ကျွန်တော့်အနေနဲ့ နိုင်ငံပိုင်ယူရီးယားဓာတ်မြေ သြဇာစက်ရုံတွေကနေ ထုတ်လုပ်မှုနှင့်ပတ်သက်ပြီးတော့မှ သိချင်လို့ မေးမြန်းရခြင်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ စိုက်ပျိုးနေတဲ့ သီးနှံတွေအလိုက် နှစ်စဉ်မိမိတို့နိုင်ငံမှာ ဖူလုံဖို့အတွက် အထွက်တိုးဖို့ လိုအပ်တဲ့ ယူရီးယားဓာတ်မြေသြဇာဟာ တန်ချိန် ၂.၁၉ သန်းခန့်ရှိတယ်လို့ စိုက်ပျိုးရေးပညာရှင် တွေက တွက်ချက်ထားတာတွေ့ရှိရပါတယ်။ မိမိတို့နိုင်ငံမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံပိုင် ဓာတ်မြေသြဇာစက်ရုံ ၅ ရုံကနေပြီးတော့မှ ထုတ်လုပ်ခဲ့တာဟာ ယူရီးယားဓာတ်မြေသြဇာ တန်ချိန် ဝ.၁၆ သန်းပဲ ရှိပါတယ်။ ဒါကြောင့်မို့လို့ တစ်နိုင်ငံလုံးလိုအပ်ချက်နှင့် နှိုင်းယှဉ်လို့ရှိရင် နှစ်စဉ် တန်ချိန် ၂ သန်းခန့် တိုးတက်ထုတ်လုပ်ဖို့ လိုအပ်နေတာကို တွေ့ရှိရပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ပြည်ပကတင်သွင်းတာ ယူရီးယားဓာတ်မြေသြဇာ တန်ချိန် ဝ.၈ သန်းခန့်ရှိတယ်လို့ သိရှိရပါတယ်။ တောင်သူလယ်သမားတွေအနေနဲ့ ပြည်ပကတင်သွင်းတဲ့ ယူရီးယားဓာတ်မြေသြဇာထက်စာလို့ရှိရင် မိမိနိုင်ငံကထုတ်လုပ်တဲ့ ဓာတ်မြေသြဇာကို ပိုပြီးတော့မှ နှစ်ခြိုက်ကြပါတယ်။ အရည်အသွေး အရလည်း သိသာထင်ရှားပါတယ်။ ဒါကြောင့်မို့လို့ နှစ်စဉ်လိုအပ်နေတဲ့ ယူရီးယားဓာတ်မြေသြဇာ တန်ချိန် ၂ သန်းခန့်ကို မိမိတို့နိုင်ငံပိုင် ဓာတ်မြေသြဇာစက်ရုံ ၅ ရုံကနေပြီးတော့မှ ဘယ်အချိန်မှာ ပြည်တွင်းဖူလုံမှုရှိအောင် ပြည့်ပြည့်ဝဝ ထုတ်လုပ်ပေးနိုင်မလဲဆိုတာ သိလိုကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းရဲ့ သီးနှံအထွက်နှုန်းတိုးတက်ရန် ထပ်မံလိုအပ်နေသော ယူရီးယား တန်ချိန် ၁ သန်းခန့်ကို နိုင်ငံပိုင်ယူရီးယား ဓာတ်မြေသြဇာစက်ရုံများမှ မည်သည့်အချိန်တွင် မည်ကဲ့သို့ ထုတ်လုပ်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးခွန်းနဲ့ ပတ်သက်ပြီးတော့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ကျွန်တော် ဦးထင်အောင် က ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ မေးခွန်းနှင့်စပ်လျဉ်းပြီးတော့ အောက်ပါအတိုင်း ရှင်းလင်း တင်ပြလိုပါတယ်။
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုလုပ်ငန်းကြီးကြပ်မှုအောက်မှာရှိတဲ့ ဓာတ်မြေသြဇာ စက်ရုံ ၅ ရုံရှိတဲ့အနက်သဘာဝဓာတ်ငွေ့ ခွဲဝေသုံးစွဲမှုအစီအစဉ်အရ လက်ရှိအွခေအနေမှာ အမှတ်(၁) ဓာတ်မြေသြဇာစက်ရုံ (စလေ)၊ အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)နဲ့ အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) တို့ ၃ ရုံကိုသာ လည်ပတ်လျက်ရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ယူရီးယားဓာတ်မြေသြဇာ ၁၆၅၈၀၉.၁၀ တန်နဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ၁၃-၂-၂၀၁၃ ရက်နေ့ထိ ယူရီးယားဓာတ်မြေသြဇာ ၁၇၈၆၃၀.၂၀ တန်ကို ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ပါတယ်။ စွမ်းအင် ဝန်ကြီးဌာန အနေနဲ့ ပြည်တွင်းသုံးစွဲဖို့အတွက် နေ့စဉ်ကုန်းတွင်းသဘာဝဓာတ်ငွေ့ ကုဗပေ ၆၄ သန်းနဲ့ ကမ်းလွန် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၀၀ သန်း စုစုပေါင်း ၂၆၄ သန်းခန့်ကိုလျှပ်စစ်ကဏ္ဍအတွက် ၆၁ ရာခိုင်နှုန်း၊ ဘိလပ်မြေစက်ရုံများအတွက် ၁၇ ရာခိုင်နှုန်း၊ ဓာတ်မြေသြဇာစက်ရုံအတွက် ၉.၅ ရာခိုင်နှုန်း၊ ရေနံချက်စက်ရုံအတွက် ၃ ရာခိုင်နှုန်း၊ စီအမ်ဂျီ မော်တော်ယာဉ်များအတွက် ၇.၅ ရာခိုင်နှုန်း၊ အခြားကုန်ထုတ်လုပ်ငန်းများအတွက် ၂ ရာခိုင်နှုန်း ခွဲဝေသုံးစွဲလျက်ရှိပါတယ်။ လက်ရှိ အွခေအနေမှာ ယူရီးယားဓာတ်မြေသြဇာထုတ်လုပ်ဖို့အတွက် ကုန်းတွင်းသဘာဝဓာတ်ငွေ့ကုဗပေ ၁၀၀၀ ကို ၂၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူထုတ်လုပ်နေတာဖြစ်လို့ ယူရီးယားဓာတ်မြေသြဇာတစ်တန်ကို ကျပ် ၂၈၈၀၀၀၊ တစ်အိတ်ကို ကျပ် ၁၄၄၀၀ နှုန်းနဲ့ ဖြန့်ဖြူးနိုင်တာဖြစ်ပါတယ်။ ကုန်းတွင်းသဘာဝ ဓာတ်ငွေ့အစား ကမ်းလွန်သဘာဝဓာတ်ငွေ့အသုံးပြုပြီး ယူရီးယားဓာတ်မြေသြဇာ ထုတ်လုပ်မယ်ဆိုရင် ကမ်းလွန်သဘာဝဓာတ်ငွေ့ ကုဗပေ ၁၀၀၀ ကို US$ ၁၂.၅၅ ဖြစ်တဲ့အတွက် ယူရီးယားဓာတ်မြေ သြဇာတစ်တန်ကို ကျပ် ၄၇၀၀၀၀ ကျသင့်မှာဖြစ်လို့ စီးပွားရေးတွကျွခေကိုက်မှု မရှိနိုင်တာကို သုံးသပ်ရရှိပါတယ်။ ယခုလက်ရှိအခြေအနေမှာ ဓာတ်မြေသြဇာကို ကိုယ်တိုင်ထုတ်လုပ် သုံးစွဲမယ့် အစား တည်ဆောက်ပြီး ယူရီးယားဓာတ်မြေသြဇာစက်ရုံတွေကို သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ် ဓာတ်အားရနိုင်သမျှနဲ့ ထုတ်လုပ်စေပြီးတော့ ထပ်မံလိုအပ်တဲ့ ဓာတ်မြေသြဇာများကို ပြည်ပက မှာယူတင်သွင်းတာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး မိမိတို့လက်ဝယ်ရှိ သဘာဝဓာတ်ငွေ့ကို လျှပ်စစ်ကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းများမှာ အပြည့်အဝအသုံးချတာဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုအကျိုးရှိမှာဖြစ်တယ်လို့ သုံးသပ်ရရှိပါတယ်။
