(စ)-အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရပ်/ကျေးစာရေးများ၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး/ပြည်နယ် အထွေထွေအုပ်ချုပ်ရေးရုံးများရှိ လုပ်သက်ရင့်ဝန်ထမ်းများအား ရာထူးတိုးပေးခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၃.၁၁.၂၀၁၂)

ဦးသောင်းဟန်(ယင်းမာပင်မဲဆန္ဒနယ်)

မကြာမီကာလမှာမှပဲ ပြည်ထောင်စုလွှတ်တော်နှင့် ကျွန်တော်တို့လွှတ်တော်တွေကပြဋ္ဌာန်းပေးလိုက်တဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများဟာ အသက်ဝင်လှုပ်ရှားလာတော့မှာဖြစ်ပါတယ်။ အဲ့ဒီလို အသက်ဝင်လှုပ်ရှားလာတဲ့အခါမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ များပြားကျယ်ဝန်းလှတဲ့ အုပ်ချုပ်ရေးတာဝန်များကို ရုံးလုပ်ငန်းဆိုင်ရာအထောက်အကူပြုဖို့ ရပ်/ကျေးစာရေးများက ဆောင်ရွက်ကြရမယ့်လုပ်ငန်းတာဝန်များဟာလည်း ကြီးလေးလာသလို ယင်းတို့ရဲ့စေတနာ၊ ရိုးသား တည်ကြည်မှု၊ လုပ်ငန်းတာဝန်ကို အလေးအနက်ထားမှုအပေါ်မူတည်ပြီးတော့ ပြည်သူများရဲ့ အကျိုးစီးပွား၊ အခွင့်အရေးများလည်းရရှိခံစားကြရတော့မှာဖြစ်ပါတယ်။ အဲ့သလိုပါပဲ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များရဲ့လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ ရဲ့ များပြားလှတဲ့ပြည်သူ့ရေးရာစီမံခန့်ခွဲရေးလုပ်ငန်းတာဝန်များကိုလည်းကောင်း အချိန်နဲ့တစ်ပြေးညီ ပီပြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ရုံးဝန်ထမ်းများဟာ နေ့မအား ညမနား ပံ့ပိုး ထောက်ကူဆောင်ရွက်နေကြရတာကိုလည်းတွေ့ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုဆိုလျှင် နိုင်ငံတော် သမ္မတကြီးက ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်၊ သန့်ရှင်းသောအစိုးရအဖြစ်နဲ့ ပြည်သူများကို အလုပ်အကျွေးပြုတဲ့အစိုးရတစ်ရပ်အဖြစ်ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရရဲ့ယန္တရားပြယုဂ်အဖြစ်နဲ့ အလွှာစုံကပြည်သူများကို နေ့စဉ်ထိတွေ့ ဆက်ဆံနေကြရတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်ထမ်းများကို ရိုးသားကြိုးစားပြီး ဆက်ဆံရေး ပြေပြစ်စွာနဲ့ တာဝန်ကိုလိုလားစွာထမ်းဆောင်စေခြင်းအားဖြင့် ပြည်သူကိုအကူအညီပေးနေကြသူများ အဖြစ် လေ့ကျင့်ပုံဖော်စိတ်ဓာတ်မြှင့်တင်ပေးဖို့လိုအပ်ပြီလို့ ထင်မြင်ယူဆပါတယ်။ သာဓကအားဖြင့် အခြားဝန်ကြီးဌာနများ ဒီလိုစိတ်ဓာတ်မြှင့်တင်ပေးတဲ့ သာဓကကိုတင်ပြလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေးဝန်ကြီးဌာနဟာ အရည်အသွေးပြည့်မီတဲ့ လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေးကို ရည်ရွယ်ပြီးတော့ လုပ်သက်ရင့်ဆရာဆရာမများကို မိမိနေရာမှာပင် လစာစကေးတစ်ဆင့်မြှင့်ပြီးတော့ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးတာကိုတွေ့ရပါတယ်။ အဲ့ဒီလိုပဲ ပြည်သူတွေရဲ့ဆင်းရဲနွမ်းပါးမှုလျော့နည်း ပပျောက်ရေးကို အဓိကပါဝင်အကောင်အထည်ဖော်ကြမယ့် သမဝါယမဝန်ထမ်းများကိုလည်း တာဝန်ကို လိုလားတည်ကြည်စွာထမ်းဆောင်ရေးအတွက် အဆင့်ဆင့်ရာထူးတိုးမြှင့်ပေးနေတာကို တွေ့နေရပါတယ်။ အဲ့ဒါကြောင့်မို့လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာရှိတဲ့ လုပ်သက်ရင့် ဝန်ထမ်းများနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့မေးခွန်းတစ်ခုမေးလိုပါတယ်။ အဲ့ဒီမေးခွန်းကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရပ်/ကျေးစာရေးများ၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး/ပြည်နယ် အထွေထွေအုပ်ချုပ်ရေးရုံးများရှိ အဆင့်ဆင်‌့သောရုံးဝန်ထမ်းများအား သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် အကောင်အထည်ဖော်ရာတွင် ရိုးသားကြိုးစားပြီး တာဝန်ကို လိုလားကျေပွန်စွာထမ်းဆောင်စေရန်အတွက် စိတ်ဓာတ်မြှင့်တင်သည့်အနေဖြင့် အခြားဝန်ကြီးဌာနများ နည်းတူ လုပ်သက် ၂၀ နဲ့အထက် လုပ်သက်ရင့်ရာထူးတိုးချီးမြှင့်ပေးခြင်း အစီအစဉ် ရှိ၊ မရှိ။ မေးမြန်းပါသည်။ 


