ယခုလို ပွင့်လင်းမြင်သာစွာ ချီတက်နေတဲ့ ခေတ်စနစ်သစ်ကာလမှာ နိုင်ငံတော်မှာ အရေးပါတဲ့စီမံကိန်းကြီးများတည်ဆောက်ခြင်း နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာသိရှိနိုင်ရန် လိုအပ်သကဲ့သို့ ပြည်သူတို့အားလည်း စီမံကိန်းများ မဖော်ဆောင်မီမှာ အသိပေးဖို့၊ ချပြဖို့လိုအပ်ပါတယ်။ သံလွင်မြစ်ဟာဆိုရင် ကမ္ဘာပေါ်မှာ အရှည်ဆုံး မြစ်များမှာ တစ်ခုအပါအဝင်အဖြစ် လေ့လာသိရှိရသလောက် ၂၆ စင်းမြောက်မြစ်တစ်စင်းဖြစ်ပြီး ရေကာတာလုံးဝမရှိသေးတဲ့ မြစ်အဖြစ် ၂၀၀၃ ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ယဉ်ကျေးမှု ရှုခင်းအဖြစ် သတ်မှတ်ခြင်းခံရတဲ့မြစ်ကြီးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့်ဆက်နွယ်လျက်ရှိပြီးတော့ မြန်မာပြည်မှာ အဆုံးသတ်ပြီးတော့မှ ပင်လယ်ထဲ စီးဝင်သွားတယ်။ မြန်မာနိုင်ငံပြည်သူများအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရာဇဝင်မှာအထင်ကရ မြစ်တစ်စင်း ဖြစ်ခဲ့ပါတယ်။ စီမံကိန်းများ မဖော်ဆောင်မီ EIA, SIA စစ်ဆေးမှုအချက်အလက်တွေကို ပြည်သူသို့ ချပြဖို့အတွက် အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီဟာနှင့်ပတ်သက်ပြီးတော့ သံလွင်မြစ်မှာ ဒီစီမံကိန်းနှင့်ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ကိစ္စတွေကို ဟိုအရင့်အရင် အစိုးရများ လက်ထက်ကတည်းက ဆောင်ရွက်ခဲ့တာတွေကို ကြားသိခဲ့ရပါတယ်။
ကျွန်တော် လေ့လာတွေ့ရှိရတဲ့ အချက်အလက်တွေ အချို့တင်ပြခွင့်ပြုစေ ချင်ပါတယ်ခင်ဗျား။ သံလွင်မြစ်မှာ ရေအားလျှပ်စစ်စီမံကိန်းဆိုတဲ့ စီမံကိန်းတွေနှင့်ပတ်သက်ပြီးတော့ လေ့လာသိရှိရသလောက် ၇ ခုလောက်ရှိပါတယ်။ ဒါနှင့်ပတ်သက်ပြီးတော့ ရှမ်းပြည်နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးအချို့က အဲလောက်များများရှိမှန်း မသိကြတာကို တွေ့ရပါတယ်။ အရင်ဆုံးပြောလိုတာကတော့ ၁၉၉၃ ခုနှစ် ဇူလိုင်လထဲမှာ MTH Group of Company နဲ့ မြန်မာ နိုင်ငံမှာ MOU စွမ်းအင်ဝန်ကြီးဌာနနဲ့ ရေးထိုးခဲ့တာရှိပါတယ်။ အဲ့ဒီကနေစပြီး သံလွင်မြစ်ဝှမ်း ဖွံ့ဖြိုး တိုးတက်ရေးဆိုတဲ့ အစီအစဉ်နဲ့စတင်ခဲ့တယ်။ ၁၉၉၄ မှာတော့ MEPE မြန်မာ့လျှပ်စစ်နှင့် ထပ်မံပြီး တော့မှ MOU ထပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ၁၉၉၆ မှာ မြန်မာ့လျှပ်စစ်နဲ့ သဘောတူညီမှု ရပြီးတော့ ဒါနှင့်ပတ်သက်ပြီးတော့မှ စတင်ဆောင်ရွက်ဖို့ Master Plan တွေ ရေးဆွဲခဲ့ကြတာ တွေ့ရ ပါတယ်။ ၁၉၉၇ ခုနှစ် မေလထဲမှာတော့ စွမ်းအင်ဝန်ကြီးဌာနနှင့် လျှပ်စစ်ဌာနနဲ့ပါ ဒီ MTH Company အနေနဲ့ တာဆန်း Hydro power Project စီမံကိန်းနှင့်ပတ်သက်ပြီးတော့မှ သူတို့ Proposel တင်ပြလာပါတယ်။ ၁၉၉၇ ခုနှစ် ဇူလိုင်လမှာတော့ ဒီ MOU ထဲမှာ ဘာတွေရေးထိုးခဲ့ကြ သလဲဆိုတော့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို နှစ်စဉ် ၂၀၁၀ ခုနှစ်ကစပြီးတော့ ၁၅၀၀ မဂ္ဂါဝပ် ပေးပို့ပါမယ်ဆိုတဲ့ MOU ထိုးခဲ့တာတွေ့ပါတယ်။ တာဆန်းလျှပ်စစ်စီမံကိန်းဟာ ၇၁၁ မဂ္ဂါဝပ် ဒါကို စက် ၁၀ လုံး ဖြစ်တဲ့အတွက် Total ၇၁၁၀ မဂ္ဂါဝပ်ထွက်ရှိမယ်လို့ သိရှိရပါတယ်။ တာဆန်း Hydro power ရဲ့ မြန်မာနိုင်ငံနှင့်ဆက်လက် လုပ်ဆောင်ခဲ့မှုတွေမှာ ဒါနှင့်ပတ်သက်ပြီးတော့မှ E-gat Governer အဖွဲ့ရဲ့ လာရောက်တိုင်းတာခြင်း ဆောင်ရွက်တာတွေကိုလည်း တွေ့ရပါတယ်။ E-gat Governer အဖွဲ့က ကျွန်တော်တို့နိုင်ငံကို ထိုင်းနိုင်ငံက လက်ဆောင်ပေးတဲ့ တာဘိုင်စက် ၂ လုံးကို ရွာမလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ တည်ဆောက်တပ်ဆင်ပေးဖို့အတွက်ကို တာဝန်ယူတဲ့ Egat အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ သူတို့ လေ့လာတွေ့ရှိရသလောက် သိက္ခာရှိသောအဖွဲ့အဖြစ်ကိုယ်တိုင် တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလေးမှာပဲ မြန်မာနိုင်ငံကို တာဘိုင်စက်တွေရောက်လာတဲ့အခါမှာ ASIA World ဆိပ်ကမ်းကို တာဘိုင်စက်တွေချနေတာကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲ့ဒီလို လေ့လာတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံမှာ အဓိကကျတဲ့ Infrastructure တွေ လိုအပ်တဲ့အတွက် ကျွန်တော်တို့က အလကားရတဲ့ ပစ္စည်းကို US ဒေါ်လာ ၄၃ သန်းလောက်ကုန်ကျပြီးတော့မှ ဆိပ်ကမ်း ကနေ ရွာမလျှပ်စစ်စက်ရုံနီးနီးလေးပါပဲ။ ရန်ကုန်မြို့ထဲမှာပဲရှိတယ်။ ပထမကတော့ သီလဝါဆိပ်ကမ်း ကနေပို့မယ်။ အခုရောက်လာတာ ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှာ Insument အထုတ်ပေါင်း ၅၉၀ ကျော်ချထားတာတွေ့ပြီးတော့ ကြည့်မြင်တိုင်ဆိပ်ကမ်းမှာ ရွာမကိုပို့မယ့် တာဘိုင်စက်ကြီးနဲ့ တာဘိုင် စက် ၂ လုံးနဲ့ ဂျင်နရေတာ ၂ လုံး၊ စက်လုံးကြီးတွေ တစ်လုံးကို ၂၁၀ တန်လေးပါတယ်။ အဲ့ဒီလို ၂၁၀ တန်လေးတဲ့ စက်ကိုတင်ချဖို့ စက်တွေ ကျွန်တော်တို့ဆီမှာမရှိပါဘူး။ အဲ့ဒီဝန်ချီစက်တွေနဲ့ သယ်သွားရ မယ့် အောက်ခံထော်လီတွေ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ အဓိကကျတဲ့ Infrastructure တွေ ဖြစ်ပါတယ်။ အဲဒါတွေမရှိတဲ့အတွက် မလိုအပ်ဘဲနှင့် သန်းပေါင်း ၄၃ သန်းကို အဲ့ဒီစာရင်းတွေထဲမှာ ပါသွားတာတွေ့ရှိရပါတယ်။ အဲ့ဒီတော့ သယ်ပေးထားတဲ့အဖွဲ့တွေ၊ တာဝန်ယူတဲ့အဖွဲ့တွေရဲ့ စည်းစနစ် ကျစွာ နောက်ကလုပ်ကိုင် ဆောင်ရွက်မှုတွေကို အသေးစိတ်လေ့လာတွေ့ရှိခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင် အဲ့ဒီသယ်လာတဲ့ သင်္ဘောကြီးရဲ့အပေါ်ထပ် ၅ ထပ်ပေါ်အထိ လိုက်ပြီးလေ့လာခဲ့ပါတယ်။ သူတို့ သယ်ထားပုံလုပ်တဲ့ပုံ တွေက ည ၁၁ နာရီနောက်ပိုင်းမှာမှ ရန်ကုန်မြို့ ပြည်လမ်းမပေါ်ကနေ ဖြတ်သွားရမှာဖြစ်တဲ့အတွက် ဒီစက်ကြီးတွေ သယ်တဲ့အခါမှာ အင်မတန်မှ ခဲယဉ်းတာရယ်၊ စက်တွေကို ထားပြီးတော့ ဒါတွေနှင့်ပတ်သက်ပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ဖို့တွေကအစ အရေးကြီးတဲ့ကိစ္စတွေ ကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကျွန်တော်တို့လွှတ်တော်မှာ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်ပြီး ဆွေးနွေး ခဲ့တဲ့ကိစ္စရပ်တစ်ခုကို လွှတ်တော်ကိုယ်စားလှယ်တွေလည်း မှတ်မိမယ်ထင်ပါတယ်။ အဲ့ဒီနေ့က ပြည်ထောင်စုလွှတ်တော်မှာ မီးပျက်ပြီးတော့ ပြည်သူ့လွှတ်တော်မှာလာဆွေးနွေးရတဲ့ကိစ္စပါ။ ကျွန်တော်တို့ ကန့်ကွက်ပြီးဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ သို့သော်ကျွန်တော်တို့တွေ့ရတဲ့အခါမှာ နိုင်ငံမှာ လိုအပ်ချက်တွေဖြစ်တဲ့ ကိုယ့်နိုင်ငံကို သူများနိုင်ငံက ပေးတဲ့ပစ္စည်းလေးကို သယ်ဖို့တောင်မှ မဆောင်ရွက်နိုင်ဘူး။ ပစ္စည်းလေးကို သင်္ဘောပေါ်ကချဖို့မဆောင်ရွက်နိုင်တဲ့ အနေအထားနဲ့ မေးရတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ နိုင်ငံမှာ တကယ်အရေးကြီးတဲ့ Infrastructure တွေကို လျှပ်စစ်ဌာနမှာ လိုအပ်တယ်ဆိုတာတွေကို ကြားဖြတ်တင်ပြတာဖြစ်ပါတယ်။
ယခုလျှပ်စစ်စီမံကိန်း တာဆန်းနဲ့ နိုင်ငံတော်နှင့်ဆောင်ရွက်ထားတဲ့ ကိစ္စတွေ တစ်ချိန်မှာရပ်တန့်သွားပါတယ်။ ရပ်တန့်သွားတဲ့ကိစ္စကတော့ Sanction ကိစ္စဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံကို စီးပွားရေးပိတ်ဆို့တဲ့အခါမှာ အဓိကကုမ္ပဏီတွေကိုပံ့ပိုးပေးတဲ့ ADB (ASIA Development Bank) နဲ့ World Bank တို့က ကူညီထောက်ပံ့မှုတွေ ဖြတ်လိုက်တာကို တွေ့ရပါတယ်။ အဲ့ဒါနှင့် ပတ်သက်ပြီးတော့ ဆောင်ရွက်မှုတွေ ရပ်တန့်သွားပြီး ဒီရေအားလျှပ်စစ်က အဓိက ၇၁၁၀ မဂ္ဂါဝပ် ရမယ်ဆိုရင် နိုင်ငံမှာ အကြီးဆုံးရေအားလျှပ်စစ်ဖြစ်တဲ့အပြင် အင်မတန်မှ အာရှမှာကြီးမားတဲ့ ရေအားလျှပ်စစ်စီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကနေ အခြားနိုင်ငံ ထိုင်းနိုင်ငံကို ၁၅၀၀ အနေအထားမှာ ကျွန်တော်တို့နိုင်ငံမှာ အများကြီးပိုနေပါတယ်။ ဒါမျိုးကတော့ ရှိသင့်တဲ့ ရေအားလျှပ်စစ်လို့ ကျွန်တော့်အနေနဲ့ အဲ့ဒီလိုမြင်ပါတယ်။ သို့သော် စီမံကိန်းတစ်ခုဆောင်ရွက်တဲ့ အခါမှာ လိုအပ်တဲ့ ကြိုတင်ပဏာမဆောင်ရွက်ရမယ့် EIA, SIA စစ်တာနှင့်ပတ်သက်ပြီးတဲ့ကိစ္စတွေ ဒေသခံတွေရဲ့ ထိခိုက်ဆုံးရှုံးမှုကိုထည့်တွက်ရမှာ အဲ့ဒီဒေသခံတွေအနေနဲ့ ဘယ်လိုဆုံးရှုံးမှုမျိုးဖြစ်စေ နိုင်သလဲဆိုတာတွေ၊ ရေလွှမ်းမိုးမှုဧရိယာတွေ တွက်ချက်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒေသခံတွေကို ဘယ်နေရာဒေသတွေကို ရွှေ့ပြောင်းနိုင်တဲ့နေရာတွေ၊ ဘယ်တော့လောက်ထိ ရွှေ့ပြောင်းသွားရ မှာလည်းပြီးတော့ ရေအားလျှပ်စစ်လုပ်တဲ့အခါမှာ ဒီသံလွင်မြစ်ဆိုတာ တစ်ဖက်နိုင်ငံတွေနဲ့ နီးကပ်သွား တဲ့ဒေသတွေရှိသလို ပြည်တွင်းထဲမှာ အများကြီးရောက်နေတဲ့နေရာတွေလည်း ရှိပါတယ်။ ဒီရေအား လျှပ်စစ်ကို ပိတ်လိုက်ခြင်းကြောင့်မို့လို့ တစ်ဖက်နိုင်ငံကို ရေတွေလွှမ်းမိုးသွားတာတွေ ကျော်သွားတာ ဆိုတဲ့ကိစ္စမျိုးတွေလည်း မဖြစ်ဖို့လိုအပ်ပါလိမ့်မယ်။ အဲ့ဒီမှာ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့မှ ဆောင်ရွက်ထားတဲ့ တာဆန်းရပ်သွားတဲ့အချိန်မှာ နောက်ထပ်တာဆန်းရဲ့ အပေါ်ဘက် ၁၅ ကီလိုမီတာ အကွာမှာ နောက်ထပ်တစ်ခု ဆောင်ရွက်နေတာတွေ့ရပါတယ်။ အဲ့ဒါဟာ တာဆန်းကတော့ MTH Company က ထိုင်းအခြေစိုက်ဖြစ်တယ်။ နောက်တစ်ခုက China Company နဲ့ သိရတာတော့ မြန်မာကုမ္ပဏီတစ်ခုလည်း ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီတာဆန်းရဲ့အပေါ်ဘက် ၁၀ မိုင် လောက်မှာ ဆောင်ရွက်ထားတယ်ဆိုတာ ဆောင်ရွက်နေတယ်လို့ ကြားသိရပါတယ်။ တာဆန်းတံတား အထက်အထိ ၁၅ ကီလိုမီတာအကွာ မိုင်းတုံမြို့နယ်ထဲမှာ ဖြစ်ပါတယ်။ မိုင်းပန်မြို့နယ်နှင့် တော်တော် နီးစပ်ပါတယ်။ အဲ့ဒီတော့ မြစ်ရိုးတစ်လျှောက်မှာ သံလွင်မြစ်အထက်ပိုင်းမှာ Upper သံလွင်ဆိုပြီးတော့ အဲ့ဒီမှာက ကွမ်းလုံမှာ တစ်ခုရှိပါတယ်။ နောက်ကွမ်းလုံရဲ့ အောက်နားလေးမှာပဲ မိုင်းလုံးတစ်ခုက ကွမ်းလုံမှာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီမှာ ၁၄၀၀ မဂ္ဂါဝပ်နှင့်ပတ်သက်ပြီးတော့မှ စာချုပ်ချုပ်ဆိုခဲ့တာ တှေ့ပါတယ်။ အဲ့ဒီမှာ China and Myanmar ကုမ္ပဏီတစ်ခုပါပါတယ်။ မိုင်းလုံးမှာ နိုဝင်ဘာ ၂၀၁၀ မှာ ၁၄၀၀ မဂ္ဂါဝပ် ဒါ Same Faming လုပ်ခဲ့တာတွေ့ပါတယ်။ အဲဒါတွေက လှုပ်ရှားနေသလားဆိုတာ လှုပ်ရှားမှု မတွေ့ရပါဘူး။ သို့သော် ဒါတွေက ချုပ်ဆိုထားတာဖြစ်တဲ့အတွက် ဆက်ပြီးတော့ ဘယ်လိုရှိ နေမလဲလို့ သိနေရပါတယ်။ နောက်တစ်ခု အောက်ဘက်မှာ တာဆန်း Lower သံလွင်အဖြစ် ရွာသစ် ဆိုတဲ့ တစ်ခုက ကယားပြည်နယ်မှာ ရှိနေပါတယ်။ China Company ဖြစ်ပါတယ်။ နောက် အဲ့ဒီအောက်မှာ ဝဲကြီးဆိုတာတစ်ခုရှိပါတယ်။ အဲ့ဒါက ကရင်ပြည်နယ်ထဲမှာ ဖြစ်ပါတယ်။ တစ်ကွင်း ဆိုတာလည်း ကရင်ပြည်နယ်ထဲမှာရှိပါတယ်။ နောက်တစ်ခုကတော့ ဟတ်ကြီးကတော့ ကရင်ပြည်နယ် ထဲမှာ ရှိပြီး တော့ သူတို့ကတော့ ထိုင်းဘော်ဒါလိုင်းနှင့်အနီးကပ်ဆုံးနေရာတစ်ခုဖြစ်တဲ့အတွက် သူ့မှာ မဂ္ဂါဝပ် ၁၃၆၀ ထုတ်လုပ်နိုင်မယ်လို့ ပြောထားပေမယ့် တစ်ဖက်နိုင်ငံမှာ ရေလွှမ်းမိုးနိုင်မယ့် ကိစ္စရှိတယ်လို့ သိရပါတယ်။ အဲ့ဒီတော့ ဒီဟာတွေနှင့်ပတ်သက်ပြီးတော့ အဆုံးသတ်ဆောင်ရွက်ချက် တွေ မရှိသေးဘဲနှင့် ဒီရွာသစ်ဆိုရင် နယ်မြေမအေးချမ်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ရပ်နားထားတယ် လို့ သိရပြီးတော့ ဒါတွေဆောင်ရွက်ခဲ့မယ်ဆိုရင် သံလွင်မြစ်မှာ ဒီအတိုင်းတွေ့ရဖို့ မွစာတက်နေအောင် တွေ့နေရပါတယ်။ အဲ့ဒီအသေးစားလျှပ်စစ်ပုံစံမျိုးလေးတွေ တွေ့ရပါတယ်။ ၁၃၆၀ မဂ္ဂါဝပ်၊ ၁၄၀၀ မဂ္ဂါဝပ်၊ စောစောက တာဆန်းကတော့ အကြီးဆုံးဖြစ်ပြီးတော့ တာဆန်းအထက် ၁၅ ကီလိုအကွာမှာ လာရောက်တဲ့ အလုပ်တစ်ခုလုပ်မယ်လို့ သတင်းရရှိတဲ့အခါ ၇၀၀၀ မဂ္ဂါဝပ်လောက်တာဆန်းပုံစံမျိုး လာလုပ်တာ တွေ့ရပါတယ်။ တာဆန်း Hydro power Project ကို MTH လုပ်ပုံလုပ်နည်းနဲ့ ကွာခြား ကောင်း ကွာခြားပါမယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကြီးမားတဲ့ Project တစ်ခုလုပ်ပြီဆိုရင် တစ်နိုင်ငံလုံးရဲ့ အရေးဖြစ်သလို ကျွန်တော်တို့လွှတ်တော်ရဲ့အရေး၊ လွှတ်တော်ရဲ့အခန်းကဏ္ဍက အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်လာပြီဆိုတာ သိရမှာပါ။ လွှတ်တော်အနေနဲ့ အသေးစိတ်သိဖို့ လိုအပ်သလို ဒါနှင့် ပတ်သက်ပြီးဆောင်ရွက်တဲ့နေရာမှာ အကျိုးအမြတ်၊ အထိအခိုက်ရှိမှု၊ မရှိမှု ဒါတွေလည်း အများကြီးတွေ့ရမှာပါ။ အရင်ခေတ်က ဆောင်ရွက်ခဲ့တာမှန်သော်လည်းပဲ ယခုလက်ရှိ အခြေအနေမှာ လွှတ်တော်ကြီးအနေနဲ့လည်း သိဖို့လိုအပ်သလို၊ ပြည်သူလူထုအနေနဲ့လည်းသိဖို့ လိုအပ်ပါတယ်။ အဲ့ဒီအတွက် ဒီမေးခွန်းကို မေးခြင်းဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော့်ရဲ့ မေးခွန်းအနေနဲ့ သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မည်ဟူသောကိစ္စများ မှန်ပါသလား။ ရေကာတာမှ ရေပိုလွှဲရေများကို တစ်ဖက်နိုင်ငံသို့ ပို့လွှတ်မည်ဆိုသည်မှာ မှန်ပါသလား။ မှန်ပါက ထိုကိစ္စများနှင့်ပတ်သက်၍ နိုင်ငံတော်တွင် အကျိုးအမြတ်နှင့် အဆုံးအရှုံးဖြစ်ပေါ်မှုနှိုင်းယှဉ်ချက်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်း များအား ဝန်ကြီးဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားလုပ်ငန်းရှင်များရဲ့ ရင်းနှီးမြှုပ်နှံမှုဖြင့် B.O.T စနစ်အခြေခံဖြင့်လည်းကောင်း၊ နိုင်ငံခြားကုမ္ပဏီများရဲ့ ရင်းနှီးမြှုပ်နှံမှုဖြင့် J.V/B.O.T စနစ် အခြေခံဖြင့်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း ၆ ခုအား J.V/B.O.T စနစ်အခြေခံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သွားရန်ရှိပါတယ်။ သံလွင်မြစ်ရဲ့အဖျားပိုင်းကနေစပြီးတော့ တစ်ခုစီတင်ပြရှင်းလင်းမှာဖြစ်ပါတယ်။ ပထမဆုံးတစ်ခု အထက်သံလွင် (ကွမ်းလုံ) ၁၄၀၀ မဂ္ဂါဝပ်ဖြစ်ပါတယ်။ အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာအထက်ဘက် ၄.