မြို့နယ်အသီးသီးမှာ မြန်မာ့စီးပွားရေးဘဏ်ခွဲများရှိကြသလို ပုဂ္ဂလိကဘဏ်များလည်းရှိကြပါတယ်။ ဝန်ဆောင်မှုများထဲက ထင်ရှားကွာ ဟမှုအချို့ရှိတဲ့အနေအထားမှာ ခရီးဦးကြိုဆိုမှု၊ ဖော်ရွေပျူငှာမှု ငွေထုတ်ငွေသွင်း ငွေလွှဲ လုပ်ငန်း On Line Fax များမှာ ပုဂ္ဂလိကဘဏ်များ ဝန်ဆောင်မှု အဆင်ပြေကြောင်း တွေ့ရှိရပြီးတော့ မြန်မာ့စီးပွားရေးဘဏ်ခွဲများမှ ငွေထုတ်ငွေသွင်းလုပ်ငန်းများမှာ စောင့်ဆိုင်းနေရခြင်း ငွေလွှဲလုပ်ငန်း များမှာလည်း တစ်ရက်တည်းမရောက်ရှိဘဲ နောက်တစ်နေ့မှသာ ရောက်ရှိထုတ်ယူနိုင်တာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လုပ်ကိုင်လာကြတာနှင့်အတူ ပုဂ္ဂလိက ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသလို မြန်မာ့စီးပွားရေးဘဏ်ခွဲများမှလည်း တွင်ကျယ်စွာ လုပ်ကိုင်နိုင်ရန် ပုဂ္ဂလိကဘဏ်များကဲ့သို့ ဝန်ဆောင်မှုပေးနိုင်ခြင်း ရှိ၊မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းမှာ အဓိကအချက်ကတော့ မြန်မာ့စီးပွားရေးဘဏ်သည် ပုဂ္ဂလိက ဘဏ်များကဲ့သို့ စီးပွားရေးဆန်ဆန် ဖော်ရွေပျူငှာစွာ ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိဆိုတဲ့မေးခွန်း ဖြစ်ပါ တယ်။ ဒါနှင့်ပတ်သက်လို့ မြန်မာ့စီးပွားရေးဘဏ်ရဲ့ နောက်ကြောင်းလေးနဲ့ အခြေအနေလေးကို ကျွန်တော်နည်းနည်းတင်ပြချင်ပါတယ်ခင်ဗျား။ မြန်မာ့စီးပွားရေးဘဏ်ဟာ ကျွန်တော်ခုနက တင်ပြခဲ့တဲ့ အတိုင်းပဲ ၁၉၅၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ဘဏ်ခွဲအနေနဲ့ဆိုရင် ဘဏ်ခွဲပေါင်း ၃၀၀ ကျော်ရှိပါတယ်ခင်ဗျား။ ဝေးလံခေါင်ဖျားတဲ့ ချီဖွေတို့၊ ဆွမ်ပရာဘွမ်တို့လို နေရာမျိုးမှာလည်း မြန်မာ့စီးပွားရေးဘဏ်သွားရောက်ဖွင့်လှစ်ပေးထားရပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ကို စတင် တည်ထောင်တုန်းက ကူးသန်းရောင်းဝယ်ရေးဘဏ်အဖြစ်နဲ့ တည်ထောင်တာ ဖြစ်ပါတယ်။ ကူးသန်း ရောင်းဝယ်ရေးဘဏ်ဆိုသည်မှာ စီးပွားရေးဆန်ဆန် လုပ်ရမယ့်ဘဏ် ဖြစ်ပါတယ်။ သို့သော်လည်း မြန်မာ့စီးပွားရေးဘဏ်ရဲ့ လက်ရှိလုပ်ဆောင်နေမှုကို ကြည့်တဲ့အခါမှာ လုပ်ငန်းတစ်ဝက်ကျော်ကျော် လောက်ဟာ ကူးသန်းရောင်းဝယ်ရေးသဘောမဆန်ဘဲ၊ စီးပွားရေးဆန်ဆန်မဟုတ်ဘဲနှင့် လုပ်ကိုင်ပေး နေရတဲ့လုပ်ငန်းတွေရှိပါတယ်။ ဥပမာအားဖြင့်ဆိုရင် ပင်စင်စားများကို ပင်စင်ထုတ်ပေးတဲ့ကိစ္စမျိုး၊ အစိုးရရဲ့ ငွေစာရင်းတွေကို ထိန်းသိမ်းပေးရတဲ့ကိစ္စမျိုး၊ ထို့အတူပဲ ငွေတိုက်အဖြစ်နဲ့ ဆောင်ရွက်ပေး ရတဲ့ ကိစ္စမျိုးတွေ လုပ်နေရပါတယ်။ သို့သော်လည်းပဲ တစ်ဖက်ကလည်းပဲ မြန်မာ့စီးပွားရေးဘဏ်ကို ပုဂ္ဂလိကဘဏ်များကဲ့သို့ စီးပွားရေးဆန်ဆန် လုပ်နိုင်အောင်လည်း ပြုပြင်ဆောင်ရွက်လျက်ရှိပါတယ်။ ၁၉၉၃ ခုနှစ် ကစပြီးတော့ မြန်မာ့စီးပွားရေးဘဏ်မှာ ကွန်ပျူတာစနစ်နှင့်လုပ်နိုင်အောင် စတင် လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်တဲ့အခါမှာ ယခုအခါမှာတော့ ဘဏ်ခွဲကြီးပေါင်း ၁၆ ခု မှာတော့ ကွန်ပျူတာနှင့်လုံးဝဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ပါတယ်။ ခရိုင်ဘဏ်ခွဲ ၅၈ ခုမှာတော့ ကွန်ပျူတာနှင့်တွဲဖက်ပြီးတော့ ဆောင်ရွက်ပေးနိုင်နေပြီဖြစ်ပါတယ်။ ထို့အတူပါပဲ ဖက်စ်တပ်ပြီးတော့ ဆောင်ရွက်ပေးတဲ့အခါမှာလည်း ယခုအခါမှာ ဘဏ်ခွဲပေါင်း ၂၄၉ ခုမှာ ဖက်စ်တပ်ပြီးတော့ ငွေလွှဲလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ အွန်လိုင်းနှင့် ငွေသွင်းငွေထုတ်လုပ်ငန်းကိုလည်း ဘဏ်ခွဲ ၇ ခုမှာ ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ ထို့အပြင် ဝန်ထမ်းများဆက်ဆံရေးပြေလည်ဖို့ ကိစ္စတွေမှာလည်း ဝန်ထမ်းများကို စိတ်နေစိတ်ထားပြောင်းအောင်လို့ ကျွန်တော်တို့ ပညာပေးတာတွေ၊ သင်တန်းပေးတာတွေလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် နိဂုံးချုပ်အနေနဲ့ တင်ပြရရင်တော့ အနာဂတ်မှာ ယခုထက်ပိုပြီးတော့ စီးပွားရေးဆန်ဆန်ဖြစ်ဖို့၊ ဆက်ဆံရေးပြေလည်ဖို့၊ လုပ်ငန်းမြန်ဆန်ဖို့ အတွက်ကို ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။
