(ဂ)-စွမ်းအင်ဝန်ကြီးဌာနမှ Energy Security Plan အား မည်ကဲ့သို့ စီမံဆောင်ရွက်ထားပါသနည်း နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၁.၂.၂၀၁၃)

ကျွန်တော့်အနေနဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်း အဝေးမှာ အဆိုတစ်ခုတင်သွင်းဖို့ လုပ်ခဲ့ပါတယ်။ အဲ့ဒီအဆိုရဲ့ခေါင်းစဉ်ဟာ ဒီနေ့ နိုင်ငံတော်မှာ စွမ်းအင်နှင့်ပတ်သက်ပြီးတော့ ဘယ်လိုသုံးစွဲနေတယ်။ အနာဂတ်မှာ ဘယ်လိုသုံးစွဲမယ်ဆိုတဲ့ ကိစ္စရပ် တွေကို ပြည်သူ့လွှတ်တော်အနေနဲ့ စနစ်တကျလေ့လာပြီးတော့ ပြည်သူ့လွှတ်တော်သို့ ပြန်အစီရင်ခံရန် ဆိုတဲ့ အဆိုဖြစ်ပါတယ်။ ဒီအဆိုကို အချိန်မရတဲ့အတွက်ကြောင့် မေးခွန်းအဖြစ်သို့ ပြောင်းလဲတဲ့အတွက် ကြောင့် ဒီမေးခွန်းကို မေးရခြင်း ဖြစ်ပါတယ်။ ကျွန်တော် ဆိုလိုတဲ့ စွမ်းအင်ဆိုတာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့စတဲ့ ဇီဝရုပ်ကြွင်းလောင်စာမျိုးသက်သက်ကို ဆိုလိုတာမဟုတ်ပါဘူး။ နေရောင်ခြည်၊ လေရောင်ခြည်၊ လျှပ်စစ်စွမ်းအင်၊ အဏုမြူစွမ်းအင်၊ ဘိုင်အိုမတ်၊ ဘိုင်အိုဖြူးရယ်စတဲ့ စွမ်းအင်ပေါင်းစုံ ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ယခုကျွန်တော့်မေးခွန်းကို ဖြေဖို့လာရောက်တာ စွမ်းအင်ဝန်ကြီးဌာနမှ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ရေနံနှင့်သဘာဝဓာတ်ငွေ့နှင့်ပတ်သက်တဲ့ လုပ်ငန်းများကို ဆွေးနွေး လိုပါတယ်။ ဆွေးနွေးပြီး မေးခွန်းမေးချင်ပါတယ်။ ကျွန်တော့်မေးခွန်းအထောက်အကူပြုနိုင်ရန်အတွက် Power Point Slide ၂ ချက်ခန့် အသုံးပြုခွင့်ပေးပါလို့ တင်ပြလိုပါတယ်။ အခုတင်ပြတဲ့ Slide မှာ ကြည့်လိုက်ရင် ဒီနေ့အချိန်အခါဟာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ရဲ့ ဘတ်ဂျက်ကို ရေးဆွဲနေတဲ့ အချိန်ဖြစ်ပါတယ်။ နိုင်ငံတော်က တင်ပြထားတဲ့ ဘတ်ဂျက်ရဲ့ နောက်ဆက်တွဲ ၃ ဇယား ၅၉ မှာ ယခုတင်ပြထားတဲ့ ကိန်းဂဏန်းကိုဖော်ပြထားတာကြည့်ရင် ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ဓာတ်ဆီဂါလန် ပေါင်း ၁၃၁.၆၉၆ သန်း ထုတ်လုပ်မယ်လို့ လျာထားတယ်။ ၂၀၁၃-၂၀၁၄ မှာ ဂါလန်သန်းပေါင်း ၇၈ သန်းခန့်သာလျှော့ပြီး ထုတ်တဲ့အတွက်ကြောင့် ပြောင်းလဲမှုရာနှုန်းဖြင့် ၄၀.၄ ရာနှုန်း လျော့နည်းထုတ် မယ်လို့ နောက်ဆက်တွဲ ၃ မှာ အတိအကျဖော်ပြထားပါတယ်။ အလားတူ ဒီဇယ်ထုတ်လုပ်မှုမှာ ၂၀၁၂-၂၀၁၃ မှာ သန်းပေါင်း ၄၉.၇၉၉ သန်းကနေ ၂၀၁၃-၂၀၁၄ မှာ ၄၂.၁၉၉ သန်းသို့ ပြောင်းလဲတဲ့ အတွက်ကြောင့် ပြောင်းလဲမှု ၁၅.၅ ရာခိုင်နှုန်း လျှော့ပြီးထုတ်လုပ်မယ်ဆိုပြီးတော့ ရေးထားပါတယ် ခင်ဗျား။ အဲ့ဒီတော့ ဒီဟာ ဆက်စပ်ပြီးပြရင် စာမျက်နှာ ၆၀ မှာ ဒီနေ့နိုင်ငံတော်က မော်တော်ကား ထုတ်လုပ်မှုနှုန်းဟာ ၂၀၁၂-၂၀၁၃ မှာ ထုတ်လုပ်တဲ့စီးရေ ၁၄၇၃၀ ကနေ ၂၀၁၃-၂၀၁၄ မှာ ၁၀၄၅၀ ခု ၂၉ ရာခိုင်နှုန်းအထိ လျှော့ သွားတာတွေ့ရပါတယ်။ မော်တော်ယာဉ်တင်သွင်းမှုဟာ ပဉ္စမကာလတို ငါးနှစ်စီမံကိန်းရဲ့ ဇယား ၈၅ မှာ ဖော်ပြထားတာက ၂၀၁၁-၂၀၁၂ မှာ လူ ၁၀၀၀ မှာ ကား ၆.၅ စီး ထိရှိတယ်။ အကြမ်းအားဖြင့် စီးရေပေါင်း ၃၉၀၀၀၀ လောက်ရှိတယ်။ ဒီနေ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ မှာ မော်တော်ကားစီးရေ ၄၅၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ လူဦးရေသန်း ၆၁၀ နှင့်စားကြည်‌့ ရင် လူ ၁၀၀၀ မှာ ၇.၅ စီးနှုန်းဖြစ်ပါတယ်။ ပဉ္စမကာလတိုငါးနှစ်စီမံကိန်းရဲ့ ဇယား ၈၅ မှာ ပြတဲ့အတိုင်း ပဲ ၂၀၁၅-၂၀၁၆ မှာ လူ ၁၀၀၀ မှာ ၁၃ စီးအထိဖြစ်လာရင် မော်တော်ကားစီးရေ ၇၈၀၀၀၀ ဖြစ်လာ မှာပါ။ အဲ့ဒီတော့ တစ်ဖက်မှာ ထုတ်လုပ်မှုကျသွားတယ်။ မော်တော်ကားတွေမှာသုံးတဲ့ ဒီဇယ်၊ ဓာတ်ဆီ လိုတယ်။ ဒါပေမယ့် မော်တော်ကားစီးရေတွေ အရမ်းများလာပါတယ်။ ဒီနေ့ မြန်မာနိုင်ငံကို အလုံးအရင်းနဲ့ မော်တော်ကားတွေ ဝင်ရောက်လာတာကိုတွေ့ရပါတယ်။ ဒီနေရာမှာ မော်တော်ကား အများအပြားဟာ ကိုယ်ပိုင်စီးယာဉ်တွေပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့လို မြို့ကြီးတစ်မြို့မှာ ကိုယ်ပိုင် မော်တော်ကားနှင့် ခရီးသွားလို့ရှိရင် လူတစ်ယောက် ၁ မိုင်သွားဖို့အတွက် BTU ၃၆၇၁  BTU သုံးရပြီး တော့ စီးတီးဘတ်စ်လို့ခေါ်တဲ့ အများပြည်သူသုံးဘတ်စ်နဲ့သွားမယ်ဆိုရင် BTU ၈၁၆ BTU ခန့်သာကျ တဲ့အတွက်ကြောင့် ကိုယ်ပိုင်မော်တော်ကားနှင့်ခရီးသွားခြင်းဟာ ဘတ်စ်ကားနှင့်သွားတာထက် ဆီ ၄.၅ ဆပိုပြီးတော့ များတယ်ဆိုပြီးတော့ နိုင်ငံတကာသုတေသနတွေ ပြုလုပ်ထားတာတွေ့ရပါတယ်။ ကျွန်တော် ယခုလိုဆွေးနွေးခြင်းဟာ နိုင်ငံမှာ ကားစီးရေများလာတယ်။ Mass Rapid Transit  ခေါ်တဲ့ MRT System လို့ မရှိသေးဘူး။ အဲ့ဒီတော့ ဆီသုံးစွဲမှုဟာ ပိုများလာတယ်။ ဒါပေမယ့် ကာလတိုငါးနှစ် စီမံကိန်း ကျွန်တော်တို့ဆီကို တင်ထားတာကိုကြည်‌့လိုက်ရင် ဒီဇယ်နှင့်ဓာတ်ဆီ ထုတ်လုပ်မှုဟာ ၂၀၁၂-၂၀၁၃ ကထက်တဖြည်းဖြည်းလျှော့ကျသွားတာတွေ့ရပါတယ်။ တစ်ဖက်က ကဏ္ဍတွေတိုးတက်အောင် လုပ်လာတယ်။ တစ်ဖက်မှာ ထုတ်လုပ်မှုက လျော့ကျသွားတယ်။ ဒီနှစ်ခုဟာ ဆန့်ကျင်ဘက်ဖြစ်နေ တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့နိုင်ငံဟာ ဒီဇယ်၊ ဓာတ်ဆီဆိုတာလည်း တွင်းထဲကထွက်တဲ့ ရေနံစိမ်းကိုချက်ရတာ သူ့ကိုပိုထုတ်ပါလို့ပြောလို့မရဘူး။ ရှိသလောက်ပဲထုတ်ပြီးတော့ ဒီဇယ်၊ ဓာတ်ဆီ ချက်ရပါတယ်။ အဲဒီတော့ ဒီနေ့ နိုင်ငံခြားကအမြောက်အမြားတင်သွင်းနေရတယ်။ မှောင်ခိုတောင် တင်သွင်းနေရတယ်။ မှောင်ခိုတင်သွင်းသွင်း၊ တရားဝင်ဝယ်ဝယ် ကျွန်တော်တို့နိုင်ငံက ပိုက်ဆံတွေဟာ Cut Flow အနေနဲ့ နိုင်ငံခြားကို ထွက်သွားပါတယ်။ အဲ့ဒီတော့ ဘယ်ကဲ့သို့ စွမ်းအင် Security ကို ဘယ်လိုလုပ်ထားလဲဆိုတာကို သိချင်ပါတယ်။ အကယ်၍ ကျွန်တော်တို့ရဲ့ စွမ်းအင်သုံးစွဲမှုဟာ နိုင်ငံခြားအပေါ်မှာ အရမ်းမှီတင်းနေရင် တိုင်းပြည်တစ်ပြည်နဲ့ စစ်ဖြစ်လို့ရှိရင် စွမ်းအင်လမ်းကြောင်း ကို ဖြတ်ပိတ်လိုက်ရင် ဘာမှ Security မရှိပါဘူး။ ဒီနေ့ နိုင်ငံကထုတ်တဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီဟာ အလွန် နည်းပါးတယ်။ ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ တဖြည်းဖြည်း လျော့ကျသွားတဲ့ ဒီဇယ်၊ ဓာတ်ဆီ တစ်ဖက်က သုံးစွဲမှုရှိလာတဲ့ ယာဉ်၊ ရထားတွေ ဒီကိစ္စတွေအပေါ်မှာ မည်ကဲ့သို့သော Energy Security Plan အား ဆောင်ရွက်ထားပါသလဲ ဟု မေးမြန်းပါသည်။


 

ဖြေကြားသူ
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထင်အောင်
အဖြေ