၁၈-၁-၂၀၁၃ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီအစည်း အဝေး (၁/၂၀၁၃)မှာ ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ယူရီးယားဓာတ်မြေသြဇာစက်ရုံ တစ်ရုံမှမရှိဘဲ ဓာတ်မြေသြဇာများကို ပြည်ပမှ ဝယ်ယူတင်သွင်းသုံးစွဲနေတာကို လေ့လာသိရှိရတဲ့အတွက် မိမိတို့နိုင်ငံ က အမျိုးအစားကောင်းမွန်ပြီး ဈေးကောင်းရတဲ့ သဘာဝဓာတ်ငွေ့ကို အခြားအကျိုးဖြစ်ထွန်းမယ့် နေရာတွေမှာ သုံးစွဲရေးမူဝါဒချမှတ်ဖို့ စဉ်းစားသုံးသပ်သင့်ပြီလို့ ဆွေးနွေးခဲ့ပါတယ်။ အလားတူ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးကလည်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တင်ပြသွားသလို စိုက်ပျိုးရေး ကဏ္ဍရဲ့ ယူရီးယားဓာတ်မြေသြဇာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ထုတ်လုပ်မှုလျာထားချက် ရေးဆွဲပြီး လျာထားချက်နဲ့အညီ ထုတ်လုပ်နိုင်ဖို့အတွက် သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ညှိနှိုင်းစီမံခန့်ခွဲဖြည့်ဆည်းပေးရန်ဆိုတဲ့ အချက်နှင့်ပတ်သက်ပြီးတော့ ခေတ်အဆက် ဆက်က မိမိခြေထောက်ပေါ်မိမိရပ်မယ်ဆိုတဲ့မူကို ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်တဲ့အကြောင်း ကမ္ဘာမှာ ဆန်စပါးအများဆုံးစိုက်ပျိုးတင်ပို့နေတဲ့ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှာလည်း ဓာတ်ွမေ သြဇာစက်ရုံများ မရှိတဲ့အကြောင်း၊ လိုအပ်တဲ့ဓာတ်မြေသြဇာကို ပြည်ပက တင်သွင်းဝယ်ယူတဲ့ အကြောင်း၊ မြောင်းတကာနဲ့ ပုသိမ်ဓာတ်မြေသြဇာစက်ရုံ ၂ ရုံကို ၎င်းမှ ဌာနတွင် တာဝန်ထမ်းဆောင် စဉ်က ဆောက်လုပ်ခဲ့တဲ့အကြောင်း၊ လွန်စွာစရိတ်မြင့်မားပြီး ဓာတ်မြေသြဇာစက်ရုံဖြစ်တဲ့အားလျော်စွာ စွန့်ပစ်ပစ္စည်းတွေကလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်စေတဲ့အကြောင်းတွေကို ထည့်သွင်း စဉ်းစားရမှာဖြစ်တဲ့အကြောင်း၊ ဓာတ်မြေသြဇာအတွက် သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ်အားကို မသုံးစွဲသင့်တဲ့အကြောင်း ရိုးသားစွာတင်ပြဆွေးနွေးခဲ့ပါတယ်။
ဒီလိုပဲ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စိုက်ဧက အလိုက် အထွက်တိုးစေရေးအတွက် ဓာတ်မြေသြဇာထုတ်လုပ်ဖို့ လွှတ်တော်အစည်းအဝေးတွေမှာ တင်ပြခဲ့ပေမယ့်လည်း စပါးအထွက်တိုးစေဖို့အတွက် သုံးစွဲရမယ့် ဓာတ်မြေသြဇာကို မိမိတို့နိုင်ငံမှာ ထုတ်လုပ်မယ့်အစား ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့လိုပဲ ပြည်ပကတင်သွင်းဖို့ အကြံပြုလိုတဲ့ အကြောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှာ ထုတ်လုပ်တဲ့ သဘာဝဓာတ်ငွေ့ကို မီးရှို့ပစ်မယ့်အစား ဈေးပေါပေါနဲ့ ဓာတ်မြေသြဇာထုတ်လုပ်တဲ့အကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိ တဲ့သဘာဝဓာတ်ငွေ့ဟာ ဈေးကောင်းရပြီး အမျိုးအစားကောင်းမွန်တဲ့အကြောင်း၊ ဒါကြောင့် ၎င်း သဘာဝဓာတ်ငွေ့ကို အခြားအကျိုးဖြစ်ထွန်းမယ့်နေရာတွေမှာ သုံးစွဲသင့်တဲ့အကြောင်း။ ဒါကြောင့် ယခု အစည်းအဝေးကလည်း ဆုံးဖြတ်လို့ရှိရင် နိုင်ငံတော် ဒုတိယသမ္မတကလည်း