၃ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hanergy Holding Group Ltd. နှင့် တိုင်းရင်းသားကုမ္ပဏီ Goldwater Resources Ltd. တို့မှ အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ Memorandum of Understanding-MOU အား ၅-၄-၂၀၀၇ နေ့မှာလည်းကောင်း၊ Memorandum of Agreement-MOA အား ၂၄-၂-၂၀၁၀ ရက်နေ့မှာလည်းကောင်း လက်မှတ် ရေးထိုးထားခဲ့ကြပြီးဖြစ်ပါတယ်။ စီမံကိန်းဆိုင်ရာ Feasibility Study Report-FSR အားတင်ပြခဲ့ရာ ဝန်ကြီးဌာနမှ FSR စိစစ်ရေးကော်မတီမှလည်း စိစစ်လျက်ရှိပါတယ်။ Environmental Impact Assessment-EIA/Social Impact Assessment-EIA/SIA Report များအားလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကို တင်ပြခဲ့ရာမှာ ၂၀-၇-၂၀၁၂ ရက်နေ့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနမှ အဆိုပါအစီရင်ခံစာများနှင့်ပတ်သက်ပြီး အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်မည်ဆိုပါက ကန့်ကွက်ရန်မရှိပါကြောင်း သဘောထားမှတ်ချက် ပြန်ကြားခဲ့ပါတယ်။ သဘောထားမှတ်ချက်များကတော့ (က) အစီရင်ခံစာများအရ စီမံကိန်းလုပ်ငန်း ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်နှင့်လူမှုရေးထိခိုက်မှုများ အနည်းဆုံးဖြစ်စေရေးအတွက် အထက်သံလွင်(ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာမှာ ပြည်ထောင်စု အစိုးရနှင့် သက်ဆိုင်ရာပြည်နယ်အစိုးရရဲ့ လိုအပ်တဲ့ ကြီးကြပ်လမ်းညွှန်မှု စစ်ဆေးကြပ်မတ်မှုတို့ကို ခံယူဆောင်ရွက်ခြင်း၊ (ခ) ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒ၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊ (ဂ) စီမံကိန်း အပေါ်ဒေသခံပြည်သူတို့၏ သဘောဆန္ဒများရယူ၍ နားလည်လက်ခံမှု၊ ပူးပေါင်းပါဝင်မှုများဖြင့် စီမံကိန်းအကောင်အထည်ဖော်ခြင်းနှင့် ဒေသခံပြည်သူတို့၏ သဘောဆန္ဒနှင့် အညီပြောင်းရွှေ့နေရာ ချထားခြင်း၊ (ဃ) အစီရင်ခံစာတွင် ဖော်ပြပါရှိသည့် စီမံကိန်းလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချရန် စောင့်ကြည့်လေ့လာမည့်အစီအစဉ်များ၊ စီမံကိန်းလုပ်ငန်းအတွင်းဆောင်ရွက်မည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ၊ ဆောင်ရွက်မည့်အဖွဲ့များနှင့် လုပ်ငန်းတာဝန်များ၊ သုံးစွဲမည့် ကုန်ကျစရိတ်လျာထားချက်များကို