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှာရှိတဲ့ အဆင့်ဆင့်သောရုံးဝန်ထမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့မှ သဘောတူခွင့်ပြုထားတဲ့ ရုံးအဆင်‌့ဆင့်ဖွဲ့စည်းပုံအင်အားမှာ ရာထူးနေရာများ လစ်လပ်မှုရှိပါက ဝန်ထမ်းများရာထူးတိုးမြှင့်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့အညီ သတ်မှတ် အရည်အချင်းပြည့်မီသူများကို ရာထူးတိုးမြှင့်ခန့်ထား ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အချို့ ဒေသခံများဖြစ်တဲ့ ရပ်/ကျေးစာရေးများနှင့် အဆင့်ဆင့်သောရုံးဝန်ထမ်းများက ရာထူးတိုး‌ရန်သတ်မှတ် အရည်အချင်းပြည့်မီပေမယ့်လည်း ရာထူးတိုးမြှင့်ခြင်းခံရလို့ရှိရင် ရာထူးနေရာလစ်လပ်တဲ့ အခြား ဒေသရုံးများကိုပြောင်းရွှေ့ တာဝန်ထမ်းဆောင်နိုင်မှုမရှိတာကြောင့် ရာထူးတိုးမယူခြင်း၊ သတ်မှတ် အရည်အချင်းပြည့်မီမှုမရှိခြင်းစတဲ့ အကြောင်းများကြောင့် လုပ်သက်ကြီးရင့်နေသူများဖြစ်ပါတယ်။ အဆင့်တိုးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်မှာ လုပ်သက်ကသတ်မှတ်ချက်တစ်ရပ်အဖြစ် ပါဝင်ပေမယ့်လည်း လုပ်ငန်းကျွမ်းကျင်မှုကပိုမိုအရေးကြီးတဲ့အတွက် သတ်မှတ်ပြဋ္ဌာန်းထားတဲ့လုပ်ထုံးလုပ်နည်းများနဲ့အညီ သာဆောင်ရွက်ပေးလျက်ရှိလို့ မေးခွန်းမှာပါရှိတဲ့လုပ်သက် ၂၀ နဲ့အထက်လုပ်သက်ရင့်ဝန်ထမ်းများကို ရာထူးတိုးမြှင့်ပေးခြင်းအစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။