ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တွင် ၇၅ ရာခိုင်နှုန်းမှာ တောင်သူလယ်သမားမိသားစုဝင်များဖြစ်ကြပါတယ်။ တောင်သူလယ်သမား များ စိုက်ပျိုးလုပ်ကိုင်သော သီးနှံများပေါ်ချိန်တွင် စပါးဈေးမကောင်းသောကြောင့် ထုတ်လုပ်မှု စရိတ် ဆုံးရှုံးပြီး လယ်သမားဘဝမှာ အကြွေးများဖြင့် သံသရာလည်နေကြရ ခြင်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော်မှ အရန်စပါးဝယ်ယူခြင်းကြောင့် အချို့လယ်သမားများမှာ စပါးတင်း ၁၀၀ လျှင် ၃၃၀၀၀၀ အထက် ခံစားရပါသည်။ အချို့လယ်သမားများမှာ ဒီဇင်ဘာ စပါးပေါ်ချိန်တွင် ကြွေးကျေထိုးဆပ်ရသောကြောင့် အရန်စပါးဝယ်ယူချိန်မဟုတ် သဖြင့် စပါးတင်း ၁၀၀ လျှင် ၂၆၀၀၀၀၊ ၂၇၀၀၀၀ နှုန်းသာ ရောင်းချရသဖြင့် စီးပွားရေးတွက်ခြေမကိုက်သဖြင့် အရှုံးနှင့်ရင်ဆိုင်ခဲ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် ကုန်းလယ်များ၊ ရေနက်ကွင်းများ ရှိကြပါတယ်။ မိုးစပါးစိုက်ပျိုးရာတွင် ကုန်းလယ်မြေ တစ်ဧကလျှင် စပါးတင်း ၆၀ မှ ၇၀ တင်းအထိ ထွက်ရှိသော်လည်း ရေနက်ကွင်းြမေများတွင် တစ်ဧကလျှင် ၄၀ တင်း မှ ၅၀ တင်းအထိသာ ထွက်ရှိပါတယ်။ တစ်ဧက၏ ထုတ်လုပ်မှုကုန်ကျစရိတ်သည် ၁၅၀၀၀၀ မှ ၁၆၀၀၀၀ အထိ ကုန်ကျလျက်ရှိပါတယ်။ စပါးဈေး တင်း ၁၀၀ လျှင် ၃၃၀၀၀၀ သာရရှိမည်ဆိုပါက တစ်ဧကလျှင် တင်း ၅၀ ထွက်သော လယ်သမားသည် တစ်ဧကအတွက် ရရှိမည့်ငွေကြေးမှာ ၁၆၅၀၀၀ သာဖြစ်ပါသောကြောင့် တစ်ဧကကုန်ကျစရိတ် ၁၆၀၀၀၀ ဖြစ်ပါသဖြင့် လုပ်အားရှုံး၍ အရှုံးကြီးနဲ့ ရင်ဆိုင်ရပါသည်။ တစ်ဧကလျှင် စပါးတင်း ၆၀ ထွက်သော လယ်သမားသည် တစ်ဧကအတွက် ရရှိမည့်ငွေကြေးမှာ ၁၉၈၀၀၀ ဖြစ်သောကြောင့် တစ်ဧကကုန်ကျစရိတ်မှာ ၁၆၀၀၀၀ နုတ်ပါက ၃၀၀၀၀ သာပိုမည်ဖြစ်ပါသည်။ ယခုလိုအချိန်မှာ ရာသီဥတုဖောက်ပြန်မှုကြောင့် အထွက်နှုန်းများ ဆုတ်နိုင်ကြောင်း အခင်း၊ အကာ၊ တာပေါ်လင်များ ဝယ်ရခြင်းကြောင့် လုပ်အားများပိုမို သုံးစွဲရခြင်း ဖြစ်ပါ၍ ၃၃၀၀၀၀ ဈေးဖြင့်သာလျှင်အရှုံးနှင့် ရင်ဆိုင်ရဦးမည်ဖြစ်ပါသည်။ စပါးဈေးတင်း ၁၀၀ လျှင် ၄၀၀၀၀၀ဈေး ရှိမည်ဆိုလျှင် တစ်ဧကအတွက် ပိုလျှံငွေမှာ ၄၀၀၀၀ ကျပ်ဖြစ်သောကြောင့် ၆ လ ကျော်ကာလ လယ်သမားမိသားစု၏ စားရေး၊ ဝတ်ရေး၊ နေရေး၊ ရာသီဥတုဖောက်ပြန်မှုအရေးတို့ကို ဖြေရှင်းနိုင်ရုံသာဖြစ်ပါတယ်။ ကြွေးယူသည့်သံသရာအခက်အခဲများမှလည်း ဖြေရှင်းနိုင်ရုံသာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လယ်သမားအကျိုးအတွက် စပါးတင်း ၁၀၀ လျှင် ၄၀၀၀၀၀ အထက် ရရှိဖို့ လိုအပ်တဲ့အခြေအနေဖြစ်နေပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများအား မေးမြန်းလိုပါသည်။ (၁) နိုင်ငံတော်မှ တောင်သူလယ်သမားများအကျိုးအတွက် ယခု စပါးပေါ်ချိန်တွင် အရန်စပါး ဝယ်ယူရန်အစီအစဉ်ရှိ၊မရှိ။ (၂) တောင်သူလယ်သများအကျိုးငှာ စပါးတင်း ၁၀၀ လျှင် ၄၀၀၀၀၀ ဈေးဖြင့် ဝယ်ယူရန်အစီအစဉ်ရှိ၊ မရှိ။ (၃) နိုင်ငံတော်သည် အရန်စပါးဝယ်ယူမည်ဆိုပါက မည်သည့် အချိန်၊ မည်သည့်အဖွဲ့အစည်းဖြင့် ဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းပါသည်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မိုးစပါးပေါ်ချိန်မှာ စပါးတင်း ၁၀၀ မှာ ကျပ် ၃၀၀၀၀၀ အောက်ရောက်ရှိခဲ့ပါတယ်။ ထိုစဉ်က စပါးဈေးနှုန်းဟာ လယ်သမားများ ထုတ်လုပ်မှု ကုန်ကျစရိတ်နီးပါးသာရှိတဲ့အတွက် တောင်သူလယ်သမားများ အကျိုးစီးပွားဖြစ်ထွန်းစေဖို့ ရည်ရွယ်ချက်နှင့် အရန်ဆန်ဝယ်ယူခြင်းကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေမှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရဲ့ မြို့နယ်များမှာ ၄၆ ပေါင် ကိုက် စပါးတင်း ၁၀၀ ကို ကျပ် ၃၃၀၀၀၀ ဈေးဖြင့် ဝယ်ယူပေးခဲ့ရာ တောင်သူများတွက်ခြေကိုက်ခဲ့ပြီး နွေစပါးဆန်ကိုလည်း အရန်ဆန်အဖြစ် ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ကို ကျပ် ၃၂၀၀၀၀ ဈေးဖြင့် ဝယ်ယူခဲ့တဲ့အတွက် ဈေးကွက်မှာတောင်သူများရဲ့သင့်တင့်သောဈေးနှုန်းဖြစ်စေခဲ့ပါတယ်။ ဝယ်ယူမည့် စပါးဈေးနှုန်းကိုသတ်မှတ်ရာမှာလည်း တောင်သူလယ်သမားများရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်၊ ကမ္ဘာ့ ဈေးကွက်မှာဖြစ်ပေါ်နေတဲ့ဆန်တစ်တန် FOB ပေါက်ဈေးနဲ့ ပြည်တွင်းဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးတို့ အပေါ်အခြေခံပြီး စိုက်ပျိုးထုတ်လုပ်သူတောင်သူ လယ်သမားများနစ်နာမှုမရှိစေတဲ့ ဈေးနှုန်းဖြစ်အောင် ညှိနှိုင်းဝယ်ယူပေးခဲ့ခြင်းဖြစ်ပါတယ်။ ဝယ်ယူတဲ့စနစ်အနေနဲ့ မိုးစပါးများဝယ်ယူ ချိန်မှာ အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီအနေနဲ့ စပါးထွက်ရှိတဲ့ တိုင်းဒေသကြီး၊ မြို့နယ်များ မှာရှိတဲ့ဆန်စပါးကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များ၊ တောင်သူလယ်သမားများနဲ့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူခဲ့ပါတယ်။ နွေစပါးများဝယ်ယူရာမှာလည်း အဝယ် ကိုယ်စားလှယ်များသတ်မှတ်ပြီးလည်းကောင်း၊ ဆန်စပါးအထူးပြုကုမ္ပဏီများသို့တာဝန် ပေးအပ်ပြီး လည်းကောင်းဝယ်ယူခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ မိုးစပါး၊ နွေစပါးများ နိုင်ငံတော်အရန်ဆန်အဖြစ် ဝယ်ယူမှုကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလကုန်မှာ စာရင်း ရှင်းလင်းပြီး ၂၀၁၂-၂၀၁၃ စိုက်ပျိုးရာသီ ထွက်မိုးစပါးများကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှစပြီး ဝယ်ယူသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အစီအစဉ်မှာ ဖေဖော်ဝါရီလမှာ ဝယ်ယူခဲ့တဲ့အတွက် လယ်သမားများအတွက် အကျိုးခံစား ခွင့်မရှိတဲ့အတွက် ဒီနှစ် နိုဝင်ဘာလမှာ ဝယ်ယူရခြင်း ဖြစ်ပါတယ်။ ယခင်နှစ် အရန်ဆန်ဝယ်ယူရာမှာ နိုင်ငံတော်မှထည့်ဝင်ထားတဲ့ ငွေကျပ် ၁၀ ဘီလီယံ အနက် ၇ ဘီလီယံကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ နိုင်ငံတော်ငွေစာရင်းသို့ ပေးသွင်းခဲ့ပြီးဖြစ်ပါတယ်။ အရန်ဆန်ထားရှိရေးကြီးကြပ်မှု ကော်မတီလက်ဝယ်မှာ ကျန်ရှိနေတဲ့ ဆန်တန် ၁၀၀၀၀ ကျော်ကို အရန်ဆန်အဖြစ်ဆက်လက်ထားရှိပြီး ၂၀၁၂-၂၀၁၃ မိုးဆန်အသစ်များ ဝယ်ယူလက်ခံပြီးတဲ့အချိန်မှပဲ ဆန်ဟောင်းများရောင်းချပြီး နိုင်ငံတော်မှထည့်ဝင်ငွေကျပ် ၃ ဘီလီယံကို အပြီးသတ်စာရင်းရှင်းလင်း ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။
၂၀၁၂-၂၀၁၃ အရန်ဆန်ဝယ်ယူမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာမှာပြုလုပ်တဲ့ မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက်၏ MAPC Farm Mechanization Show 2012 မှာလည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှာ နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှာလည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှာပြုလုပ်တဲ့ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးမှာလည်းကောင်း ကျွန်တော့်အနေနဲ့ ရှင်းလင်းတင်ပြခဲ့ပြီးလည်းဖြစ်ပါတယ်။ ဆန်စပါးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အဓိက စားနပ်ရိက္ခာဖြစ်ပါတယ်။ ဒါကြောင့် အခြားသီးနှံများနှင့် မတူဘဲနဲ့ အထူးအလေးထားဆောင်ရွက်ရတဲ့ သီးနှံဖြစ်ပါတယ်။ စပါးဆန်ဈေးနှုန်းများမကျဆင်းစေဖို့မှာလည်းပဲ ကုန်စည်စီးဆင်းမှုနှင့် ကုန်စည် လည်ပတ်မှုမှန်ကန်ဖို့ကိုလည်း အင်မတန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ဆန်စပါးဖူလုံပြီး ပိုလျှံနေတဲ့အတွက် ပြည်ပပုံမှန်တင်ပို့နိုင်မှသာ ဆန်စပါးကဏ္ဍ (Supply Chain) တစ်ခုလုံးပုံမှန် လည်ပတ်နိုင်မှာဖြစ်တဲ့အတွက် ပြည်ပဈေးကွက် ပုံမှန်တင်ပို့နိုင်အောင်လည်း စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ၂၀၀၃ ခုနှစ်မှစ၍ ဆန်စပါးမူဝါဒသစ် ချမှတ်ခဲ့ပြီး ပုဂ္ဂလိကကဏ္ဍကို ပြည်တွင်းမှာ ဆန်စပါး လွတ်လွတ်လပ်လပ် ရောင်းဝယ်ခွင့်ပြုခဲ့သလို ပြည်ပ တင်ပို့မှုကိုလည်း ခွင့်ပြုပေးခဲ့ပါတယ်။ ယခု အစိုးရသစ်လက်ထက်မှစပြီး ပြည်တွင်းပြည်ပ ဆန်ရောင်းဝယ်မှုများကို လွတ်လွတ်လပ်လပ် လွယ်လွယ်ကူကူ ဆက်လက်ဆောင်ရွက်ခွင့်ပြုထား တဲ့အပြင် ဈေးကွက်လိုအပ်ချက်အရ ပင်လယ်ရေကြောင်းသာမက နယ်စပ်ဒေသများကပါ တင်ပို့ခွင့်ပြု ထားပြီးလည်းဖြစ်ပါတယ်။ ဒီအချိန်မှာ အစိုးရအနေနဲ့ ဈေးကွက်သဘောဆန့်ကျင်ပြီး အရှုံးခံ ဆောင်ရွက်မယ်ဆိုရင် ဈေးကွက်မှာ အဆင်မပြေမှုများ ထိခိုက်စေနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် အဓိကအားဖြင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်စေဖို့၊ စားသုံးသူ ပြည်သူ များနစ်နာမှုမရှိစေဖို့အတွက် ဈေးကွက်သဘာဝအရနဲ့ ဈေးကွက်ပေါက်ဈေးများအတိုင်းသာ ဆောင်ရွက်သွားသင့်ကြောင်း လေ့လာသုံးသပ်ရရှိပါတယ်။ ယခုလို ဆန်တင်ပို့မှုကို ပင်လယ် ရေကြောင်းသာမက နယ်စပ်လမ်းကြောင်းများမှပါ ဈေးကွက်သဘောသဘာဝအတိုင်း ဆောင်ရွက် တင်ပို့ခွင့်ပြုထားပြီးဖြစ်တဲ့အတွက် ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၊ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် နေ့အထိ ၇ လခွဲအတွင်းမှာ ဆန်တင်ပို့မှုတန်ချိန် ၈ သိန်းခန့်ရှိပြီး နယ်စပ်ဒေသမှ တင်ပို့မှုဟာ ဆန်တန်ချိန် ၄၀၀၀၀၀ ကျော်ရှိပါတယ်။ ပြည်တွင်းမှာဆန်စပါးဈေးနှုန်းများ မကျဆင်းစေဖို့အတွက် ကုန်စည်စီးဆင်းလည်ပတ်မှု မှန်ကန်အောင်နဲ့ ဈေးကွက်ရရှိအောင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ သံရုံးများနဲ့ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ အရန်ဆန်ထားရှိရေး ကြီးကြပ်မှု ကော်မတီကိုလည်းပဲ ယခင်နှစ်က စေတနာ့ဝန်ထမ်း Volunteer အနေနဲ့ ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင် ၉ ဦးနဲ့ ဆန်စပါးအသင်း ပုဂ္ဂိုလ်များနှင့် ဌာနဆိုင်ရာဝန်ထမ်း MAPT က တစ်ဦးတို့ ပါဝင်ဖွဲ့စည်းခဲ့ပါ တယ်။ ယခုနှစ်မှာတော့ ပြည့်ပြည့်စုံစုံဖြစ်အောင်ဆိုပြီးတော့ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်ပြီး စနစ်တကျ ပြန်လည်ဖွဲ့စည်းဆောင်ရွက်မှာဖြစ်ပါတယ်။ မနှစ်က ၂၀၁၁ ကစတင် အရန်ဝယ်ယူတုန်းက ပထမ အတွေ့အကြုံဖြစ်တဲ့အတွက် တချို့ကိစ္စတွေမှာ နောက်ကျတာတွေ၊ အဆင်မပြေတာတွေရှိခဲ့တာ မှန်ပါ တယ်။ သို့သော်လည်းပဲ ဒီနှစ်စနစ်တကျ ပြန်လည်ဖွဲ့စည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ယခုနှစ်အရန်ဆန်ဝယ်ယူတဲ့အခါမှာ တင်ဒါစနစ်နှင့် ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူ သွားမှာလည်းဖြစ်ပါတယ်။ ယခင် နိုင်ငံတော်က ဆန်စပါးကို တိုက်ရိုက်ကိုင်တွယ်ခဲ့စဉ်က နိုင်ငံပိုင် ဆန်စက် ၆၉ စက်နဲ့ ဆန်စပါး သိုလှောင်နိုင်တဲ့ သိုလှောင်ရုံအရေအတွက် ၃၀၆၄ လုံးရှိခဲ့သော်လည်းပဲ ယခုအခါ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ်အရ နိုင်ငံပိုင်ဆန်စက်အားလုံးကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချပေးခဲ့ပြီးဖြစ်တဲ့အပြင် သိုလှောင်ရုံအများစုကိုလည်းပဲ ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချပေးခဲ့ ပြီးလည်းဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ သိုလှောင်ရုံများဟာလည်း အသုံးမပြုခဲ့တာ ၉ နှစ်ခန့်ရှိပါပြီ။ ပြင်ဆင်ပြီးမှသာ ဆန်စပါးသိုလှောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သိုလှောင်နိုင်တဲ့ နိုင်ငံပိုင် သိုလှောင် ရုံအချို့နဲ့ ပုဂ္ဂလိကများမှာ ငှားရမ်းရရှိတဲ့သိုလှောင်ရုံအင်အားအပေါ်မူတည်ပြီးတော့ အရန်ဆန် ဝယ်ယူခြင်းကို ဈေးကွက်မှာ စပါးဈေးကျဆင်းမှုတားဆီးနိုင်အောင်သာ နည်းနည်းနှင့် ကျဲကျဲဝိုင်းပြီး ဆောင်ရွက်ခဲ့ရခြင်းပဲဖြစ်ပါတယ်ခင်ဗျား။ ယခုအရန်ဆန်ဝယ်ယူရာမှာလည်း စားသုံးသူ ပြည်သူများရဲ့ အကျိုး၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွားအပေါ် ချိန်ဆပြီး ဈေးနှုန်း သတ်မှတ်ပြီး တင်ဒါစနစ်နဲ့ ဝယ်ယူသွားမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားများ အကျိုးအတွက် ၂၀၁၂-၂၀၁၃ မိုးစပါးပေါ်ချိန်မှာ အရန်ဆန်စပါးဝယ်ယူရန်အစီအစဉ်ရှိပါကြောင်း နှင့် ဝယ်ယူမယ့်အချိန်ကာလကတော့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း လက်ရှိမိုးစပါးများ ပေါ်ထွက် နေတဲ့အချိန် လယ်သမားတွေလက်ထဲမှာ စပါးရှိတဲ့အချိန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးများမှာ တင်ဒါစနစ်နဲ့ စတင်ဝယ်ယူတော့မှာဖြစ်ပါတယ်။ အရန်ဆန်ဝယ် ယူရတဲ့ အဓိကရည်ရွယ်ချက်ကတော့ စပါးပေါ်ချိန်မှာ လယ်သမားများအတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်းရရှိဖို့ဖြစ်ပါတယ်။ နိုင်ငံတော်အရန်ဆန်အတွက် အခြေခံဈေးနှုန်းနှင့် ဝယ်ယူတာနဲ့ လယ်သမား များအတွက် အာမခံဈေးနှုန်း (Guarantee Price) သတ်မှတ်ဝယ်ယူတာဟာ သဘာဝချင်းခြားနား ပါတယ်။ အာမခံဈေးနှုန်းနဲ့ သတ်မှတ်ဝယ်မယ်ဆိုရင် ဈေးကွက်ပေါက်ဈေးနှုန်းထက် ပိုပေးရမှာဖြစ်ပါ တယ်။ အိမ်နီးနားချင်းနိုင်ငံအချို့မှာတော့ အာမခံဈေးနှုန်းသတ်မှတ်ပြီး အစိုးရကပဲ အရှုံးခံဝယ်ယူခဲ့ပါ တယ်။ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံမှာဆိုရင် လယ်သမားများထံမှ စပါးကို အာမခံဈေးနှုန်းသတ်မှတ်ပြီး အပေါင်ခံစနစ်နဲ့ဆောင်ရွက်ခဲ့ရာမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ သုံးစွဲခဲ့တဲ့ငွေ ဒေါ်လာ ၁၀.၄ ဘီလီယံရှိခဲ့ပါတယ်။ ပြန်လည်ရောင်းချတဲ့နေရာမှာ ဒေါ်လာ ၇.၁၅ ဘီလီယံ ခန့်သာရရှိမှာဖြစ်တဲ့ အတွက် ဆုံးရှုံးမှုက ဒေါ်လာ ၃.၂၅ ဘီလီယံခန့် ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းခန့် အရှုံးခံဆောင် ရွက်ခဲ့တဲ့အတွက် ၎င်းနိုင်ငံ အစိုးရအနေနဲ့ ဆန်စပါး အပေါင်ခံအစီအစဉ်နဲ့ အာမခံဈေးနှုန်း သတ်မှတ် ဝယ်ယူမှုကြောင့် ပြည်တွင်း အကြပ်အတည်းဖြစ်ပေါ်ခဲ့သလို ပြည်ပတင်ပို့မှုမှာလည်း အခက်အခဲများ တွေ့ကြုံနေရကြောင်း ကြားသိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ယခုနှစ် စပါးထွက်ရှိမှုဟာ တင်း သန်း ၁၀၀၀ ခန့် ခန့်မှန်းထားပါတယ်။ ပျက်စီးတာလည်းရှိပါတယ်။ ပိုထွက်တာလည်းရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီးများတင်ပြထားတဲ့ စပါးတင်း ၁၀၀၊ ဧည့်မထ ၄၀၀၀၀၀ ဈေးနဲ့ဆိုရင် လက်ရှိ ပေါက်ဈေးဟာ မိုးစပါးသစ် ကျပ် ၃၃၀၀၀၀ နဲ့ ၃၅၀၀၀၀ ကြားမှာရှိတဲ့အတွက် အနည်းဆုံးကျပ် ၅၀၀၀၀ ကနေ ၇၀၀၀၀ အထိ အရှုံးခံဝယ်ယူပေးရမှာဖြစ်ပါတယ်။ စပါးပေါက်ဈေးထက် ပိုမိုဝယ်ယူ မယ်ဆိုရင် ထွက်ရှိသမျှ စပါးအတော်များများ လာရောက်ရောင်းချကြမှာဖြစ်လို့ ယခုအချိန်မှာ စပါး တင်းသိန်းရာပေါင်းများစွာ ဝယ်ယူသိုလှောင် ထိန်းသိမ်းဖို့ အခက်အခဲရှိလာမှာဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ နိုင်ငံတော်အရန်ဆန်ဝယ်ယူတဲ့အစီအစဉ် ဆောင်ရွက်ရခြင်းမှာ စပါးပေါ်ချိန်မှာ လယ်သမားများအတွက် သင့်တင့်မျှတတဲ့ ဈေးရရှိစေဖို့နဲ့ လိုအပ်တဲ့အချိန်မှာ ပြန်လည်ရောင်းချဖို့ အတွက်သာရည်ရွယ်ပြီး ဝယ်ယူသွားမှာဖြစ်ပါတယ်။ ယခုနှစ် အရန်ဆန်ဝယ်ယူမယ့်အစီအစဉ်ကို အများပြည်သူများသိရှိစေဖို့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် သတင်းစာများမှာ ထည့်သွင်း ကြေညာထားပြီး ပထမအဆင့်အနေဖြင့် ဆန်တန်ချိန် ၂၀၀၀၀ ကို လောလောဆယ်ဆန်ထွက်ရှိတဲ့ ဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ တင်ဒါ စနစ်နဲ့ စတင်ဝယ်ယူတော့မှာဖြစ်သလို ဆက်လက်ပြီး လိုအပ်တဲ့နေရာတွေမှာလည်းပဲ ဝယ်ယူသွားမှာ ဖြစ်ပါကြောင်း ဖြေကြားပါသည်။
