(စ)-နာဂတိုင်းရင်းသားများအားသီးခြားတိုင်းရင်းသားမျိုးနွယ်စု တစ်ခုဖြစ်ကြောင်း ဆန္ဒရယူပြီး သတင်း ထုတ်ပြန်ပေးရန်နှင့် တိုင်းရင်းသားမျိုးနွယ်စုကြီး ၈ စုနှင့် မျိုးနွယ်စုဝင်တိုင်းရင်းသားငယ်များအား အခြေခံဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း အခွင့်အရေးနှင့် ပါဝင်နိုင်မ

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၅.၇.၂၀၁၃)

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ ၂၇-၂-၂၀၁၃ ရက်နေ့မှာ ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၏ တိုင်းရင်းသား ၁၃၅ မျိုးနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမြင့်မှ တိုင်းရင်းသားလူမျိုးနွယ်စုကြီး ၈ စု အနက် ချင်းလူမျိုးနွယ်စု ၅၃ မျိုးတွင် နာဂတိုင်းရင်းသားများပါဝင်ကြောင်း မှတ်တမ်းများနှင့် ရှင်းလင်းခဲ့မှု အပေါ် ကျွန်တော်တို့ နာဂတိုင်းရင်းသားများဟာ ဘိုးဘွားစဉ်ဆက် မိမိတို့ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စာပေတို့နှင့်အတူ မြန်မာနိုင်ငံအတွင်းရှိ အခြားတိုင်းရင်းသား ညီအစ်ကိုများနှင့်အတူ လက်တွဲနေထိုင်ခဲ့ကြသော သီးခြားတိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်ကြောင်း အထောက်အထားများနဲ့ ရှင်းလင်းမေးမြန်းလိုတဲ့အတွက် ကျွန်တော်တို့ ဆဋ္ဌမအကြိမ် ပြည်သူ့လွှတ်တော် ပြီးဆုံးချိန်မှာ အောက်ပါအချက်များနဲ့ ကျွန်တော်တင်ပြချင်ပါတယ်။ (က) ၁၉၁၃ ခုနှစ်ထုတ် ဘားမား၊   မြန်မာနိုင်ငံ ပြန်တမ်း အထက်ချင်းတွင်းခရိုင် အတွဲ(အေ)ထုတ် စာမျက်နှာ ၂၆၊ စာပိုဒ် ၂ မှာ နာဂလူမျိုးသည် တောင်ဘက်ပိုင်းတွင်ချင်းလူမျိုး၊ မြောက်ဘက်ပိုင်းတွင် ကချင်လူမျိုးများနေထိုင်ကြသော ဒေသကြား တွင် နေထိုင်သည့် လူမျိုးများဖြစ်သည်လို့ ရေးထားပါတယ်။ နာဂသည် ချင်းလူမျိုးများနဲ့ ဘာသာ အားဖြင့် ကွာခြားသကဲ့သို့ သီးခြား လူမျိုးနွယ်စုဖြစ်သည်။ စာပိုဒ် ၅ မှာ နာဂလူမျိုးများနှင့် ချင်းလူမျိုး များမှာ အချို့ဒေသများတွင် အတူတကွရောနောနေထိုင်ကြသော်လည်း လူမျိုးချင်းမတူကြကြောင်း ဖော်ပြထားပါတယ်။ (ခ) တိုင်းရင်းသားလူမျိုးများအရေးနဲ့ ၁၉၄၇ အခြေခံဥပဒေ ပထမတွဲ စာမျက်နှာ ၃၄၁ မှာ တိုင်းရင်းသားလူမျိုးများ သဘောထားစုံစမ်းသိရှိရန်အတွက် တောင်တန်းဒေသစုံစမ်းရေး အဖွဲ့ကနေပြီးတော့မှ နာဂတောင်တန်းကို မြန်မာပြည်မ၏အစိတ်အပိုင်းအဖြစ်သော်လည်းကောင်း၊ ၎င်းတို့ဖံှ့ဖြိုးလာချိန်အထိ မြန်မာပြည်မ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင်လည်းကောင်း အုပ်ချုပ်စီမံ ထားသင့်ကြောင်း အကြံပြုထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ (ဂ) ဒုတိယကမ္ဘာစစ်မတိုင်မီ ၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ အထက်ချင်းတွင်းခရိုင်ကနေခွဲထွက်ပြီးတော့မှ နာဂတောင်တန်းခရိုင် အဖြစ် ဖွဲ့စည်းပေးခဲ့ပါတယ်။ နာဂတောင် တန်းခရိုင်ရုံးစိုက်ရာမြို့ကို စင်းကလင်း၊ ခန္တီးဖြစ်ပြီး နယ်နိမိတ်မှာ မြောက်ဘက်နဲ့ အနောက်ဘက်မှာ အိန္ဒိယနိုင်ငံအရှေ့ဘက်တွင် မြစ်ကြီးနားခရိုင်နဲ့ တောင်ဘက်မှာ အထက်ချင်းတွင်းခရိုင်၊ မော်လိုက်တို့ ဖြစ်ကြောင်းဖော်ပြထားပါတယ်။ (ဃ) နာဂ တောင်တန်းခရိုင်၏ သဘောထားသိရှိရန်နဲ့ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ဟာ ဆွမ္မရာဒေသလို့ ခေါ်တဲ့ နာဂတောင်တန်းကိုယ်စားလှယ်များ၏ သဘောထားကို ၁၉၄၇ ခုနှစ်၊ မတ်လ ၂၅၊ ၂၆ တွေ့ဆုံမှု အရ နာဂတောင်တန်းရဲ့ကိုယ်စားလှယ်များနဲ့တွေ့ဆုံပြီး အောက်ပါတင်ပြချက်များကို ရယူခဲ့ပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော်သို့ နာဂတောင်တန်းဒေသအတွက် ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခွင့်ပြု ရန်နှင့် နာဂတောင်တန်းဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အမြန်အရေးယူ ဆောင်ရွက်ပေးရန် နာဂတောင်တန်းကို မြန်မာပြည်မနဲ့ပူးပေါင်းစေလိုကြောင်း တင်ပြတာတွေ့ရမှာ ဖြစ်ပါတယ်။ (င) ထို့အတူပဲ ယနေ့ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၆ ပုဒ်မခွဲ (င)အရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တို့ကိုစုစည်း လျက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ပြည်နယ်ရရှိပြီး လူမျိုး နွယ်စုအတွက် သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထပ်မံပေးရန်အကြောင်းမရှိပါဘူး။ သို့ဖြစ်ပါ၍ နာဂတိုင်းရင်းသားမျိုးနွယ်စုသည် သီးခြားတိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်ကြောင်း ကျွန်တော့် အနေနဲ့ တင်ပြလိုပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ။ ကျွန်တော်တို့ နောင်တော် ချင်းတိုင်းရင်းသား ၅၃ မျိုးမှ နာဂတိုင်းရင်းသားမျိုးနွယ်စုအား သီးခြားမျိုးနွယ်စုတစ်ခုဖြစ်ကြောင်း သတ်မှတ်ပေးခြင်းအားဖြင့် ချင်းတိုင်းရင်းသားများအတွက်လည်း နစ်နာမှုမရှိပါဘူး။ သမိုင်းမှတ်တမ်းပညာရှင်တို့ရဲ့လွဲမှားချက်အရ ချင်းမျိုးနွယ်စု ၅၃ မျိုးတွင် ထည့် ထားသော နာဂတိုင်းရင်းသားတို့အား ကြည်ဖြူစွာပြန်ပြီးတော့မှ ထုတ်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်မှာ ကျွန်တော်တို့ နာဂတိုင်းရင်းသားများနေထိုင်တဲ့ အာသံပြည်နယ်၊ မဏိပူရနှင့် နာဂလိုက်ပြည်နယ်၊ အာရိုနယ်ဂျာပြည်နယ်တို့မှာ လက်ရှိအိန္ဒိယနိုင်ငံဘက်မှာ နာဂတိုင်းရင်းသား လူမျိုး ၄၉ သိန်းကျော် ယနေ့လက်ရှိနေထိုင်လျက်ရှိပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ အခြားတိုင်းနှင့်ပြည်နယ်တို့မှာလည်းပဲ နာဂတိုင်းရင်းသားများ ၃ သိန်းခွဲကျော် လက်ရှိနေထိုင်လျက် ရှိပါတယ်။ သို့သော်လည်းပဲ ယနေ့ ဝန်ကြီးဌာနအချို့အနေနဲ့ ချင်းပြည်နယ်၊ လေရှီး၊ လဟယ်၊ နန်းယွန်း ဆိုပြီးတော့မှ တချို့ဖော်ပြနေပါတယ်။ ဥပမာအားဖြင့် ၂၀၁၃ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လဟယ်မြို့မှာကျင်းပခဲ့တာကို ချင်းပြည်နယ်၊ လဟယ်မြို့တွင် ၂၀၁၃ ခုနှစ် နာဂနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်ဆိုပြီးတော့မှ ဂျာနယ်တစ်အုပ်မှာ ဖတ်ရှုရပါတယ်။ ဒါ့ကြောင့် မှန်ကန်စွာသုံးသွားနိုင်ရေးအတွက် ကျွန်တော် ဒီမေးခွန်းကို မေးမြန်း ရခြင်းဖြစ်ပါတယ်။

လေးစားရပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များခင်ဗျား။ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုကြီး၊ လူမျိုးစုငယ်တို့ရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အရေးဟာအင်မတန်ရှုပ်ထွေးပါတယ်။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်းရှေ့တန်းတိုးနိုင်ရေးအတွက် အတူတကွ လက်တွဲ နေထိုင်ပြီး ဗဟိုရည်မှန်းချက်ဦးထိပ်ထားလိုသော ပြည်ထောင်စုစိတ်ဓာတ် ထားရှိသွားရေးသာ အဓိက ဖြစ်ပါတယ်။  တိုင်းရင်းသားကြီး၊ တိုင်းရင်းသားငယ်တို့တွင် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသွားဖို့ အရေးအတွက် တန်းတူတာဝန်၊ အခွင့်အရေးရှိသလို လက်တွေ့ဘဝနေထိုင်မှုမှာလည်းပဲ လူမျိုးစုကြီး၊ လူမျိုးစုငယ်ဟု ခွဲခြားခြင်းမပြုဘဲရှိနေစေရန်အတွက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးမှတစ်ဆင့် နာဂတိုင်းရင်းသားများနဲ့ လူမျိုးနွယ်စုငယ်များကိုယ်စား သက်ဆိုင်ရာသို့ အောက်ပါမေးခွန်း ၂ ခု မေးမြန်း တင်ပြအပ်ပါတယ်။ (၁) နာဂတိုင်းရင်းသားများသည် သီးခြားမျိုးနွယ်စုတစ်ခုဖြစ်ကြောင်း ဆန္ဒရယူပြီးတော့မှ သတင်းထုတ်ပြန်ပေးရန် အစီအစဉ်ရှိ/မရှိ။ (၂) တိုင်းရင်းသားလူမျိုးနွယ်စု ၈ စုနဲ့ တိုင်းရင်းသားမျိုးနွယ်စု ငယ်တိုင်းရင်းသားများသည် အခြေခံဥပဒေပါပြဋ္ဌာန်းချက်အတိုင်း ရပိုင်ခွင့်နှင့် တာဝန်တို့တွင် တန်းတူဖြစ်သလို အခွင့်အရေးနှင့် ပါဝင်စေမှုတို့မှာ လက်တွေ့ဘဝတန်းတူ ဆောင်ရွက် ပေးသွားရန် အစီအစဉ် ရှိ/မရှိ မေးမြန်း ပါသည်။

ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဝင်းမြင့်
အဖြေ

နာဂတိုင်းရင်းသားများ သည် ချင်းမျိုးနွယ်စုနှင့်သီးခြားတိုင်းရင်းသား မျိုးနွယ်စုတစ်ခုဖြစ်ကြောင်း စိစစ်လေ့လာ သတင်းထုတ် ပြန်ပေးရန် အစီအစဉ်ရှိ/မရှိ။ တိုင်းရင်းသားမျိုးနွယ်စုကြီး ၈ စုနှင့် မျိုးနွယ်စုဝင်တိုင်းရင်းသားငယ် များသည် အခြေခံဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ရပိုင်ခွင့်နှင့်တာဝန်တို့တွင် တန်းတူဖြစ်သလို အခွင့်အရေးနှင့် ပါဝင်နေမှုတို့ကို လက်တွေ့ဘဝတွင် ဆောင်ရွက်ပေးသွားရန်အစီအစဉ်ရှိ/မရှိ မေးမြန်းချက်နှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်စား ကျွန်တော်ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြန်လည်ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီး ပထမမေးမြန်းချက်ဖြစ်သည့် နာဂတိုင်းရင်းသားများသည် ချင်းမျိုးနွယ်စုကြီးတွင် မပါဘဲ သီးခြားတိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်ကြောင်း စိစစ်လေ့လာစုံစမ်း ရယူပြီး သတင်းထုတ်ပြန်ပေးရန် အစီအစဉ်ရှိ/မရှိဆိုသည့်မေးခွန်းနှင့်အလားတူပင် ရှမ်းွပည်နယ်၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးနှင့်ပတ်သက်၍ မည်သည့်အစိုးရလက်ထက်တွင် စာရင်းပြုစုပြီး ရရှိလာခဲ့သည်နှင့်စပ်လျဉ်းသည့်  မေးခွန်းအား ၂၇-၂-၂၀၁၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပြီးလည်းဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မှတ်တမ်းများအရ လူမျိုးစုကြီး ၈ စု ရှိပြီး တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိပါကြောင်း မျိုးနွယ်စုအတွက်အသေးစိတ်မှာ ကချင်မျိုးနွယ်စု ၁၂ စု၊ ကယားမျိုးနွယ်စု ၉ စု၊ ကရင်မျိုးနွယ်စု ၁၁ စု၊ ချင်းမျိုးနွယ်စု ၅၃ စု၊ ဗမာမျိုးနွယ်စု ၉ စု၊ မွန်မျိုးနွယ်စု ၁ စု၊ ကိုင်မျိုးနွယ်စု ၁ စု၊ ရခိုင်မျိုးနွယ်စု ၃၃ စု ဖြစ်ပြီး ချင်းမျိုးနွယ်စု ၅၃ စုတွင် အမှတ်စဉ် ၃၁ ၌ နာဂမျိုးနွယ်စု ပါဝင်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံတွင်နေထိုင်သော