုလေး ပန်ကြားချင်ပါတယ်။ ကျွန်မတို့ ရွှေတောင် မြို့ဟာ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ၁၁ ကေဗွီအေ တိုက်ရိုက်ချိတ်ဆက် အသုံးပြုနေရတဲ့ ရွှေတောင်မြို့ရဲ့အခြေအနေလေးကိုလည်း တစ်စိတ်တစ်ဒေသ အနည်းငယ်လေး ဥက္ကဋ္ဌကြီးထံတင်ပြပါရစေရှင်။ ကျွန်မတို့ ရွှေတောင်မြို့မှာ ယခုဆိုရင် ညတိုင်းမီးပျက်ပါတယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်လိုဖြစ်နေပါပြီ။ တစ်ခုပဲစိုးရိမ်စရာကောင်းတာက ဒီလိုမီးပျက်တဲ့ အတွက်ကြောင့်မို့ ကလေးတွေစာကျက်တဲ့နေရာမှာ အင်မတန်အခက်အခဲတွေ့ပါတယ်။ ဒါကြောင့်မို့ ပညာရေးမြှင့်တင်မှု ကို ဘယ်လောက်ပဲလုပ်နေလုပ်နေ အရာမရောက်မှာကို စိုးရိမ်ရပါတယ်။ နောက်ပြီးတော့ ဖယောင်းတိုင်မီးနဲ့ ကြည့်တယ်ဆိုလို့ရှိရင်လည်း မီးဘေးအန္တရာယ်ကိုစိုးရိမ်စရာတွေ နောက် ကလေးတွေရဲ့မျက်စိကျန်းမာရေး၊ ကျွန်မတို့ငယ်စဉ်က လျှပ်စစ်မီးမရခဲ့တဲ့အတွက်ကြောင့် မီးအိမ်၊ မှန်အိမ်တွေ၊ ဖယောင်းတိုင်မီးတွေ၊ ရေနံဆီမီးခွက်တွေနဲ့ ကြည့်ခဲ့ကြရတဲ့အတွက်ကြောင့်မို့ ကျွန်မတို့က အရွယ်မတိုင်ခင်မှာ မျက်စိအလင်းမှိန်ခဲ့ရတာတွေရှိပါတယ်။ ဒါမျိုးတွေကို အခုခေတ် ကလေးတွေမှာ ထပ်ပြီးတော့မကြုံတွေ့စေချင်တော့ပါဘူး။ နောက်တစ်ခုက အခုလိုမိုးတွင်းအခါမှာလည်းပဲ ညမိုးမှောင် ကျချိန်မှာ လျှပ်စစ်မီးမလာလို့ မလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်လာမှာလည်း စိုးရိမ်စရာတွေဖြစ်ပါ တယ်။ ဒါလေးကို သိသာရုံလေး အနည်းငယ်လေး ကျွန်မတင်ပြတဲ့သဘောပါ။ နောက် ကျွန်မမေးခွန်း ကို ဆက်ပြီးတော့ဖတ်ကြားပါ့မယ်။ ထို့ကြောင့် ရွှေတောင်မြို့နဲ့ ၁၆ မိုင်ခန့်ကွာဝေးသော ညောင်စာရေး ကျေးရွာအုပ်စုသို့ ၃၃ ကေဗွီအေ သို့မဟုတ် ၆၆ ကေဗွီအေဓာတ်အားလိုင်းတည်ဆောက်ပေးရန် လည်းကောင်း၊ ရွှေတောင်မြို့နဲ့မိုင် ၃၀ ခန့်ကွာဝေးသော ကျွဲတလင်းကျေးရွာသို့ ၃၃ ကေဗွီအေ သို့မဟုတ် ၆၆ ကေဗွီအေတည်ဆောက်ပေးရန်လည်းကောင်းမေးမြန်းရခြင်းဖြစ်ပါသည်။ တည်ဆောက် ပေးမည်ဆိုပါက တရုတ်မှော်တိုက်နယ်ဆေးရုံ၊ ကွေ့မတိုက်နယ်ဆေးရုံများသို့ပါ လျှပ်စစ်ဓာတ်အားရရှိ နိုင်မည်ဖြစ်ပါသည်။ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဖြစ်သည့် ကွေ့မ၊ မြို့မမြစ်ရေတင်လုပ်ငန်းများပါ ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်၍ ၃၃ ကေဗွီအေ သို့မဟုတ် ၆၆ ကေဗွီအေဓာတ်အားလိုင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