သဘောတူမည်ဆိုရင် မိမိတို့နိုင်ငံရဲ့ ဓာတ်မြေသြဇာလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ရှိပြီးဖြစ်တဲ့ နိုင်ငံပိုင်စက်ရုံတွေကို အရည်အသွေးမြှင့်တင်လျက် ထုတ်လုပ်စေပြီး၊ ထပ်မံလိုအပ်မယ့် ဓာတ်မြေသြဇာပမာဏကို ပြည်ပက တင်သွင်းဖို့ စိုက်ပျိုးရေးအထူးပြု ကုမ္ပဏီများကဖြစ်စေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကဖြစ်စေ ဆောင်ရွက်သင့်ပါတယ်လို့ အကြံပြုဆွေးနွေးခဲ့ပါတယ်။
ယခု လွှတ်တော်ကိုယ်စားလှယ်တော်ကြီး အဆိုပြုတင်ပြတဲ့ ဓာတ်ွမေသြဇာတန်ချိန် တစ်နှစ် တစ်သန်းထုတ်လုပ်ဖို့အတွက် တစ်ရက်ကို ဓာတ်ွမေသြဇာ၂၇၅၀ တန်ခန့် ထုတ်လုပ်ရမှာဖြစ်ပါတယ်။ ဒီလို ဓာတ်မြေသြဇာ ထုတ်လုပ်နိုင်ဖို့အတွက် သဘာဝဓာတ်ငွေ့ တစ်ရက်ကို ကုဗပေ ၅၅ သန်းခန့်နှင့် ဝန်အားပြည့် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ ယခု လတ်တလော အခြေအနေမှာ မကြာမီကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအကြိုကာလနဲ့ ဖြေဆိုချိန်အတွင်း ဓာတ်အားပိုမိုထုတ်လုပ်နိုင်ဖို့ ကုန်းတွင်းသဘာဝဓာတ်ငွေ့ ကုဗပေ ၁၈ သန်းနဲ့ ကမ်းလွန်သဘာဝ ဓာတ်ငွေ့ ကုဗပေ ၃၀ သန်းခန့် ဖြည့်ဆည်းပံ့ပိုးပေးဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ညှိနှိုင်းပါတယ်။ ဒါ့အပြင် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ၁၃-၃-၂၀၁၃ ရက်နေ့မှ ၂၂-၃-၂၀၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက် ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုဖို့ အချိန် အနီးကပ်ပြင်ဆင်နေချိန်နှင့် စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်းမှာ ဓာတ်အားမပြတ်တောက်ဖို့ အတွက် ၁-၃-၂၀၁၃ ရက်နေ့ကနေ ၂၂-၃-၂၀၁၃ ရက်နေ့အထိ ညနေ ၅ နာရီက နံနက် ၅ နာရီအထိ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများရဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းကို ရပ်တန့်ပေးဖို့ ၁၉-၂-၂၀၁၃ ရက်စွဲပါစာ ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထပ်မံညှိနှိုင်းလာပါတယ်။
အဲဒါကြောင့် အထက်တွင်ဖော်ပြခဲ့တဲ့ သုံးသပ်ချက်၊ အကြံပြုချက်အခြေအနေအရ စွမ်းအင် ဝန်ကြီးဌာနအနေနဲ့ သီးနှံများအထွက်နှုန်းတိုးတက်စေဖို့ လိုအပ်နေတဲ့ ယူရီးယားဓာတ်မြေသြဇာ တန်ချိန် တစ်သန်းခန့်ကို နိုင်ငံပိုင်ယူရီးယားဓာတ်မြေသြဇာစက်ရုံတွေက ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မယ့် အခြေအနေ လတ်တလောမရှိသေးပါကြောင်းနဲ့ သဘာဝဓာတ်ငွေ့များ ထပ်မံရှာဖွေတွေ့ရှိလာပါ ကလည်း နိုင်ငံတော်အတွက် အကျိုးအရှိဆုံး သုံးစွဲမှုဖြစ်ဖို့ကိုသာ ရှေးရှုသုံးသပ်ဆောင်ရွက်သွားရ မှာဖြစ်ကြောင်း ဖြေကြားပါသည်။
