(က)-တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးနှင့်ပတ်သက်၍ မည်သည့်အစိုးရလက်ထက်တွင် စာရင်းပြုစုပြီး ရရှိလာခဲ့သည်နှင့် စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၂၇.၂.၂၀၁၃)

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းမှာ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးရှိကြောင်း ဖတ်ရှုလေ့လာသိရှိရပါ တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတည်ဆောက်ရာမှာ အထောက်အကူပြုနိုင်စေရေးအတွက် ၎င်းတိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးကို မျိုးနွယ်စုများအလိုက်စုစည်းပြီးသိရှိလိုပါတယ်။ ထို့အပြင် အဆိုပါတိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးစာရင်းကို မည်သည်‌့အချိန်ကာလ၊ မည်သည့် အစိုးရလက်ထက်တွင် မည်သို့မည်ပုံစာရင်းပြုစုပြီး ရရှိလာသည်ကိုလည်း သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်
အဖြေ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် မှတ်တမ်းများအရ အဓိကလူမျိုးစုကြီးများဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသော လူမျိုးစု ၈ စုရှိပြီးတော့မှ မျိုးနွယ်စုများအနေဖြင့်  ကချင် မျိုးနွယ်စုတွင် ၁၂ စု၊ ကယားမျိုးနွယ်စုတွင် ၉ စု၊ ကရင်မျိုးနွယ်စုတွင် ၁၁ စု၊ ချင်းမျိုးနွယ်စုတွင် ၅၃ စု၊ ဗမာမျိုးနွယ်စုတွင် ၉ စု၊ မွန်မျိုးနွယ်စုတွင် ၁ စု၊ ရခိုင်မျိုးနွယ်စုတွင် ၇ စု၊ ရှမ်းမျိုးနွယ်စုတွင် ၃၃ စု၊ စုစုပေါင်းတိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိကြောင်းသိရှိရပါတယ်။ မျိုးနွယ်စုအလိုက်အသေးစိတ် စာရင်းများကို တင်ပြရရင်-

(က) ကချင်မျိုးနွယ်စုမှာ ၁၂ စုရှိပြီးတော့မှ အသေးစိတ်အနေဖြင့် ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိမ်းဖေါ၊ ဂေါ်ရီ၊ ခခု၊ ဒူးလန်း၊ မရူ(လော်ဂေါ်)၊ ရဝမ်၊ လရှီ၊ အဇီး၊ လီဆူးတို့ပါဝင်ပါတယ်။

(ခ )    ကယားမျိုးနွယ်စု ၉ စုရှိပြီး အသေးစိတ်အနေဖြင့် ကယား၊ ဇယိမ်း၊ ကယမ်း(ပဒေါင်)၊ ကဲ့ခို၊ ဂေဘား၊ ပရဲ(ကယော်)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်တို့ ပါဝင်ပါတယ်။

(ဂ )    ကရင်မျိုးနွယ်စု ၁၁ စုရှိပြီး အသေးစိတ်အနေဖြင့် ကရင်၊ ကရင်ဖြူ၊ ပလေကီး၊ မွန်ကရင် (စာဖြူ)၊ စကော(ကရင်)၊ တလှေပွား၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွား၊ ပိုး(ကရင်) တို့ ပါဝင် ပါတယ်။

(ဃ)    ချင်းမျိုးနွယ်စုတွင် ၅၃ စုရှိပြီး အသေးစိတ်အနေဖြင့် ချင်း၊ မယ်တိုင်(ကသဲ)၊ ဆလိုင်း၊ ကလင်ကော(လုရှေ)၊ ခမီ၊ အောင်ခမီ၊ ခေါနိုး၊ ခေါင်စို၊ ခေါင်ဆိုင်ချင်း၊ ခွာဆင်း(မ်)၊ ခွန်လီ(ဆင်မ်)၊ ဂန်တဲ့၊ ဂွေးတဲ၊ ငွန်း၊ ဆီစာန်၊ ဆင်တန်၊ ဆိုင်းတန်၊ ဇာတောင်၊ ဇိုတုံး၊ ဇိုဖေ၊ ဇို၊ ဇန်ညှပ်၊ တပေါင်၊ တီးတိန်(တဲဒင်မ်)၊ တေဇန်၊ တိုင်ချွန်း၊ တာ့ဒိုး၊ တောရ်၊ ဒင်မ်၊ ဒိုင် (ယင်ဒူး)၊ နာဂ၊ တန်ခူး၊ မာရင်၊ ပနန်း၊ မကန်း၊ မတူ၊ မိရမ်(မရာ)၊ မိအဲ၊ မွင်း၊ လူရှိုင်း (လူရှည်)၊ လေးမြို့၊ လင်တဲ၊ လောက်ကု၊ လိုင်၊ လိုင်ဇို၊ ပါကင်းမ်(မရို)၊ ဟွာလ်ငို၊ အနူး၊ အနန်၊ အုပု၊ လျင်းကု၊ အရှိုချင်း (မြေပြန့်)၊ ရောင်ကုတို့ပါဝင်ကြောင်း တင်ပြအပ်ပါတယ်။