တိုင်းရင်းသားလူမျိုးနွယ်စု အမည်စာရင်းများ သတ်မှတ်ပြုစုရာတွင် တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းမှ သတ်မှတ်ပြုစု၍မရ နိုင်ပါ။ မြန်မာနိုင်ငံသမိုင်း ကော်မရှင်အကြံပေးအဖွဲ့နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှု ရုံးအကြံပေးအဖွဲ့၏အကြံပေးချက်များအရလည်းကောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း မတိုင်မီက ပြုလုပ်ခဲ့တဲ့သန်းခေါင်စာရင်းများတွင် ကောက်ယူရရှိခဲ့သော လူမျိုးအမည်စာရင်းများကို အခြေခံပြီးတော့မှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်၏ ညှိနှိုင်းပေးချက်အရ လည်းကောင်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဟူ၍ ပေါ်ပေါက်လာခြင်းပဲဖြစ်ပါတယ်။ ၂၆-၉-၁၉၉၀ ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင်လည်း လူမျိုး ၁၃၅ မျိုးစာရင်းမှာ ၁၉၃၁ ခုနှစ်တွင် ပြုစုခဲ့သောသန်းခေါင်စာရင်းအရ လူမျိုးစုစာရင်းပေါ်မှာ အခြေခံ၍လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းအရလည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းစာပေနှင့်ယဉ်ကျေးမှုရုံး အကြံပြုချက်နှင့် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပေးချက် အရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီ ဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ၏ ညှိနှိုင်းပေးချက်အရလည်းကောင်း၊ လူမျိုးစုစာရင်း များကို အချိန်ယူပြုစုခဲ့ကြရာ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဟူ၍ ဖော်ပြထားရှိတဲ့အတိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးရှိပြီး ယနေ့ထိတိုင်အသုံးပြုလျက်ရှိပါသည်။ဖော်ပြပြီးမှတ်တမ်းများအရလည်းကောင်း၊ ၁၉၉၃ ခုနှစ် သန်းခေါင်စာရင်းနှင့် ၁၉၅၃-၁၉၅၄ ခုနှစ်လူမျိုးစုစာရင်းများအရလည်းကောင်း၊ မြန်မာနိုင်ငံသမိုင်းကော်မရှင် အကြံပေးအဖွဲ့နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံးအကြံပေးအဖွဲ့တို့ရဲ့ အကြံပြုချက်အရလည်းကောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ဗဟိုကော်မတီဌာနချုပ်၊ တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ၏ ညှိနှိုင်းပေးချက်အရလည်းကောင်း၊ နာဂလူမျိုးစုပေါင်း အစဉ်အဆက်ကပင် ချင်းမျိုးနွယ်စုတွင် ထည့်သွင်း ထားခဲ့ခြင်း ဖြစ်ကြောင်းနှင့် နာဂတိုင်းရင်းသားများသည် သီးခြားတိုင်းရင်းသားမျိုးနွယ်စုဖြစ်ကြောင်း စိစစ်လေ့လာအတည်ပြုရာ မှာ တိုက်ရိုက်သက်ဆိုင်ရာဌာနများ စာရင်းစစ်ဆောင်ရွက်ပေးခြင်းသာ ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ နာဂတိုင်းရင်းသားများဟာ ချင်းမျိုးနွယ်စုတွင်မပါဘဲ သီးခြားတိုင်းရင်းသား မျိုးနွယ်စုတစ်ခုဖြစ်ကြောင်း တရားဝင်မှတ်တမ်းမှတ်ရာ အထောက်အထားများအရ စိစစ်လေ့လာ ပြောဆိုခြင်းဖြစ်၍ ညွှန်ကြားချက်တစ်စုံတစ်ရာမရှိဘဲနှင့် ပြင်ဆင်သတင်းထုတ်ပြန်ရန် အစီအစဉ်မရှိပါ ကြောင်း ဖြေကြားအပ်ပါတယ်။ အလားတူပဲ တိုင်းရင်းသားမျိုးနွယ်စုကြီး ၈ စုနှင့် မျိုးနွယ်စုဝင် တိုင်းရင်းသားငယ်များသည် အခြေခံဥပဒေပါပြဋ္ဌာန်းချက်များ အတိုင်း ရပိုင်ခွင့်နှင့်တာဝန်တို့တွင် တန်းတူဖြစ်စေရန် လက်တွေ့ဘဝတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြား ပါသည်။