ရခိုင်ပြည်နယ်၊ ဂွမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာရဲ့ မြန်မာနိုင်ငံတွင် ကာလတိုငါးနှစ်အတွင်းမှာပင် စွမ်းအင်သုံးစွဲမှုများစွာတိုးတက်လာ ပါမည်။ ၂၀၁၅ ခုနှစ်တွင် လက်ရှိမော်တော်ယာဉ်ထက် ၂ ဆခန့်တိုးတက်လာပါမည်။ လူဦးရေ ၁၀၀၀ တွင် ကား ၁၃ စီးရှိလာမည်ဟု သိရပါသည်။ အများပြည်သူခရီးသွားလာမှုတွင် မီးရထားကဲ့သို့ လူအများသွားလာသည့်လုပ်ငန်းတွင် ဒီဇယ်ဆီ အသုံးပြုနေရခြင်း၊ ကုန်ကား၊ သ‌င်္ဘောအားလုံး ဒီဇယ်၊ ဓာတ်ဆီ အသုံးပြုရခြင်းစသည့် သယ်ယူပို့ဆောင်ရေးကဏ္ဍနိုင်ငံအတွက် စီမံကိန်းများတွင်လည်း အသုံးပြုရသည့် ဒီဇယ်၊ ဓာတ်ဆီ၊ သဘာဝဓာတ်ငွေ့စသည့် ဇီဝရုပ်ကြွင်းလောင်စာများကိုသာ အဓိကထားသုံးနေရပါသည်။ ပြည်သူများထမင်းဟင်းချက်ရာတွင် ထင်းမီးသွေးကို ရာခိုင်နှုန်း အများအပြားအသုံးပြုနေရသဖြင့် သစ်တောများနှစ်စဉ်လျော့ပါးလာပါသည်။ ဤအချက်များပေါ်တွင် စွမ်းအင်ဝန်ကြီးဌာနမှ Energy Security Plan အား မည်ကဲ့သို့ စီမံဆောင်ရွက်ထားပါသနည်းဆိုတဲ့ မေးခွန်းနှင့်ပတ်သက်ပြီးတော့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ကျွန်တော် ဦးထင်အောင်က ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံတော်ရဲ့ ပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍနှင့် အခြား စက်မှုကဏ္ဍတွေအတွက် စက်မောင်းဆီနှင့် သဘာဝဓာတ်ငွေ့ကို စွမ်းအင်ဝန်ကြီးဌာနက ထုတ်လုပ်မှု အပေါ်မူတည်ပြီး ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ လက်ရှိ ပြည်တွင်းထုတ်လုပ် ဖြည့်ဆည်းမှုဟာ တစ်နေ့ကို ရေနံစိမ်းစည် ၂၀၀၀၀ ခန့်နဲ့ သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၆၄ သန်းခန့်ရှိပါတယ်။ လက်ရှိ ပြည်တွင်းစွမ်းအင်လိုအပ်ချက်ဟာ တစ်နေ့ကို ရေနံစိမ်းစည် ၆၀၀၀၀ နဲ့ညီမျှတဲ့ စက်သုံးဆီပမာဏ (Barrel of Oil Equivalent –BOE)နဲ့ သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ မှ ၆၀၀ ခန့်အထိ  ရှိပါ တယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကာလအတွက် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်များကို ခန့်မှန်းတွက်ချက်ရာမှာ လူမှုစီးပွားစံများ (Socioeconomic Indicators) ဖြစ်တဲ့ GDP တိုးတက်မှု နှုန်း၊ လူဦးရေတိုးတက်မှုနှုန်း၊ စက်မှုကဏ္ဍတိုးတက်မှုအခြေအနေများ၊ လယ်ယာကဏ္ဍတိုးမြှင့်မှု အခြေအနေများစတဲ့ စံနှုန်းများ (Standards) အပေါ်မှာ အခြေခံပြီး ခန့်မှန်းတွက်ချက်တာဖြစ်တဲ့ အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ရေနံစိမ်းလိုအပ်ချက်ဟာ နှစ်စဉ်တိုးတက်မှု ၇.၃ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်ဟာ နှစ်စဉ်တိုးတက်မှုနှုန်း ၄.၅ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းတွက်ချက် ရရှိပါတယ်။ စွမ်းအင်လိုအပ်ချက်ဟာ နိုင်ငံတကာတွက်ချက်မှုများအရ GDP ရဲ့ ၁.၅ ဆခန့် သုံးစွဲရ တယ်လို့ လေ့လာသိရှိရပါတယ်။ ဒါကြောင့် ဦးကြည်သာရဲ့မေးခွန်းမှာဖော်ပြထားတဲ့ မိမိတို့နိုင်ငံ အနေနဲ့ ကာလတိုငါးနှစ်အတွင်းမှာပင် စွမ်းအင်သုံးစွဲမှုတိုးတက်လာမယ်ဆိုတာ အမှန်ပင်ဖြစ်ပါတယ်။ အဲ့ဒီလို  လိုအပ်ချက်တွေကို အမြန်ဆုံးဖြည့်ဆည်းနိုင်ဖို့အတွက် စွမ်းအင်ဝန်ကြီးဌာနဟာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၁ ခုနှစ်က ကုန်းတွင်းပိုင်းမှာရှိတဲ့ လစ်လပ်လုပ်ကွက်တွေမှာ နိုင်ငံတကာရေနံကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းပြီး ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ်ချုပ်ဆို ကာ ရေနံနှင့်သဘာဝဓာတ်ငှေ့ရှာဖွေတူးဖော်ထုတ်လုပ်ဖို့ ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ တင်ဒါ ခေါ်ယူခဲ့ပြီး ယခုအခါ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိတဲ့ကုမ္ပဏီများက ရေနံရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း