(င)-လှိုင်မြစ်ကိုဖြတ်၍ လှိုင်သာယာမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်သို့ ဆက်သွယ်ထားသည့် ဘုရင့်နောင် တံတားကဲ့သို့ အခြားတံတားတစ်စင်းထပ်မံဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၃.၁၁.၂၀၁၂)

ဦးဉာဏ်ဝင်း(လှိုင်သာယာမဲဆန္ဒနယ်)

လှိုင်သာယာမြို့နယ်က ဧရိယာ ၂၆.၀၁ စတုရန်းမိုင် ကျယ်ဝန်း၍ အိမ်ခြေ ၅၇၇၇၀လုံး၊ အိမ်ထောင်စု ၅၈၆၄၅စု၊ လူဦးရေ ၃၈၀၀၀၀ ခန့်နေထိုင် လျက်ရှိသည့်မြို့ဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်တွင် စက်မှုဇုန်များတည်ရှိသဖြင့် စက်ရုံ အလုပ်သမားများ အများအပြားနေထိုင်ကြသည့်အပြင် လက်လုပ်လက်စား အခြေခံလူတန်းစားများ များပြားသဖြင့် မြို့နယ်အတွင်းသို့ ခရီးသည်တင်မော်တော်ယာဉ်လိုင်း ၃၃ လိုင်း ပြေးဆွဲပေးနေရသည့် လူဦးရေစည်ကားတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်သို့ ဆက်သွယ်ထားရှိသည့် မြစ်ကူးတံတားလေးစင်းရှိပြီး ၎င်းတို့မှာ လှိုင်မြစ်ကိုဖြတ်၍ လှိုင်သာယာမြို့နယ်နှင့် မရမ်းကုန်းမြို့နယ် တို့ဆက်သွယ်ထားသည့် ဘုရင့်နောင်တံတား၊ လှိုင်မြစ်ကိုဖြတ်၍ လှိုင်သာယာမြို့နယ်နှင့် အင်းစိန် မြို့နယ်တို့ ဆက်သွယ်ထားသည့် အောင်ဇေယျတံတား၊ လှိုင်မြစ်ကိုဖြတ်၍ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ဆက်သွယ်ထားသည့် ရွှေပြည်သာတံတား၊ ပန်းလှိုင်မြစ်ကိုဖြတ်၍ လှိုင်သာယာ မြို့နယ်နှင့် တွံတေးမြို့နယ်တို့ဆက်သွယ်ထားသည့် ပန်းလှိုင်တံတားတို့ဖြစ်ကြပါတယ်။ ယင်းတံတား လေးစင်းအနက် ရွှေပြည်သာတံတားနှင့် ပန်းလှိုင်တံတားမှာ မော်တော်ယာဉ်ဖြတ်သန်း သွားလာမှု နည်းပါး၍ ဘုရင့်နောင်တံတားနှင့် အောင်ဇေယျတံတားတို့မှာ ယာဉ်ကြီးယာဉ်ငယ်များ ဖြတ်သန်း သွားလာမှုများပြားသည့် တံတားများဖြစ်ကြပြီး ၎င်းတံတားနှစ်စင်းအနက် ဘုရင့်နောင်တံတားမှာ လှိုင်သာယာမြို့နယ်အတွင်းမှ ပြင်ပမြို့နယ်များနှင့် ရန်ကုန်မြို့တွင်းသို့သွားရောက်ကြရသည့် အစိုးရ ဝန်ထမ်းများ၊ လက်လုပ်လက်စားများ၊ ခရီးသွားလုပ်သားပြည်သူများ၊ ကုန်သည်ပွဲစားများအပြင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ခရီးသွားလုပ်သားပြည်သူများအနေဖြင့်လည်း လှိုင်သာယာမြို့နယ်အားဖြတ်သန်း၍ ဘုရင့်နောင်တံတားမှတစ်ဆင့် အခြားမြို့နယ်များနှင့် ရန်ကုန်မြို့ တွင်းသို့ သွားလာကြရသဖြင့် ကိုယ်ပိုင်ယာဉ်များ၊ အခြားယာဉ်များနှင့် ခရီးသည်တင်ယာဉ် လိုင်းများမှ မော်တော်ယာဉ်အများအပြား အားထားဖြတ်သန်းသွားလာနေကြရတဲ့ တံတားတစ်စင်းလည်း ဖြစ်ပါ တယ်။ ဘုရင့်နောင်တံတားမှာ ပင်မတံတားအရှည် ၁၆၄၀ပေရှိပြီး၊ လူသွားလမ်းအကျယ် တစ်ဖက်      ၄ ပေစီနှင့် ယာဉ်သွားလမ်းအကျယ် တစ်ဖက် ၂၈ ပေရှိသည့် နှစ်လမ်းသွား သံပေါင်သံကူကွန်ကရစ် အမျိုးအစား တံတားဖြစ်၍ ခံနိုင်ရည်ဝန်အားမှာ ၄၀ တန်ခံနိုင်ရည်ရှိသည့်တံတား ဖြစ်ပါတယ်။ ယခုအခါ ဘုရင့်နောင်တံတားမှာ ဖြတ်သန်းသွားလာသည့်မော်တော်ယာဉ် များပြားလာသဖြင့် တံတား ပေါ်တွင် မော်တော်ယာဉ်များ ရှင်လောင်းလှည့်သလို ဖြည်းညှင်းစွာ မောင်းနှင်ကြရပြီး မကြာခဏ တံတားတစ်လျှောက်ပေါ်တွင် မော်တော်ယာဉ်များ ပိတ်ဆို့ရပ်တန့်နေကြရသဖြင့် အချိန်ကြန့်ကြာသည့် အပြင် ယင်းမော်တော်ယာဉ်များ၏ အလေးချိန်စုစုပေါင်းသည် တံတား၏ ခံနိုင်ဝန်ထက်များနေသဖြင့် ‌ရေရှည်တွင်တံတားကျိုးပဲ့ပျက်စီးမည်ကို စိုးရိမ်ရပြီး တံတားကျိုးပဲ့ ပျက်စီးခဲ့ပါက ယင်းတံတားအား အားထားဖြတ်သန်းသွားလာနေကြသည့် လုပ်သားပြည်သူများ ခရီးသွားလာရေးအခက်အခဲနှင့် ကြုံတွေ့ရမည်ဖြစ်သဖြင့် ဘုရင့်နောင်တံတားနှင့်ယှဉ်လျက် အခြားတံတားတစ်စင်းဆောက်လုပ် ပေးရန် ဒေသခံပြည်သူများမှ လိုလားတောင့်တလျက်ရှိနေကြသဖြင့် ဒေသခံပြည်သူများ၏ကိုယ်စား အောက်ပါကြယ်ပွင့်ပြမေးခွန်းအား တင်ပြမေးမြန်းအပ်ပါတယ်ခင်ဗျား။

လှိုင်မြစ်ကိုဖြတ်၍ လှိုင်သာယာမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်သို့ ဆက်သွယ်ထားသည့် ဘုရင့်နောင်တံတားနှင့် အပြိုင်အခြားတံတားတစ်စင်းအား ထပ်မံဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့်အစီအစဉ်ရှိပါက မည်သည်‌့အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။ 


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ယခုလို ဘုရင့်နောင်တံတား အသစ်တစ်စင်း ထပ်မံဆောက်လုပ်ပေးရန်အတွက် မေးခွန်းကို မေးမြန်းပေးတဲ့ လှိုင်သာယာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းအားလည်းကောင်း၊ ကျွန်တော်တို့ ဒီလွှတ်တော် အတွင်းမှာ လာရောက်မေးခွန်းများ ဖြေကြားတဲ့အခါမှာ တွေ့ဆုံတိုင်းကျွန်တော်တို့ကို အကြံဉာဏ်များ ပေးပြီးတော့ ဘုရင့်နောင်တံတားကြီး အမြန်ဆုံးတည်ဆောက်ဖို့အတွက် ဝိုင်းဝန်းအကြံပြုကြတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံးကိုလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း ပဏာမ တင်ပြအပ်ပါတယ်။ ယခုလက်ရှိ ရှိနေတဲ့ ဘုရင့်နောင်တံတားနှင့် ပတ်သက်ပြီးတော့ တင်ပြရရင်  ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်လမ်းမကြီးနှင့် လှိုင်သာယာမြို့နယ်၊ လှိုင်သာယာ-ပုသိမ်လမ်းကိုဆက်သွယ်ထားတဲ့ ဘုရင့်နောင်တံတားကြီးကို ကျွန်တော်တို့ ၁၉၉၁ ခုနှစ် က စတင်တည်ဆောက်ခဲ့ပြီးတော့ ၁၉၉၄ ခုနှစ်မှာ ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ တံတားရဲ့အရှည်ဟာ ၁၆၄၀ ပေရှိပြီးတော့ သံမဏိသံပေါင် အမျိုးအစားဖြစ်ပါတယ်။ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ ရှိပြီးတော့ ဘေးမှာ လူသွားလမ်းအကျယ် တစ်ဖက် ၄ ပေစီ ရှိတဲ့အပြင် တံတားခံနိုင်ဝန်ဟာလည်းပဲ ယာဉ်တစ်စီးချင်း ၃၆ တန်ဖြစ်ပါတယ်။ အောင်ဇေယျတံတားနှင့် ရွှေပြည်သာတံတားများ မဖွင့်လှစ်မီ ၂၀၀၀ ခုနှစ်ပြည့်နှစ်အထိ ရန်ကုန်မြို့ကနေပြီးတော့ လှိုင်သာယာမြို့ကိုသွားတဲ့ ယာဉ်အားလုံးက ဘုရင့်နောင်တံတား တစ်စီးတည်းမှသာ ဖြတ်သန်းသွားလာခဲ့တဲ့အတွက် တံတားကြီးရဲ့ခံနိုင်ဝန်ထက် ပိုတဲ့ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းခြင်းများလည်းရှိခဲ့ပါတယ်။ ယာဉ်ကြီးယာဉ်ငယ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများကိုဖြေရှင်းနိုင်ရန် အောင်ဇေယျတံတားနှင့် ရွှေပြည်သာတံတားကို ဖွင့်လှစ် ပြီးချိန် ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့နောက်ပိုင်းမှ စတင်ပြီးတော့ ဘုရင့်နောင်တံတား ပေါ်မှာ ခရီးသည်တင်တဲ့ ယာဉ်ငယ်များကိုသာ ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်ခင်ဗျား။ ယခုအခါမှာ လှိုင်သာယာမြို့နယ်နှင့် အခြားမြို့နယ်များမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ  မော်တော်ယာဉ် များတိုးတက်များပြားလာမှုကြောင့် ဘုရင့်နောင်တံတားပေါ်မှာ တစ်ရက်လျှင် အများဆုံးယာဉ်စီးရေ ၂၇၀၀၀ ခန့် ဖြတ်သန်းနေကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ ဒီ့အပြင် ယာဉ်ကြောပိတ်ဆို့မှုများ ဟာလည်း နေ့စဉ်ဖြစ်ပေါ်‌လျက်ရှိပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်သည်နှင့်အမျှ တံတား ပေါ်မှာလည်း ယာဉ်ကြောနှစ်ဖက်စလုံး ယာဉ်များပြည့်ကြပ်နေပြီးတော့  မော်တော်ယာဉ်များရဲ့ အလေးချိန်စုစုပေါင်းမှာ တံတားခံနိုင်ဝန်ထက်ကျော်လွန်လာနိုင်သဖြင့် တံတားကြီးရဲ့ကြံ့ခိုင်မှုကိုပါ ရေရှည်မှာစိုးရိမ်ရတဲ့ အခြေအနေဖြစ်ပေါ်လာပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်မြို့တော်အတွင်းမှာ လည်းပဲ များပြားလှတဲ့ယာဉ်များကြောင့် လမ်းဆုံလမ်းခွများမှာ ယာဉ်ကြောပိတ်ဆို့မှုများ အချိန် ကြာမြင့်စွာဖြစ်ပေါ်လျက်ရှိတာကြောင့် လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရေး ရန်ကုန်တိုင်း ဒေသကြီးအစိုးရမှလည်း လှည်းတန်းလမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံတို့မှာ ဂုံးကျော် တံတားကြီးများ တည်ဆောက်နေပြီဖြစ်ပါတယ်။ ဘုရင့်နောင်တံတားနှင့် ဘုရင့်နောင်လမ်းဆုံတို့ဟာ နီးကပ်လျက်ရှိတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုမှာလည်း ဆက်စပ်ဖြစ်ပေါ်လျက်ရှိပါတယ်။ လေးစား အပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ လက်ရှိဘုရင့်နောင်တံတားပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ပေါ် စေရေး၊ တံတားကြီး၏ရေရှည်တည်တံ့ခိုင်မြဲရေး၊ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့မြန်ဆန် စေရေးတို့အတွက် ဘုရင့်နောင်တံတားအမှတ်(၂)အား ဆောက်လုပ်နိုင်ရန် တင်ပြခဲ့ရာ ပြည်ထောင်စု အစိုးရအဖွဲ့မှ အစည်းအဝေးအမှတ်စဉ်(၃၈/၂၀၁၂) ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ပြီးလည်း ဖြစ်ပါတယ်။ သို့ပါ၍ အကြိုအင်ဂျင်နီယာလုပ်ငန်းများဖြစ်တဲ့ တံတားအူကြောင်း ရွေးချယ်သတ်မှတ်ခြင်း၊ မြေ      စမ်းသပ်ခြင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနများနှင့် ညှိနှိုင်းပြီးတော့ မြစ်ကြောင်းအခြေအနေ စူးစမ်းလေ့လာခြင်းလုပ်ငန်းများကိုလည်း ‌ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ လေးစားအပ်ပါသော  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဘုရင့်နောင် တံတားအသစ်တစ်စင်းအတွက် ထပ်မံတည်ဆောက်‌ရေးအတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဖြည့်စွက်ရန်ပုံငွေမှာ ကျပ်သန်း ၁၅၀၀ အားလည်း တင်ပြတောင်းခံခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာလည်း တံတားကြီးအား အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် ကျပ်သန်း ၁၀၀၀၀ လည်း တင်ပြတောင်းခံထားပါတယ်။ အဆိုပါ ရန်ပုံငွေများရရှိလာပါက ရန်ကုန်တိုင်း ဒေသကြီးအဖွဲ့နှင့် ညှိနှိုင်းပြီးအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။