(ဃ)-အန္တရာယ်ရှိ အဆောက်အဦ အဖြစ် စာကပ်ပြီး သည်မှာ ကြာမြင့်ပြီး ဖြစ်သော်လည်း လူနေ အဆောက်အဦသစ် ပြန်လည်ဆောက်လုပ်ခြင်း မပြုသည်တို့ကို အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမနေ့ (၁၀.၇.၂၀၁၃)

ရန်ကုန်မြို့တွင်နေထိုင်ကြသော ပြည်သူအပေါင်းသည် တိုက်ခန်းများဖြင့် ဝယ်ယူ နေထိုင်ကြသည်မှာများပြီး အထူးသဖြင့် မြို့လယ်ခေါင်ဖြစ်သော လသာ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်စသည့်မြို့နယ်များတွင် တိုက်ခန်းနှင့်သာ နေထိုင်ကြသည်မှာများပါကြောင်း၊ တိုက်ခန်းများဝယ်ယူသည့် အခါတွင်လည်း ပေါက်ဈေးအတိုင်းဝယ်ယူရပြီး ပွဲစားကိုလည်းတန်ရာတန်ကြေးပေးရပါကြောင်း၊ အဆိုပါတိုက်ခန်းများ အိုမင်းဟောင်းမြေ့လာပြီး ပြန်လည်ပြုပြင်တည်ဆောက်ရန် လိုအပ်လာသည့်အခါ မူလတိုက်သည် ၂ ထပ်၊ ၃ ထပ် ဆိုပါက ခေတ်နဲ့ လျော်ညီအောင် ၇ ထပ်၊ ၈ ထပ်အထိဆောက်ပြီး တိုက်ခန်းပွားကာ မူလတိုက်ခန်း ဝယ်ယူပိုင်ဆိုင် နေထိုင်သူများအနေဖြင့်  ဒဲ့ပြန်တာများပါကြောင်း၊  သို့သော်လည်း မူလတိုက်သည် ၄ ၊ ၅ ထပ်ဖြစ်နေပါက  မြေရှင်အနေနှင့် အကျိုးအမြတ်နည်းပါးသည်အတွက်ကြောင့် တိုက်ကို အသစ်ပြန်ဆောက်ရန် အချိန်ဆွဲခြင်း၊  နည်းအမျိုးမျိုးနှင့် နှောင့် နှေးအောင်လုပ်ထားခြင်းမျိုးများဖြစ်ပေါ်လာ ပါကြောင်း၊ ငွေကြေး တတ်နိုင်သူများက နောက်တစ်ခန်းဝယ်ယူထားပြီး မူလတိုက်ခန်းကိုသော့ပိတ်ထားကာ အသစ်ဆောက်သည့် အချိန်ကာလကို စောင့်မျှော်ပြီးနေနိုင်သော်လည်း နေထိုင်သူ အများစုမှာ တိုက်ခန်းပြန်ရမှ ပြန်ပြီးတော့ နေနိုင်မည့်သူများဖြစ်သည့်အတွက် ဟောင်းနွမ်းသွားသည့် တိုက်များကို အသစ်ပြန်လည်တည်ဆောက်ရန်သာ မျှော်လင့်နေရပါကြောင်း၊ သို့သော် တိုက်ကသာ အိုမင်းလာ၍ အသစ် ပြန်ဖြစ်မလာသည့်အတွက် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် မြို့တော်စည်ပင်ကလာရောက်ပြီး ဆိုင်းဘုတ်ကပ်ပါကြောင်း၊ တိုက်ကဟောင်းနွမ်းနေပြီး အန္တရာယ်ရှိသော်လည်း မြို့လယ်ခေါင်ဖြစ်သည့်အတွက် အရောင်းအဝယ်ကောင်းခြင်း အသွားအလာသက်သာခြင်းတို့ကြောင့် မိသားစုနှစ်စု၊ သုံးစုနေသည့်အလေ့လည်းရှိပါကြောင်း၊           ၎င်းတို့အနေဖြင့် တိုက်များ ဟောင်းနွမ်းဆွေးမြေ့လာသည်နှင့်အမျှ အသက်အန္တရာယ်ရှိမှန်း  သိလျက်နှင့်ပင် ဖက်တွယ်ပြီး နေကြရသည့်အနေအထားရှိနေပါကြောင်း၊ ရန်ကုန်မြို့တော်ကို မြို့တော်အင်္ဂါရပ်နှင့် ညီမျှအောင် မြို့ပြင် လမ်းကျယ်ကြီးများ တွင် အနည်းဆုံး ၅ ထပ်အမြင့်၊ အတွင်းလမ်းများတွင် အနည်းဆုံး ၃ ထပ်ဆောက်ရမည်ဟုအမိန့်ကြောငြာ စာများထွက်တာမျိုးလည်းရှိပါကြောင်း၊ ရန်ကုန်မြို့က မြန်မာပြည်၏ စီးပွားရေးမြို့တော်ဖြစ်သည့်အတွက် မြို့တော်၏ အင်္ဂါရပ်နှင့်ညီမျှအောင် အသစ်အဆန်းများ တိုက်သစ်များနှင့် တင့်တင့်တယ်တယ် ရှိသင့်သည့် မြို့တော်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အန္တရာယ်ရှိအဆောက်အဦအဖြစ် မြို့တော်စည်ပင်အင်ဂျင်နီယာက သတိပေးစာကပ်ပြီး အချိန်ကြာမြင့် လာသော်လည်း တိုက်သစ်ဖြစ်မလာသည့်ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာက မည်သို့စီစဉ် ဆောင်ရွက်မှုရှိပါသနည်း ဆိုသည်ကို မေးမြန်းပါသည်။ 