ကုန်းတွင်းပိုင်း လုပ်ကွက် ၁၈ ကွက်မှာ နိုင်ငံတကာရေနံကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ဖို့ ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်ယူခဲ့ပြီးလည်း ဖြစ်ပါ တယ်။ မကြာမီကာလမှာ လစ်လပ်နေတဲ့ ကမ်းလွန်လုပ်ကွက်အချို့ကိုလည်း ပထမအကြိမ် အပြည်ပြည် ဆိုင်ရာတင်ဒါခေါ်ယူဖို့ဆောင်ရွက်လျက်ရှိပါတယ်။ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ စက်သုံးဆီဖြန့်ဖြူးဖို့ ကို ၂၀၁၀ ခုနှစ် ဇွန်လမှစပြီးတော့ နိုင်ငံတော်ပိုင်းကဏ္ဍအတွက်ကိုသာ တာဝန်ယူဖြန့်ဖြူးပြီး ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ ပုဂ္ဂလိကကုမ္ပဏီများကို စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်ပြုခဲ့ပါတယ်။ အရောင်းဆိုင်အသစ်များကိုလည်း ဖွင့်လှစ်ရောင်းချခွင့်ပေးခဲ့ပြီးတော့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း MPTA ရဲ့ ကြီးကြပ်မှု၊ ဆောင်ရွက်မှုနဲ့ စက်သုံးဆီ ပိုမိုတင်သွင်းဖြန့်ဖြူး ရောင်းချနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ချက်ပြုတ်ရေးလုပ်ငန်းများမှာ အသုံးပြုနေတဲ့ ထင်းမီးသွေးအစားထိုးနိုင်ဖို့အတွက် ရေနံဓာတ်ငွေ့ရည် LPG တင်သွင်းသိုလှောင်ဖြန့်ဖြူး ရောင်းချတဲ့လုပ်ငန်းများဆောင်ရွက်ဖို့ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်သစ် သိုလှောင်ကန်အပါအဝင် တည်ဆောက်ဖို့။ ရေနံဓာတ်ငွေ့ရည်စခန်းအသစ်များနှင့် ရေနံဓာတ်ငွေ့ရည်ဆိပ်ကမ်းအသစ်တွေ တည်ဆောက်ဖွင့်လှစ်ဖို့ အဆိုပြုလွှာတွေကို နေ့စဉ်ထုတ်သတင်းစာများမှာ ၃-၂-၂၀၁၃ ရက်နေ့မှာ ထည့်သွင်းကြော်ငြာခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ပုဂ္ဂလိက ကုမ္ပဏီအဖွဲ့အစည်း ၅ ခုကို ခွင့်ပြုမိန့်လိုင်စင်များ ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်လို့ ပြည်နယ်နှင့်တိုင်းဒေသကြီးမှာ LPG တင်သွင်းဖြုန့်ဖြူး တဲ့လုပ်ငန်းများ စနစ်တကျလုပ်ကိုင်လျက်ရှိနေပြီ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့လိုအပ်တဲ့ စက်မောင်းဆီ (Liquid Fuel) ပြည်ပမှတင်သွင်းရမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူဖြစ်စေတဲ့ အစားထိုးလောင်စာသုံးစွဲရေးနှင့်စပ်လျဉ်း၍ ဓာတ်ဆီနှင့် ဒီဇယ်ဆီသုံး မော်တော်ယာဉ်များကို CNG သုံးမော်တော်ယာဉ်များအဖြစ်ပြောင်းလဲပေးခဲ့ရာမှာ လက်ရှိအခြေအနေ မှာ မော်တော်ယာဉ် ၂၇၄၇၂ စီး ပြောင်းလဲအသုံးပြုနေပြီး CNG ဆိုင် ၄၆ ဆိုင် ဖွင့်လှစ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါတယ်။ ပြည်တွင်းအသုံးပြုဖို့အတွက် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု အခြေအနေအရ CNG အရောင်းဆိုင်နှင့် CNG သုံးမော်တော်ယာဉ်ထပ်မံခွင့်ပြုနိုင်ခြင်းမရှိ သေးပေမယ့် နောက်ထပ် ကုန်းတွင်းသဘာဝဓာတ်ငွေ့မြေအသစ်များ ထပ်မံတွေ့ရှိလာတဲ့အခါမှာ ထုတ်လုပ်နိုင်မယ့် ပမာဏပေါ် မူတည်ပြီး စီံမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စွမ်းအင်ဝန်ကြီးဌာနဟာ နိုင်ငံတော်ရဲ့လိုအပ်တဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စွမ်းအင်ခြိုးခြံချွေတာရေးနှင့် စွမ်းအင် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးကိုလည်း အဓိကထားဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ပြန်ပြည့်မြဲ စွမ်းအင်များဖြစ်တဲ့ လေအား၊ ရေအား၊ နေရောင်ခြည်အား၊ ဘူမိအပူစွမ်းအားစတာ တွေကိုလည်း ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်ရန် လိုအပ်လျက်ရှိပါတယ်။ ဒါ့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးက မိမိတို့ဒေသအတွင်းရရှိနိုင်မယ့် စွမ်းအင်အရင်းအမြစ်တွေကို အခြေခံကာ ဒေသတွင်းစွမ်းအင်ဖူလုံစေရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထင်းသုံးစွဲမှု ၇၀ ရာခိုင်နှုန်းကျော်ဟာ သဘာဝတောများက ထုတ်ယူသုံးစွဲတာဖြစ်ပြီး ထင်းမီးသွေးထုတ်လုပ်မှုပမာဏကို လေ့လာပါက လူဦးရေတိုးပွားလာမှုကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြီးထုတ်လုပ်သုံးစွဲမှုများပြားလာကြောင်း တွေ့ရှိရပါတယ်။ ပြည်သူများ ထမင်းဟင်းချက်ရာမှာ ထင်းမီးသွေးကို ရာခိုင်နှုန်းအများအပြား အသုံးပြုလျက်ရှိနေပြီး သစ်တောများနှစ်စဉ်လျော့ပါးလာမှု အပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက သစ်တောပြုန်းတီးမှုများ လျော့ပါးလာစေဖို့နှင့် အစားထိုးစိုက်ပျိုးဖို့ စီမံဆောင်ရွက်ထားမှု အခြေအနေတွေကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနဟာ ထင်းအလွန်အကျွံခုတ်ယူသုံးစွဲမှုများ ကြောင့် သစ်တောများပြုန်းတီးမှု မဖြစ်စေရေးအတွက် ကြိုးပမ်းနေတဲ့အပြင် သစ်တောပြုန်းတီးမှုများ လျော့ပါးလာစေဖို့နဲ့ အစားထိုးစိုက်ပျိုးနိုင်ဖို့ စီမံဆောင်ရွက်လျက်လည်းရှိပါတယ်။ ၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁  ခုနှစ်ကာလအတွင်း အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်းမှာ ထင်းလောင်စာ စွမ်းအင်နဲ့ ပတ်သက်တဲ့ သီးခြားအခန်းတစ်ခု ပါဝင်ရေးဆွဲထားပြီး ထင်းမီးသွေးသုံးစွဲမှုကို ၂၀၂၀ ခုနှစ် မှာ ၅၈ ရာခိုင်နှုန်းနဲ့ ၂၀၃၀ ခုနှစ်မှာ ၄၆ ရာခိုင်နှုန်းအထိ လျှော့ချသွားဖို့ ရည်မှန်းဆောင်ရွက် လျက်ရှိ ပါတယ်။ မြန်မာနိုင်ငံထင်းမီးသွေးထုတ်လုပ်မှုကို အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်း ငါးနှစ် စီမံကိန်းများနှင့် ထိန်းညှိထားပြီးကုန်သွယ်ရေးအတွက် သင့်တင့်တဲ့ ပမာဏကိုသာစိစစ်ခွင့်ပြု ပေးလျက်ရှိပါတယ်။ ကျေးလက်နေပြည်သူလူထုများအတွက်လည်း ကိုယ်ပိုင်သုံးရန်အတွက် ထင်း ထုတ်ယူခွင့်ပြုထားပါတယ်။ သစ်တောဦးစီးဌာနအနေနဲ့ တိုးပွားလာတဲ့ လူဦးရေနှင့်အညီနေ့စဉ် သုံးစွဲနေသော လောင်စာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ သဘာဝသစ်တောများမှ ထုတ်ယူသုံးစွဲ မှုလျော့နည်းလာစေဖို့အတွက် ကျေးရွာသုံးထင်းစိုက်ခင်းများကို တည်ထောင်ထားရှိပြီး အဲ့ဒီစိုက်ခင်း များအနက်မှ ငါးနှစ်ပြည့်တဲ့ ကျေးရွာသုံးစိုက်ခင်းစုစုပေါင်း ၄၆၃၂၁ ဧကကို ကျေးရွာများသို့ လွှဲပြောင်း ပေးပြီးလည်းဖြစ်ပါတယ်။ ကျေးရွာသုံးထင်းစိုက်ခင်းများက ထွက်ရှိလာတဲ့ ထင်းများကိုလည်း ကျေးလက်နေပြည်သူများသို့ ဝေငှပေးတဲ့လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ထင်း၊ တိုင်၊ မျောရရှိဖို့အတွက် ပြည်သူလူထုမှ ကိုယ်တိုင်စိုက်ပျိုးပြုစုစီမံအုပ်ချုပ်တဲ့ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတွေကိုလည်း တည်ထောင်လျက်ရှိပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ၁၁၇၀၆၄ ဧကကို ကျေးရွာပေါင်း ၇၂၁ ရွာရှိ အသုံးပြုသူများ အဖွဲ့ဝင်ဦးရေ ၂၉၉၈၅ ဦးက စီမံအုပ်ချုပ်အသုံးပြုလျက် ရှိပါတယ်။ ထို့အတူပဲ ကျေးလက်နေပြည်သူတွေရဲ့ ကျေးလက်အိမ်ရာ တည်ထောင်ရေးနဲ့ အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးဖို့အတွက် ၂၀၀၈-၂၀၀၉ ခုနှစ်မှစပြီး တစ်အိမ်ထောင် သစ်မာ ၂၀ ပင် နှင့် တစ်ရွာတစ်ဧက ကျေးရွာပိုင်စိုက်ခင်းများစတင်တည်ထောင် စိုက်ပျိုးခဲ့ရာ ၂၀၁၂-၂၀၁၃ ခုနှစ် အထိ သစ်မာပင်ပေါင်း ၂.