ကျွန်တော့်အနေနဲ့ ဒီနေ့ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်း ကျေးလက် နေ တောင်သူလယ်သမားများ၊ အလုပ်သမားများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် သိလိုတဲ့ အချက်ကို ကျွန်တော့်လိုပဲ ဒေသခံပြည်သူများက သိလို ဆောင်ရွက်ပေးစေလိုတဲ့ ဆန္ဒရှိတဲ့အတွက် အများပြည်သူများ သိသာထင်ရှားစွာ သိရှိနိုင်ရန် ရည်ရွယ်ပြီးတော့ ဒီမေးခွန်းကို သက်ဆိုင်ရာဝန်ကြီး များထံ မေးမြန်းရခြင်းဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကျေးလက်နေပြည်သူများ စားဝတ်နေရေး ပြည့်စုံပြီး စီးပွားရေးတိုးတက်မှသာ မြို့နဲ့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်မှုကွာဟချက်လျော့နည်းပြီး ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် လုပ်ငန်းစဉ် ၈ ရပ်ချမှတ်ပြီး အမျိုးသားစီမံကိန်းအား ရည်မှန်းချက်ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံတော် အစိုးရအနေနဲ့ ဖွဲ့စည်းပုံအွခေခံဥပဒေပုဒ်မ ၂၂၊ ၂၃၊ ၂၄ မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူများ၊ တောင်သူလယ်သမားများနဲ့ အလုပ်သမားများရဲ့ မူလ အခွင့်အရေးများကို ကူညီစောင့်ရှောက်ပေးရန် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း တွေ့ရှိ ရပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ကျေးလက်နေအချို့ပြည်သူများဟာ ပညာပြည့်ပြည့်ဝဝ သင်ကြားနိုင်မှုမရှိဘဲ မိမိတို့ရဲ့အသက်ရှင်သန်ရပ်တည်နေထိုင်ရေးအတွက် နေ့စဉ်စားဝတ်နေရေး ပင်ပင်ပန်းပန်းဆောင်ရွက်နေရတဲ့အတွက် မိမိကိုယ်မိမိကျန်းမာရေးစောင့်ရှောက်မှု အသိစိတ်ဓာတ် ရှိရှိနဲ့ ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် အချိန်မတိုင်မီသက်တမ်းမစေ့မီမှာ သေဆုံးတဲ့ ဖြစ်စဉ်တွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။ စားဝတ်နေရေးအတွက် မိုးကာလမှာ ချောင်းရေများ၊ မြစ်ရေများနဲ့ အတူ မျောပါလာတဲ့ထင်းများကို မိမိတို့ဝမ်းစာအတွက် ရောင်းချရန်ရည်ရွယ်ပြီး ဆယ်ယူရန် ကြိုးစား ရင်း ရေမျောထင်းများနဲ့အတူ ပါလာတဲ့ မြွေဆိုးကိုက်ခြင်း၊ လယ်ကွင်းထဲမှာ စပါးရိတ်သိမ်းရင်း မြွေဆိုးကိုက်ခံရခြင်း၊ တစ်ရွာနဲ့တစ်ရွာအကြား ညအချိန်မှောင်မှောင်မဲမဲမှာ သွားလာရရင်းနဲ့ မိမိကိုယ် မိမိ ကျန်းမာရေးစောင့်ရှောက်မှုမရှိလို့ မြွေဆိုးကိုက်ခြင်းကြောင့် သေဆုံးရသူများတွေ့ရှိနေရပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ မွှေဆိုး၊ မြွေပွေး၊ မြွေဟောက်အပါအဝင် အဆိပ်ရှိတဲ့ မြွေဆိုး တွေကိုက်သဖြင့် အချိန်မီဆေးဝါးလုံလုံလောက်လောက်မရရှိခြင်း၊ ကုသခြင်းမပြုနိုင်တဲ့အတွက် သေဆုံးမှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိကြောင်းတွေ့ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးစတဲ့ ဒေသတွေဟာ ရာသီဥတုပူပြင်းပြီး မြွေဆိုးပေါက်မှုများပြားသဖြင့် တောနယ်ကျေးရွာများမှာ နေထိုင် ကြတဲ့ပြည်သူများ၊ လယ်သမားများအနေနဲ့ စားဝတ်နေရေးအသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင် ရာမှာ မြွေဆိုးအန္တရာယ်နဲ့ ရင်ဆိုင်ဆောင်ရွက်နေရတဲ့လုပ်ငန်းလုပ်ကိုင်သူဟာ အများစု ဖြစ်နေပါတယ်။ အလားတူ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာလည်း စားဝတ်နေရေးလုပ်ကိုင်ရာမှာ မြွေကိုက် ခံရတဲ့ အန္တရာယ်ကြောင့်လည်းကောင်း၊ ဆေးဝါးလုံလုံလောက်လောက် ရရှိမှု မရှိ သဖြင့်လည်းကောင်း၊ ထိုးဆေးအင်မတန် ဈေးကြီးနေတဲ့အတွက်လည်းကောင်း၊ အချိန်မီဆေးခန်း မပို့နိုင်သဖြင့် လည်းကောင်း မသေဆုံးသင့်ဘဲ သေဆုံးနေရတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားနေကြောင်း ကြားသိနေရပါတယ်။ ဒါကြောင့်မို့လို့ အောက်ပါမေးခွန်းများကို ဖြေကြားဆောင်ရွက်ပေးနိုင်ပါရန် လွှတ်တော်မှတစ်ဆင့် တင်ပြမေးမြန်းအပ်ပါတယ်။ (က) တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ နှစ်စဉ်မြွေကိုက်ခံရသဖြင့် ဖြစ်စဉ်နှင့်သေဆုံးမှုနှုန်း၊ ဆေးရုံမရောက်မီနဲ့ ဆေးရုံရောက်ပြီး မည်မျှရှိပါသလဲ။ (ခ) တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ မြို့နယ်အဆင့်ဆေးရုံများမှာ မြွေဆိုးအန္တရာယ် ကုသပေးနိုင်ရန် အတွက် ထိုးဆေးမည်မျှ ထုတ်ပေးထားပါသလဲလုံလောက်မှုရှိ၊ မရှိ။ (ဂ) မြန်မာနိုင်ငံဆေးဝါးစက်ရုံမှ မြွေဆိုးအကိုက်ခံရပါက နှစ်စဉ်ကုသမယ့် ထိုးဆေးမည်မျှထုတ်လုပ်ပါသလဲ။ (ဃ) အဆိုပါဆေးဝါးစက်ရုံမှ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အဆင့်ဆေးရုံများဆေးဆိုင်များတွင် သက်သက်သာသာဖြင့် ဆေးဝါးများ လုံလုံလောက်လောက်ဖြန့်ဝေနိုင်ရန်အတွက် မြွေဆိပ်ဖြေဆေးအရေအတွက်မည်မျှ တိုးထုတ်ရန် ဆောင်ရွက်နေပါသလဲ။ အကယ်၍ မြွေဆိပ်ဖြေဆေးတိုးထုတ်ရန် တွေ့ရှိရတဲ့အခက်အခဲများကို ဖြေရှင်း နိုင်ရန် နည်းလမ်းများအားသိလိုပါသဖြင့် မေးမြန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်ရဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နှစ်စဉ်မြွေကိုက်ခံရတဲ့ဖြစ်စဉ်နှင့် သေဆုံးမှုနှုန်း၊ တိုင်းဒေသကြီးနဲ့ပြည်နယ်များရှိ မြို့နယ်အဆင့် ဆေးရုံများတွင် မြွေဆိုးအန္တရာယ်ကုသနိုင်ရန် ထိုးဆေးမည်မျှ ထုတ်လုပ်ပေးထားပါသနည်း။ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံမှ မြွေဆိုး (အမျိုးအစားအလိုက် မြွေပွေး၊ မြွေဟောက်၊ အခြား) ကိုက်ခံရပါက နှစ်စဉ်ကုသပေးနိုင်မည့် ထိုးဆေးမည်မှ ထုတ်လုပ်ထားပါသနည်း။ စက်ရုံမှ တိုင်းဒေသကြီး/ပြည်နယ်များ၊ မြို့နယ်များနှင့် ဆေးရုံများတွင် ဆေးဝါးလုံလုံလောက်လောက်ဖြန့်ဝေ နိုင်ရန်အတွက် ထိုးဆေးမည်မျှ တိုးထုတ်လုပ်နိုင်ရန် ဆောင်ရွက်မည်ဆိုသည့်အချက်အလက်များကို သိရှိလိုကြောင်း မေးမြန်းလာတဲ့အတွက် ဒီမေးခွန်းများနှင့် ပတ်သက်ပြီးတော့ စက်မှုဝန်ကြီးဌာန ကိုယ်စား ရှင်းလင်းဖြေကြား သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်စဉ် မြွေကိုက်နှုန်းနဲ့ သေဆုံးမှုနှုန်း များနဲ့ ပတ်သက်ပြီးတော့ ကျန်မာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်များအရဆိုရင် ၂၀၀၅ ခုနှစ်မှာ ၈၉၄၇ ဦး Case ဖြစ်ပါတယ်။ သေဆုံးမှုက ၂၀၁ ဦးဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ၁၃၀၆၉ ဦး အကိုက်ခံရပါတယ်။ ၄၁၅ ဦးသေဆုံးပါတယ်။ ၂၀၀၇ ခုနှစ်မှာ ၁၅၀၉၄ ဦး အကိုက်ခံရပြီးတော့ ၃၉၆ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ၉၀၄၈ ဦးအကိုက်ခံရပြီးတော့ ၇၇၃ ဦးသေဆုံးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ၁၄၀၆၂ ဦး မြွေကိုက်ခံရပြီးတော့ ၄၃၈ ဦး ဆုံးရှုံးခဲ့ပါတယ်။ ၂၀၁၀ မှာတော့ ၁၄၁၅၈ ဦး မြွေကိုက်ခံရပြီးတော့ ၃၈၃ ဦးသေဆုံးခဲ့ပါကြောင်း စာရင်းဇယားကိန်းဂဏန်းများအရ တွေ့ရပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာလည်း အကြိမ်ကြိမ် မြွေဆိပ်ဖြေဆေး များနဲ့ ပတ်သက်ပြီးတော့ နှစ်စဉ်တိုးမြှင့်ထုတ်လုပ်ရန်လည်း ကျွန်တော်တို့ ရှင်းလင်းဖြေကြားခဲ့ပြီး ွဖစ်ပါတယ်။ စက်မှုဝန်ကြီးဌာနအနေနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ မြွေပွေးအဆိပ်ဖြေဆေး ၂၅၀၀၀ လုံးနှင့် မြွေဟောက်အဆိပ်ဖြေဆေး ၅၀၀၀ လုံး၊ စုစုပေါင်း မြွေဆိပ်ဖြေဆေး ၃၀၀၀၀ ထုတ်လုပ်ဖို့ ကျွန်တော်တို့ လျာထားဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အထိမှာဆိုရင် မြွေပွေးအနေနဲ့ လျာထားချက်အတိုင်း ၂၅၀၀၀ ထုတ်ပြီးဖြစ်ပါတယ်။ သို့သော် မြွေဟောက်အဆိပ်ဖြေဆေးကတော့ ၁၆၁၂ လုံးပဲ ထုတ်ပါတယ်။ ဒါကတော့ လက်ကျန်လည်းရှိနေတာ ရယ်။ နောက်ထပ်မြွေဟောက်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သုံးစွဲမှုနှုန်းနည်းတာရယ်၊ မြွေကိုက် ခံရတဲ့ နှုန်းနည်းတာကြောင့် ကျွန်တော်တို့ မြွေပွေးနဲ့ မြွေဟောက်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အထိမှာဆိုလို့ရှိရင် ၂၆၆၂၂ လုံးအထိ ထုတ်လုပ်တဲ့အတွက်ကြောင့် တစ်နှစ်လုံးအပေါ်မှာ ၈၈.၇ ရာခိုင်နှုန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်သလိုပဲ ၂၀၁၂-၂၀၁၃ လျာထားချက် ၃၀၀၀၀ ကို လည်း ပြည့်မီကျော်လွန်အောင် ကျွန်တော်တို့ထုတ်လုပ်သွားရန် စီမံဆောင်ရွက်ထားရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