တစ်စုတစ်စည်းတည်း ပြည်လည်စုစည်းတင်ပြစေပြီး တိကျစွာ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန် ကြီးကြပ်ခြင်းတို့ဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့်လည်း Propose Plan တင်ပြလာပြီလည်းဖြစ်ပါတယ်။ ဒုတိယ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ နောင်ဖ ၁၀၀၀ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပါတယ်။ နောင်ဖရေအားလျှပ်စစ် စီမံကိန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရဲ့ အရှေ့ဘက် တန့်ယန်းမြို့နယ် တာဆန်းလျှံ ကျေးရွာအနီးမှာ တည်ရှိပါတယ်။ တတိယစီမံကိန်းတစ်ခု မန်တောင် ၂၀၀ မဂ္ဂါဝပ်ဖြစ်ပါတယ်။ မန်တောင်ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၏အရှေ့ဘက် မိုင်းမော မြို့နယ် မန်တောင်ရွာအနီးမှာ တည်ရှိပါတယ်။ အဲဒီ နောင်ဖနှင့် မန်တောင် စီမံကိန်း ၂ ခုဟာ တရုတ်ပြည်သူ့တမ္မတနိုင်ငံ Hydrochina Corporation နှင့် တိုင်းရင်းသားကုမ္ပဏီ International Group of Entrepreneurs Co., Ltd. တို့မှ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ MOU အား ၂၀-၁၂-၂၀၀၉ နေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းဆိုင်ရာ FSR အားတင်ပြခဲ့ရာမှာ ဝန်ကြီးဌာနအနေနဲ့ FSR စိစစ်ရေးကော်မတီမှ စိစစ်လျက်ရှိပါတယ်။
စတုတ္ထစီမံကိန်းဖြစ်တဲ့ အထက်သံလွင် (မိုင်းတုံ) ၇၁၁၀ မဂ္ဂါဝပ်ဖြစ်ပါတယ်။ အထက်သံလွင် (မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရဲ့အရှေ့ဘက် ၁၉၅ မိုင် ခန့်အကွာ မိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အကြားမှာ တည်ရှိပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Three Gorges Corporation (CTGC)၊ ထိုင်းနိုင်ငံ EGAT International (EGATI) နှင့် တိုင်းရင်းသားကုမ္ပဏီတစ်ခုဖြစ်တဲ့ International Group of Entrepreneurs Co., Ltd. (IGOEC) တို့မှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ MOU အား ၁၀-၁၁-၂၀၁၀ နေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းဆိုင်ရာ FSR (Draft)အားတင်ပြခဲ့ရာမှာ ဝန်ကြီးဌာနနှင့် FSR စိစစ်ရေး ကော်မတီမှ စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။