၁ သန်းနှင့် စိုက်ခင်းဧကပေါင်း ၁၃၄၆၈ ဧက တည်ထောင်ပြီး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှစ၍ တစ်ရွာတစ်ဧက ကျေးရွာပိုင်စိုက်ခင်းများက ပင်ကျပ်နုတ်ခြင်း၊ ကိုင်းချိုင်ခြင်းတို့မှ ထင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

          ထို့အတူပဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနအနေနဲ့လည်း ၁၉၉၇-၁၉၉၈ ခုနှစ်မှ ယနေ့ကာလအထိ စွမ်းအင်မြှင့်မီးဖို ၄၈၁၃၉၇ လုံး ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ထင်းအစားအခြားလောင်စာတောင့် ၉၃ သန်းကျော်ကို ဖြန့်ဝေပေးခဲ့ပါတယ်။ နှစ်စဉ်လောင်စာတောင့် ၂.၄ သန်း ဖြန့်ဖြူးနိုင်ဖို့လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ နှမ်းရိုး၊ ပဲရိုး၊ ဝါဂွမ်းရိုး၊ မြေပဲခွံစတဲ့ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတန် နှစ်သိန်းကျော်ကိုလည်း ထင်းအစားထိုးလောင်စာအဖြစ် အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက်မီးလင်းရေးနှင့် အိမ်သုံးစွမ်းအင်ရရှိနိုင်စေဖို့ ရည်ရွယ်ပြီး ဇီဝဓာတ်ငွေ့စွမ်းအင်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက လည်းကောင်း၊ ဇီဝဒြပ်ထုနှင့် ဇီဝလောင်စာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက လည်းကောင်း၊ လေအားနှင့် နေရောင်ခြည်စွမ်းအင်တို့ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်တာနှင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနများနှင့် Independent Power Producer များကလည်း ကောင်း၊ ရုပ်ကြွင်းလောင်စာနေရာမှာ ပြန်ပြည့်မြဲစွမ်းအင်နဲ့ အစားထိုးအသုံးပြုနိုင်ဖို့အတွက် အသီးသီး တာဝန်ယူဆောင်ရွက်နေကြပါတယ်။ ဒါ့အပြင် အားလုံးသိကြတဲ့အတိုင်းပါပဲ ၉-၁-၂၀၁၃ ရက်နေ့မှာ နိုင်ငံတော်စွမ်းအင်ကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဆောင်တဲ့ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီက စွမ်းအင်ကဏ္ဍအားလုံးနဲ့ အကျုံးဝင်တဲ့ ကိစ္စရပ်တွေကို ကြီးကြပ်ကွပ်ကဲဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီကော်မတီအနေနဲ့ အမျိုးသားစွမ်းအင်မူဝါဒ အမြန်ဆုံးရေးဆွဲနိုင်ဖို့၊ စွမ်းအင် ကဏ္ဍနှင့်လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့နှင့် အပြန်အလှန်အချိတ်အဆက်မိစေဖို့ ဆောင်ရွက်မယ့် အပြင် ကော်မတီရဲ့လုပ်ငန်းတာဝန်တွေမှာ နိုင်ငံတော်ရဲ့ လတ်တလောကြုံတွေ့ရင်ဆိုင်နေရတဲ့ အကြပ်အတည်းသာမက ရေရှည်နှစ်ပေါင်းများစွာ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ဘဝကိုပါ လွှမ်းခြုံစေ နိုင်မယ့် အမျိုးသားစွမ်းအင်လုံခြုံရေးမဟာဗျူဟာ (National Energy Security Strategy) တစ်ရပ် ကို ရေးဆွဲအကောင်အထည်ဖော်ဖို့ဆိုတဲ့ အချက်တစ်ချက်ကို ထည့်သွင်းရေးဆွဲထားပြီး အဆင့်လိုက် အကောင်အထည်ဖော်လျက်ရှိပါတယ်။ ယခုအခါ အမျိုးသားစွမ်းအင်မူဝါဒ အမြန်ဆုံးရေးဆွဲနိုင်ရေး စတင်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။ ဒါ့အပြင် ဦးကြည်သာ၊ ဂွမဲဆန္ဒနယ်ကမေးသွားတဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ကိစ္စနှင့်ပတ်သက်ပြီး ဓာတ်ဆီ၊ ဒီဇယ်ဟာလည်း ကျွန်တော်တို့ အမျိုးသားစီမံကိန်းထဲမှာထည်‌့ထားတာကတော့ လက်ရှိအခြေအနေပေါ်မှာ ရရှိနိုင်မယ့် ရေနံနှင့်သဘာဝဓာတ်ငွေ့အခြေအနေပေါ်မှာမူတည်ပြီးတော့ ထုတ်လုပ်နိုင်မယ့် အနေအထားကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှင်းပြတဲ့အထဲမှာလည်း စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ နောက်ထပ်လိုအပ်လာတဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ဒီဇယ်၊ ဓာတ်ဆီ၊ အခြားရေနံထွက်ပစ္စည်းတွေ ဖြည့်ဆည်းနိုင်ဖို့အတွက်လည်း နိုင်ငံခြားရေနံကုမ္ပဏီတွေနဲ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေ ကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒီကနေထွက်လာလို့ရှိရင်တော့ ထပ်မံဖြည့်ဆည်းနိုင်မယ့် အနေအထား ရှိပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ရဲ့ ထုတ်လုပ်နေတဲ့ ကုန်းတွင်းပိုင်းရေနံမြေတွေ ကလည်း ကျွန်တော်တို့ နှစ်ကြာလာတာနှင့်အမျှ Decline ဖြစ်လာတဲ့အတွက်ထုတ်လုပ်မှုလည်း ကျဆင်းနေပါတယ်။ ကျွန်တော်ခုနကတုန်းကလည်း ရှင်းပြတဲ့အထဲမှာလည်း ပါပါတယ်။ တိုင်းပြည်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တာ အပြည့်အဝဖြည့်ဆည်းနိုင်ခြင်းမရှိသေးပါဘူး။ Decline ကောက် အရဆိုရင် ကျသွားနိုင်မယ့်အနေအထားဖြစ်တဲ့အတွက် အဲ့ဒါကို ပြန်လည်ကာမိစေဖို့အတွက် အခု နိုင်ငံခြားရေနံကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ နောက်တစ်ခုကလည်း ဦးကြည်သာကပြောတယ် စွမ်းအင်ဝန်ကြီးဌာနက ဒုတိယဝန်ကြီးလာဖြေတဲ့အတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကိုပဲ မေးမယ်လို့ သူကပြောသွား ပါတယ်။ ကျွန်တော်တို့ စွမ်းအင်ဝန်ကြီးဌာနဟာ မြန်မာနိုင်ငံ နိုင်ငံတကာရေနံနှင့်ပတ်သက်လို့ စွမ်းအင်နှင့် ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်နေတဲ့ Focal Point တစ်ခုလည်း ဖြစ်ပါတယ်။ နောက်တစ်ခါ မကြာခင်ကဖွဲ့စည်းခဲ့တဲ့ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီမှာလည်း ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးတော့ ကျွန်တော်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိတဲ့အတွက် Energy Security နှင့်ပတ်သက်ပြီးတော့လည်း အလေးထားပြီးတော့ နိုင်ငံတော်အတွက် လိုအပ်တဲ့ကိစ္စရပ်ဖြစ်တဲ့အတွက် ဆောင်ရွက်နေတာဖြစ်ကြောင်းကို ဖြေကြားခြင်း ဖြစ်ပါကြောင်း ရှင်းလင်း ပါသည်။

          ဦးကြည်သာ(ဂွမဲဆန္ဒနယ်)။       ။ ကျွန်တော် မူလ မေးစဉ်က ထင်းလောင်စာဆီကိစ္စလည်း ထည့်မေးပါတယ်။ ဒီနေ့ မပြောရခြင်းကတော့ မနေ့က အမျိုးသားလွှတ်တော်မှာ ဦးမျိုးမြင့်က ထင်းလောင်စာအစား ရေနံဆီသုံးစွဲဖို့ကိစ္စကို အဆိုတင်သွင်း ပြီးတော့ အကျေအလည်ဆွေးနွေးသွားပြီးတဲ့အတွက်ကြောင်‌့ ကျွန်တော်မူလထည့်သွင်းရေးထားတဲ့ ထင်းလောင်စာအကြောင်းမဆွေးနွေးခြင်းဖြစ်ပါတယ်။ တစ်ဆက်တစ်စပ်တည်း စွမ်းအင်ဝန်ကြီးဌာနက အမျိုးသားစွမ်းအင်ကော်မတီမှာ Focal Point အနေနဲ့ ဆောင်ရွက်တဲ့အတွက်ကြောင့် တစ်ဆက်တည်း မေးခွန်းတစ်ခုမေးချင်ပါတယ်။ အဲ့ဒါဘာလဲဆိုတော့ တချို့တိုင်းပြည် အထူးသဖြင့် အိန္ဒိယမှာ ကိုယ်ပိုင်ကားတွေသုံးတဲ့ ဓာတ်ဆီက ဈေးကြီးပါတယ်။ အများပြည်သူတွေသုံးတဲ့ ကုန်ကားတို့၊ သ‌င်္ဘော တို့၊ မီးရထားတို့သုံးတဲ့ဒီဇယ်ဆီကို အစိုးရက Subsidiary