မြန်မာနိုင်ငံမှာ ယာယီစာရင်းအရကျေးရွာပေါင်း ၆၄၃၄၆ ရွာ ရှိပြီး ဓာတ်အားစနစ်အပါအဝင် အခြားနည်းလမ်းဖြင့်မီးလင်းပြီး ကျေးရွာပေါင်းမှာ ၂၀၉၆၉ ရွာဖြစ် ပါတယ်။ ၎င်း ကျေးရွာများအနက် ဓာတ်အားစနစ်မှမီးလင်းသည့်ကျေးရွာပေါင်းမှာ ၄၅၁၀ ရှိပါတယ်။ ဒါကြောင့်မို့လို့ မီးလင်းသည့်ကျေးရွာများအခြေအနေမှာ ၇ ရာခိုင်နှုန်းသာရှိပါတယ်။ ရွှေတောင်မြို့နယ် အတွင်းရှိ ကျေးရွာများအနေဖြင့် ဓာတ်အားစနစ်မှ ၃၈ ရွာမီးလင်းပြီးဖြစ်၍ မီးလင်းနိုင်မှု အခြေအနေ မှာ ၁၃ ရာခိုင်နှုန်းခန့်ရှိပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းလုံးမှာ တိုးတက် သုံးစွဲလာသည့် ဓာတ်အားသုံးစွဲမှုပမာဏနဲ့အညီ ဓာတ်အားပေးနိုင်ရေးအတွက် မဟာဓာတ်အားလိုင်း ကြီးများ၊ ပင်မဓာတ်အားခွဲရုံကြီးများ၊ ဓာတ်အားပေးစက်ရုံကြီးများကို အသစ်တည်ဆောက်ခြင်း၊ လက်ရှိဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဦးစားပေး၍ နှစ်စဉ်ရရှိသည့်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရွှေတောင်မြို့နယ်ရှိ ကျေးရွာများနည်းတူ အခြားမြို့နယ်များရှိ ကျေးရွာများမီးလင်းနိုင်ရေးအတွက်လည်း ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ကို ရန်ပုံငွေရရှိမှုအခြေအနေအရ တိုးချဲ့တည်ဆောက်သွားရမည် ဖြစ်ပါတယ်။ ရွှေတောင်မြို့နယ်မှာ လက်ရှိ ၆၆ ကေဗွီနှင့် ၁၁ ကေဗွီလိုင်းစနစ်ဖြင့်သာ တည်ဆောက် ဓာတ်အားပေးထားနိုင်ပါတယ်။ ဖော်ပြပါကျေးရွာများ ဓာတ်အားရရှိနိုင်ရန်အတွက် ၁၁ ကေဗွီ ဓာတ်အားစနစ်ဖြင့် အသုံးပြုနိုင်ရန် အကွာအဝေးထက်ကျော်လွန်နေတဲ့အတွက် ဓာတ်အားပေး၍မရသေးခြင်းဖြစ်ပါတယ်။ ၆၆ ကေဗွီလိုင်း များတည်ဆောက်ခြင်း၊ ၆၆/၁၁ ကေဗွီဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းဆောင်ရွက်ပြီးမှသာ ဓာတ်အားပေးနိုင်မည်ဖြစ်၍ လောလောဆယ်မှာ ဘဏ္ဍာရေးအခြေအနေအရ အချိန်တိုအတွင်းမှာ တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိကြောင်း တင်ပြအပ်ပါတယ်။ ဒါကြောင့်မို့လို့ နောင်လာမည့်နှစ်များမှာ နှစ်စဉ်ရန်ပုံငွေလျာထားပြီး ရန်ပုံငွေခွဲဝေရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