ပဉ္စမမြောက် ရွာသစ်ရေအားလျှပ်စစ်စီမံကိန်း ၄၀၀၀ မဂ္ဂါဝပ်ဖြစ်ပါတယ်။ ရွာသစ်ရေအား လျှပ်စစ်စီမံကိန်းသည် ကယားပြည်နယ် ဘောလခဲမြို့၏ အရှေ့ဘက် ၁၄ မိုင်ခန့်အကွာ ရွာသစ် ကျေးရွာအနီးမှာ တည်ရှိပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Datang Overseas Investment Co., Ltd.(CDOI) တိုင်းရင်းသားကုမ္ပဏီ Shwe Taung Hydropower Co., Ltd. တို့မှ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ MOU အား ၇-၁-၂၀၁၀ နေ့မှာ လည်းကောင်း၊ MOA အား ၁၈-၁-၂၀၁၁ ရက်နေ့တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်း ဆိုင်ရာ FSR တင်ပြလာရာမှာ ဝန်ကြီးဌာနအနေနဲ့ FSR စိစစ်ရေးကော်မတီမှ စိစစ်ဆောင်ရွက်လျက်ရှိ ပါတယ်။
ဆဋ္ဌမမြောက် ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်း ၁၃၆၀ မဂ္ဂါဝပ်ဖြစ်ပါတယ်။ ဟတ်ကြီးရေအား လျှပ်စစ်စီမံကိန်းဟာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံရဲ့ အောက်ဘက် ၂၉ မိုင်အကွာရှိ ကမမောင်းမြို့အနီးမှာ တည်ရှိပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Sinohydro Corporation၊ ထိုင်းနိုင်ငံ EGAT International (EGATI) နှင့် တိုင်းရင်းသားကုမ္ပဏီ တစ်ခုဖြစ်တဲ့ International Group of Entrepreneurs Co., Ltd. (IGOEC) တို့မှအကောင် အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ MOU အား ၃၀-၅-၂၀၀၅ နေ့မှာ လည်းကောင်း၊ MOA အား ၂၄-၄-၂၀၁၀ နေ့မှာလည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီးတော့ EIA Report အား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနကို တင်ပြပြီး သဘောထားမှတ်ချက်တောင်းခံထားဆဲ ဖြစ်ပါတယ်။ စီမံကိန်းဆိုင်ရာ FSR အား တင်ပြလာရာမှာ ဝန်ကြီးဌာန FSR စိစစ်ရေးကော်မတီမှ လက်ရှိ စူးစမ်းလေ့လာမှုရလဒ်များနှင့်အညီ ပြန်လည်စိစစ်လျက်ရှိပါတယ်။
ပထမစီမံကိန်းဖြစ်သော အထက် သံလွင် (ကွမ်းလုံ)နှင့် အောက်ဆုံးဆဋ္ဌမစီမံကိန်းဖြစ်သော ဟတ်ကြီးစီမံကိန်းတို့သည် EIA/SIA Report များဆောင်ရွက်ထားရှိပြီး ကျန်စီမံကိန်းများ EIA/SIA လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်လျက်ရှိပါ တယ်။ ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း FSR ပြုစုပြီး စိစစ်ဆောင်ရွက်ဆဲနှင့် EIA/SIA များ ဆောင်ရွက်ရန် စီစဉ်ဆဲအခြေအနေများဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် Joint Venture Agreement (JVA) အဆင့်ရောက်ရှိခြင်းမရှိသေးပါကြောင်း သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းများနှင့်ပတ်သက်ပြီး မေးခွန်းအမှတ်(၁)အတွက် ရှင်းလင်းဖြေကြားအပ်ပါ တယ်။ မေးခွန်းအမှတ်(၂)အတွက် အဆိုပါစီမံကိန်းများသည် ရေအားလျှပ်စစ်ထုတ်ယူရန်အတွက်သာ အကောင်အထည်ဖော်တည်ဆောက်မည့် စီမံကိန်းများဖြစ်ပြီး ရေပိုလွှဲမှရေများကို တစ်ဖက်နိုင်ငံသို့ ပို့လွှတ်မည်ဆိုသည်မှာ မှန်ကန်မှုမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