လစဉ် ထုတ်လုပ်နေတဲ့ မြွေဆိပ်ဖြေဆေးများအနက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအထိ မြွေပွေးအဆိပ်ဖြေဆေး ကို ကျန်းမာရေးဝန်ကြီးဌာနကို ကျွန်တော်တို့ ၁၉၃၀၀ လုံး ရောင်းချပေးခဲ့ပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနကို ၄၀၀ လုံးရောင်းချပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော် ကိုယ်စားလှယ်များကို ၉၆၉ လုံး ရောင်းချတဲ့အတွက်ကြောင့် စုစုပေါင်း ၂၀၆၆၉ လုံး ကျွန်တော်တို့ ရောင်းချပြီး ဖြစ်ပါတယ်။ မြွေဟောက်အဆိပ်ဖြေဆေးကတော့ ယခင်နှစ်က လက်ကျန်လည်း ရှိနေတဲ့ အတွက်ကြောင့် ကျန်းမာရေးဝန်ကြီးဌာနကို ၃၉၉၅ လုံး ရောင်းထားပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များကိုတော့ အလုံး ၅၀ ရောင်းထားတဲ့အတွက်ကြောင့် စုစုပေါင်း ၄၀၄၅ လုံး ကျွန်တော် တို့ အသီးသီးရောင်းချထားပြီးဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့တော့ ကျွန်တော်တို့ စက်မှု ဝန်ကြီးဌာနကနေပြီးတော့ ရောင်းချပြီး ရရှိခဲ့တဲ့ မြွေပွေးအဆိပ်ဖြေဆေး ၁၉၃၀၀ လုံးနဲ့ မြွေဟောက် အဆိပ်ဖြေဆေး ၃၉၉၅ လုံး၊ စုစုပေါင်း ၂၃၂၉၅ လုံး ကျန်းမာရေးဝန်ကြီးလက်ထဲမှာ ရှိပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနရဲ့ အသိအမှတ်ပြုတဲ့ ဆေးဝါးကုမ္ပဏီတွေကနေပြီးတော့ နိုင်ငံခြားကနေပြီးတော့ မြွေဆိပ်ဖြေဆေးကို ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ၆၆၈၀၀ လုံးဝယ်ယူခဲ့ ပါတယ်။ ဒီဝယ်ယူထားတဲ့ မြွေဆိပ်ဖြေဆေးအားလုံးကို ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ၉၀၀၉၅ လုံး ရှိပါတယ်။ ဒါကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်အဆင့်တွေကိုတော့ မြွေကိုက်ခံရနည်းတဲ့ မြို့နယ်တွေကို တစ်လကို ပျမ်းမျှ ၆ လုံး ကျွန်တော်တို့ကို ထုတ်ပေးထားတယ်လို့ သိရပါတယ်။ အလားတူပဲ မြွေကိုက်များတဲ့ မြို့နယ်ကိုတော့ တစ်လကို ၄၉ လုံးခန့် ကျွန်တော်တို့ လျာထားပြီးတော့ ဖြန့်ဖြူးနေကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားကိန်းဂဏန်းတွေအရ သိရပါတယ်။ စက်မှုဝန်ကြီးဌာန အနေနဲ့တော့ ယခင်ကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာ တင်ပြထားသလိုပဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်မှာ မြွေဆိပ်ဖြေဆေး ၃၅၀၀၀ လုံးနဲ့ မြွေဟောက်ဖြေဆေးကိုတော့ ၅၀၀၀ နှုန်း ထုတ်လုပ်သွားရန် ရည်ရွယ်ထားပါတယ်။ ၂၀၁၄-၂၀၁၅ မှာတော့ ၄၀၀၀၀ နဲ့ မြွေဟောက်ဖြေဆေး ၅၀၀၀ ထုတ်လုပ် သွားမှာ ဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ခုနှစ်မှာတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လိုအပ်နေတဲ့ မြွေဆိပ်ဖြေဆေး ၅၀၀၀၀ နဲ့ ကျွန်တော်တို့ မြွေဟောက်ကိုတော့ ကျွန်တော်တို့ ၅၀၀၀ ထုတ်လုပ်သွားရန် စီမံဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ဒီအတွက်လည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘတ်ဂျတ်ငွေမှာလည်း မြွေဆိပ်ဖြေဆေးများ ထုတ်လုပ်ဖို့အတွက် ဘတ်ဂျတ်ငွေတောင်းခံထားသလိုပဲ လွှတ်တော်ရေးရာကော်မတီများမှလည်း မြွေဆိပ်ဖြေဆေးထုတ်လုပ်ဖို့အတွက် အပြည့်အဝထောက်ခံ ထားပါသဖြင့် ၂၀၁၄-၂၀၁၅ ကုန်တဲ့အခါမှာ ကျွန်တော်တို့ လျာထားချက်အတိုင်း အပြည့်အဝ ကျွန်တော်တို့ မြွေဆိပ်ဖြေဆေးများ ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဥက္ကဋ္ဌ။ ။ မေးတဲ့မေးခွန်းကိုတော့ ဝန်ကြီးဌာနနှစ်ခုက ဖြေသင့်တယ်လို့ ထင်ပါတယ်။ မေးတဲ့မေးခွန်းရဲ့ ရည်ရွယ်ချက်အတိအကျမသိရသော်လည်း အရေးကြီးတာက လိုတဲ့မြွေဆိပ် ဖြေဆေးတွေကို လိုအပ်တဲ့နေရာမှာ အသုံးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ကိုယ့်ဆီမှာရှိတဲ့ စက်ရုံက ထုတ်ပေးမှသာ ဖြည့်ဆည်းပေးနိုင်မယ် မဟုတ်ပါဘူး။ လိုတဲ့မြွေဆိပ်ဖြေဆေးကို ဝယ်လို့ရတဲ့နေရာက အဆင့်အတန်းရှိရှိ ဝယ်ပေးမယ်ဆိုရင် ဒီမြွေဆိပ်ဖြေတဲ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီမေးခွန်းကို လွှတ်တော်ကမှတ်သားပြီး လာမယ့်နှစ်မှာ တကယ်လိုအပ်မယ့် မြွေဆိပ်ဖြေဆေး အရေအတွက် ရရှိရေးအတွက် သက်ဆိုင်ရာကော်မတီနဲ့ ကျန်းမာရေးမြှင့်တင်မှု ကော်မတီနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ ဒီအတွက် လိုအပ်မယ့် ငွေကြေးလည်း လုံလောက်စွာ ရှိမယ်လို့ ယူဆပါတယ်။ ဒါကို ပြန်ပြီးတော့ ရှင်းလင်းတင်ပြရမယ်ဆိုရင် လိုချင်တာက မြွေဆိပ်ဖြေဆေးကို လုံလုံလောက်လောက်ရရှိပြီးတော့ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကိုယ့်စက်ရုံကထုတ်မှ ဒီဟာတွေ စောင့်ပြီးသုံးမယ်ဆိုလို့ရှိရင် ဒီနေ့လိုအပ်ချက်တွေ ပြည့်စုံမှာ မဟုတ်တဲ့အတွက် လိုအပ်ချက်ပြည့်စုံအောင် သက်ဆိုင်ရာ ကျန်းမာရေးမြှင့်တင်မှုကော်မတီနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ အချိန်မီညှိနှိုင်းပြီးတော့ ဒီ Budget ကာလမတိုင်ခင် ခွင့်ပြုဆောင်ရွက် ပေးနိုင်ဖို့လည်းလိုပါတယ်။