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန ၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
အဖြေ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း အန္တရာယ်ရှိနိုင်သော အဆောက်အအုံများကို ကော်မတီမှစစ်ဆေး၍ အန္တရာယ်ရှိအဆောက်အအုံအဖြစ်သတ်မှတ်ခြင်း၊ အဆောက်အအုံဟောင်းရှိ မူလနေထိုင်သူများကို ပြောင်းရွှေ့စေပြီး အဆောက်အအုံဟောင်းဖျက်သိမ်းခြင်းနှင့် အဆောက်အအုံ သစ်ဆောက်လုပ်ခြင်း၊ အဆောက်အအုံသစ်ပြီးစီးပါက မူလနေထိုင်သူများ ပြန်လည်နေရာချထားခြင်း တို့ကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်များနှင့်အညီ စိစစ်ဆောင်ရွက်လျက် ရှိရာ ၁၉၉၄ ခုနှစ်မှစ၍ ယနေ့အထိ လသာမြို့နယ်အတွင်း အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည့် အဆောက်အအုံပေါင်း ၂၁၄ လုံးရှိပါတယ်။ အထက်ပါ အန္တရာယ်ရှိအဆောက်အအုံ များအနက် ၁၆၂ လုံးမှာ အဆောက်အအုံသစ် ဆောက်လုပ်ပြီးစီးပြီးဖြစ်ပါတယ်။ ၂၀ လုံးမှာ ဆောက်လုပ်ဆဲအခြေအနေတွင်ရှိပြီး ကျန်အဆောက်အဦ ၃၂ လုံးအနက် ၁၉ လုံးမှာ အဆောက်အအုံ သစ်ဆောက်လုပ်ရန် ကော်မတီတွင် မူလနေထိုင်သူများ၊ မြေရှင်၊ ကန်ထရိုက်တာတို့နှင့်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ ယင်းသို့ ညှိနှိုင်းဆောင်ရွက်ရာတွင် အချို့အဆောက်အအုံများမှာ နေထိုင် သူများမှ ၎င်းတို့ရရှိမည့်အခန်းတွင် အမြင့်ပေပိုမိုတောင်းဆိုခြင်း၊ အဆောက်အအုံသစ်၏အနေအထား အရ ဓာတ်လေကားထည့်သွင်းရသည့်အတွက် နစ်နာကြေးတောင်းဆိုခြင်း၊ အချို့မှာ ပြောင်းရွှေ့မပေး ဘဲ အခန်းအစား ငွေတောင်းခံခြင်းစသည့် မူဘောင်ကျော်လွန်တောင်းခံမှုများရှိ၍ ညှိနှိုင်းမှုမပြီးပြတ် သေးသဖြင့် ဆောက်လုပ်နိုင်ခြင်းမရှိသေးပါ။

          ဆောက်လုပ်ရန်ကြန့်ကြာနေသည့် အဆောက်အအုံ ၁၃ လုံးအနက် ၃ လုံးမှာ အဆောက်အအုံ ဟောင်း ဖျက်သိမ်းပြီးဖြစ်ပါတယ်။ ကျန် ၁၀ လုံးတွင် စက်မှုဝန်ကြီးဌာနပိုင် အဆောက်အအုံ ၁ လုံးနှင့် ရဲစခန်း ၁ လုံးပါဝင်ပြီး ဖျက်သိမ်းဆောက်လုပ်ရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြောင်းကြားပြီး ဖြစ်ပါတယ်။ ကျန်အဆောက်အအုံများ ဆောက်လုပ်ရန်ကြန့်ကြာနေခြင်းမှာ မြေပိုင်ဆိုင်မှုဆောင်ရွက် သူနှင့် မူလနေထိုင်သူတို့ အငြင်းပွားမှုများရှိနေခြင်း၊ အချို့အဆောက်အအုံများမှာ မြေကွက် ၂ ကွက်ပေါ်တွင်တည်ရှိပြီး မြေရှင်နှစ်ဦး ညီညွတ်မှုမရှိခြင်း၊ မြေပိုင်ရှင်ရှိသော်လည်း မူလနေထိုင်သူ များနှင့် မြေရှင်တို့မှာ ကော်မတီသို့ အဆောက်အအုံသစ်ဆောက်လုပ်ရန် တင်ပြလာမှုမရှိခြင်း၊ ဆောက် လုပ်မည့် ကန်ထရိုက်တာများမှ အဆိုပြုပုံစံရေးဆွဲ တင်ပြလာမှုမရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။

          အန္တရာယ်ရှိ အဆောက်အအုံအဖြစ်သတ်မှတ်ပြီး အ‌ဆောက်အအုံသစ်ပြန်လည်ဆောက်လုပ်နိုင် ခြင်းမရှိသေးသည့် အဆောက်အဦများကို အသစ်ပြန်လည်ဆောက်လုပ်ရန်အတွက် မြေရှင်၊ နေထိုင်သူ၊ ကန်ထရိုက်တာတို့ကို ကော်မတီမှအကြိမ်ကြိမ် ညွှန်ကြားဆောင်ရွက်လျက်ရှိပါတယ်။ ယင်းတို့မှ ဆောင်ရွက်ရန်ပျက်ကွက်သဖြင့် ကြန့်ကြာနေရခြင်းဖြစ်ပြီး ကော်မတီမှလည်း ထပ်မံတွန်းအားပေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။