(င )    ဗမာမျိုးနွယ်စုတွင် ၉ စုရှိပြီးတော့မှ ဗမာ၊ ထားဝယ်၊ မြိတ်၊ ဆော(ယော)၊ ရဘိန်း၊ ကဒူး (ဒုံကူး)၊ ဂဏန်း၊ ဆလုံ၊ ဖုန်း(ဖွန်) တို့ပါဝင်ပါတယ်။

(စ )    မွန်လူမျိုးနွယ်စုမှာ မွန် ၁ စုသာရှိပါတယ်။

(ဆ)    ရခိုင်လူမျိုးနွယ်စုတွင် ၇ စုရှိပြီးတော့မှ ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်တို့ပါဝင်ကြောင်းတင်ပြအပ်ပါတယ်။

(ဇ )    ရှမ်းလူမျိုးနွယ်စုတွင် ၃၃ စုရှိပြီး အသေးစိတ်အနေဖြင့် ရှမ်း၊ ယွန်း(လာအို)၊ ကွီ၊ ဖျင်၊ သအို၊ ဓနော၊ ပလေး၊ အင်၊ စုံ(ဆံ)၊ ခမူ၊ ကော်(အာခါ-အီကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနု၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်းကလေး၊ ရှမ်းကြီး၊ လားဟူ၊ အင်းသား၊ အိုက်ဆွယ်၊ ပအို့ဝ်(တောင်သူ)၊ တိုင်းလွယ်၊ တိုင်းလျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း၊ ဝ တို့ပါဝင်ကြောင်း တင်ပြအပ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာ နေထိုင်သော တိုင်းရင်းသားမျိုးနွယ်စု အမည်စာရင်းများ သတ်မှတ်ပြုစုရာတွင် တစ်ဦးတစ်ယောက်တည်းအဖွဲ့အစည်းတစ်ခုတည်းမှ သတ်မှတ်ပြုစု၍ မရနိုင် ပါ။ မြန်မာနိုင်ငံသမိုင်းကော်မရှင်အကြံပေးအဖွဲ့နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံး အကြံပေးအဖွဲ့တို့၏ အကြံပေးချက်များကိုလည်းကောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင် စာရင်းမတိုင်မီကပြုလုပ်ခဲ့တဲ့ သန်းခေါင်စာရင်းများမှာ ကောက်ယူရရှိခဲ့သော လူမျိုးစာရင်းများကို လည်းကောင်း အခြေခံ၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်၏ ညှိနှိုင်းပေးချက် အရ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးဟူ၍ ပေါ်ပေါက်လာကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံမှာရှိသော တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးနှင့်ပတ်သက်၍ ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာ လ ၂၆ ရက်နေ့ထုတ် လုပ်သားပြည်သူ နေ့စဉ်သတင်းစာတွင်လည်း ယင်းလူမျိုးစုစာရင်းများမှာ ၁၉၃၁ ခုနှစ်တွင် ပြုစုခဲ့သော သန်းခေါင်စာရင်းအရ လူမျိုးစုစာရင်းအခြေခံ၍ လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းအရလည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းစာပေနှင့်ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် ယင်းနှစ်တွင်ပင် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပေးချက်အရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ၏ ညှိနှိုင်းပေးချက်အရ လည်းကောင်း လူမျိုးစုစာရင်းများကို အချိန်ယူပြုစုခဲ့ကြရာ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့သော တိုင်းရင်းသားလူမျိုးစုများ စာရင်းဖြစ်ကြောင်းသိရှိရပါသည်ဟု ဖော်ပြထားပါကြောင်း တွေ့ရှိရပါတယ်။ ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးရှိပါကြောင်းနှင့် ယနေ့အထိ အသုံးပြုလျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။