လုပ်ပြီးတော့ ဈေးလျှော့ပါတယ်။ အဲ့ဒီလို လုပ်တဲ့ ရည်ရွယ်ချက်က ကုန်စည်ပို့ဆောင်မှုဈေးကျအောင်ဖြစ်ပါတယ်။ အဲ့တော့ ကော်မတီမှာ အတွင်းရေးမှူးဖြစ်တဲ့ ဒုတိယဝန်ကြီးကို ကြုံလို့မေးချင်တာက မြန်မာနိုင်ငံမှာကော ဒီလိုကုန်ဈေးနှုန်း သယ်ယူပို့ဆောင်ရေးကျဆင်းအောင် ဒီဇယ်ကို အများပြည်သူနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ သုံးတဲ့ အတွက်ကြောင့် Government Subsidiary လုပ်မယ့်အစီအစဉ်ရှိပါသလားဟု မေးမြန်းပါသည်။

          ဦးထင်အောင်(ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန)။                  ။ ကျွန်တော်တို့ လောလောဆယ် သွားနေတဲ့ ထရိန်း ကတော့ အရင်ကတည်းက ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာတဲ့အချိန်ကျလို့ရှိရင် အားလုံးက Public Private Partnership အနေနဲ့ ပြည်သူတွေအပိုင်းကလည်း သူ့အပိုင်းနဲ့သူ Logo Entrepreneur  တွေကတာဝန်ယူတဲ့ အပိုင်းအနေနဲ့ ၂၀၁၀ ခုနှစ် ဇူလိုင်လကနေစပြီးတော့ နိုင်ငံတော် ရဲ့ အစီအမံနဲ့ စွမ်းအင်ဝန်ကြီးဌာနအောက်မှာရှိတဲ့ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရဲ့ ဆိုင်ပေါင်း ၂၆၁ ဆိုင်ကို ပုဂ္ဂလိကကို လွှဲပြောင်းပေးခဲ့ရပါတယ်။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရဲ့ အစီအစဉ်နဲ့ ပြည်ထောင်စုအစိုးရကို မြန်မာနိုင်ငံပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူဆုံးဖြတ်ချက် နဲ့ လွှဲပြောင်းပေးခဲ့ရခြင်း ဖြစ်ပါတယ်။ အဲ့ဒါက ဘာလဲဆိုရင် ကျွန်တော်တို့က အရင်တုန်းကတော့ စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံတော်အပိုင်းရော၊ ပုဂ္ဂလိကအပိုင်းရော ပြည်ပကနေတင်သွင်းတယ်၊ ပြည်တွင်းကနေထုတ်လုပ်တယ်။ ဖြန့်ဖြူးရောင်းချပေးပါတယ်။ ရောင်းချပေးတဲ့အခါမှာလည်း အရင်တုန်းကတော့ Subsidize Price နဲ့ ရောင်းချခဲ့ပါတယ်။ ရောင်းချတဲ့အခါမှာလည်း နိုင်ငံတော်က အရှုံးတော်တော်ခံခဲ့ရပါတယ်။ အရှုံးခံလာရတဲ့အလျှောက် တဖြည်းဖြည်းနဲ့ ဒီမိုကရေစီဖြစ်လာလို့ ရှိရင်တော့ ပြည်သူတွေ လွတ်လွတ်လပ်လပ်နဲ့လုပ်ကိုင်နိုင်မယ့် ရည်ရွယ်ချက်နဲ့ တဖြည်းဖြည်းနဲ့ ဆိုင်ပေါင်း ၂၆၁ ဆိုင်ကို ပုဂ္ဂလိကကို လွှဲပြောင်းပေးခဲ့ပြီးတော့ ဒီပုဂ္ဂလိကကို လွတ်လွတ်လပ်လပ်နဲ့ တင်သွင်းဖြန့်ဖြူးရောင်းချစေခဲ့ပါတယ်။ အဲ့ဒီအခါမှာလည်း ဈေးနှုန်းကို ပထမပိုင်းမှာတော့ ထိန်းကျောင်း ပေးခဲ့ပြီးတော့ တဖြည်းဖြည်းနဲ့ Market ဈေးနှုန်းတဖြည်းဖြည်းနဲ့ သူတို့ဟာသူတို့ ပြောင်းလဲပြီးတော့ ရောင်းချလာခြင်းဖြစ်ပါတယ်။ ဦးကြည်သာ ပြောတဲ့မေးခွန်းလည်းကောင်းပါတယ်။ နိုင်ငံတကာမှာ တချို့အိန္ဒိယတို့ဘာတို့ဆိုတာ ဒီမိုကရေစီနိုင်ငံဆိုပေမယ့်လည်း အချို့အပိုင်းတွေမှာ Subsidize လုပ်တဲ့ဟာလေးတွေ ရှိတယ်ဆိုတာလည်း သိပါတယ်။ ဒါကတော့ စွမ်းအင်စီမံခန့်ခွဲမှု ကော်မတီအနေနဲ့ နောင်ကျလို့ရှိရင် Pricing Mechanism  တွေလုပ်လာတဲ့အခါကျလို့ရှိရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အပိုင်းကို ထည့်စဉ်းစားပြီးတော့ လိုအပ်ရင်လိုအပ်သလို ဆောင်ရွက်ပါမယ်။ အကယ်၍ Market Economic System အနေနဲ့ပဲ ဆက်သွားမယ်ဆိုရင်လည်း Market Economic System အရ လွတ်လပ်တဲ့ယှဉ်ပြိုင်တဲ့ဈေးနှုန်းနဲ့ ရောင်းချမယ့်အနေအထားဖြစ်နိုင်ပါတယ်။ ဒါကတော့ Pricing Mechanism  ဆွဲတဲ့အချိန်ကျလို့ရှိရင်တော့ ထည့်သွင်းစဉ်းစားမယ်ဆိုတဲ့ အကြောင်း ရှင်းလင်းပါသည်။