(င)-မော်တော်ယာဉ်အို၊ မော်တော်ယာဉ် ဟောင်းများအား လဲလှယ်ပေးခဲ့သကဲ့သို့ မော်တော်ဆိုင်ကယ် အဟောင်းများကို အစီအမံတစ်ခုအဖြစ် စီမံပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအေ၀ (၁၅) ရက်မြောက်နေ့ (၆.၂.၂၀၁၃)

နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးတဲ့ ယာဉ်အို၊ ယာဉ်ဟောင်းများ လဲလှယ်ပေးတဲ့ကိစ္စဟာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းမှုရှိပါတယ်။ နိုင်ငံတော် အစိုးရရဲ့စေတနာဟာလည်း ပေါ်လွင်ခဲ့ပါတယ်။ သို့သော် ကားစီးနိုင်တဲ့ နိုင်ငံသားအရေအတွက်ဟာ ရာခိုင်နှုန်းအားဖြင့် နည်းပါးပါတယ်။ ဒီနေ့နိုင်ငံသား အများစုအတွက် လူဦးရေအများစုနေထိုင်တဲ့ ကျေးလက်နေအခြေခံလူထုတစ်ရပ်လုံးအတွက် မရှိမဖြစ်သဖွယ်အဓိကလိုအပ်လာတာ အသုံးပြုလာ နိုင်တာကတော့ မော်တော်ဆိုင်ကယ်များသာ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ အခြေခံလူထုလူတန်းစား အလွှာ အသုံးပြုတဲ့ မော်တော်ဆိုင်ကယ်အများစုဟာ ကျေးလက်နေ လူထုအများစုဝယ်ယူစီးနိုင်တဲ့ ဈေးနှုန်းနဲ့ဝင်ရောက်လာတဲ့ တရုတ်ဆိုင်ကယ်များ ဖြစ်ကြပါတယ်။ ၁၀ စုနှစ်တစ်ခုသာ ထွန်းကားရ သေးတဲ့ မြန်မာနိုင်ငံအတွင်းက တရုတ်ဆိုင်ကယ်ယဉ်ကျေးမှုနှင့်အတူ ဆိုင်ကယ်အို၊ ဆိုင်ကယ်ဟောင်း များဟာလည်း အိမ်တိုင်းမှာလိုလို ပုံလျက်သားရှိနေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မော်တော်ယာဉ် အို၊ ယာဉ်ဟောင်းများအား လဲလှယ်ပေးနေသကဲ့သို့ နိုင်ငံသားလူဦးရေအများစုရဲ့ အကျိုးအတွက် မော်တော်ဆိုင်ကယ်အဟောင်းများကို အစီအမံတစ်ခုအဖြစ် စီစဉ်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသည့်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်မှ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မော်တော်ယာဉ်အို၊ မော်တော်ယာဉ်ဟောင်းများ အား လဲလှယ်ပေးခဲ့သကဲ့သို့ မော်တော်ဆိုင်ကယ်အဟောင်းများကို အစီအမံတစ်ခုအဖြစ် စီမံပေးရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းလာပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူတို့၏ အကျိုးငှာ ပြည်တွင်းမှာ လက်ရှိအသုံးပြုနေတဲ့ အိုမင်းဟောင်းနွမ်းနေတဲ့ ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များဟာ စက်သုံးဆီ ပိုမိုသုံးစွဲရခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်ခြင်း၊ မော်တော်ယာဉ်များရဲ့ ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် မတော်တဆမှုများဖြစ်ပေါ်ခြင်း၊ သက်တမ်းကြာမြင့်တဲ့ ယာဉ်များဖြစ်တဲ့အတွက် ကြောင့် အပိုပစ္စည်းရှားပါးပြီး ပြန်လည်ပြုပြင်ရန်  အခက်အခဲများရှိခြင်း၊ ယာဉ်အိုယာဉ်ဟောင်းများ လမ်းခရီးမှာ ချို့ယွင်းမှုဖြစ်ခြင်းကြောင့် ယာဉ်ကြောများပိတ်ဆို့မှုဖြစ်ခြင်းနှင့် ယာဉ်များမှထွက်တဲ့ မီးခိုးငွေ့များဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးစေခြင်း စတဲ့အချက်များကြောင့် အစားထိုးလဲလှယ်နိုင် ရေး စီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ်များကို သွင်းကုန်လိုင်စင်နဲ့ ပြည်ပမှ တရားဝင်တင်သွင်းခွင့်ပြုခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တရားဝင်တင်သွင်းခွင့်ပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။  တရားဝင်တင်သွင်းလာသော မော်တော်ဆိုင်ကယ်များကို  ပြည်နယ် နှင့်တိုင်းဒေသကြီးများမှာရှိတဲ့ မြို့ကြီးများမှာ ကုမ္ပဏီအရောင်းပြခန်းများ ဖွင့်လှစ်ပြီးတော့  ရောင်းချ ခွင့်ပြုလျက်ရှိခြင်းနှင့် စက်မှုဇုန်ထုတ်မော်တော်ဆိုင်ကယ်များကိုလည်း မည်သူမဆို ဆိုင်ကယ် အဟောင်းအပ်နှံရန်၊ လဲလှယ်ရန်မလိုဘဲ  လွတ်လပ်စွာ ဝယ်ယူအသုံးပြုနိုင်ပါတယ်။

          မှတ်ပုံတင်မဲ့ယာဉ် မော်တော်ဆိုင်ကယ် (One Stop Service) နဲ့ ၁၉၉၉ ခုနှစ်မှစတင်၍ တရားဝင်မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ရာမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ ၈ ကြိမ် ဆောင်ရွက် ပေးခဲ့ပြီးတော့ မော်တော်ဆိုင်ကယ်စီးရေ စုစုပေါင်း ၂၈၃၀၀၀၀ ကျော် မှတ်ပုံတင်ပေးခဲ့ပြီး ဖြစ်ပါတယ်။  စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ပြည်တွင်းစက်မှုဇုန်များမှ မော်တော် ဆိုင်ကယ်များ ထုတ်လုပ်ရောင်းချလျက်ရှိရာမှာလည်း ပါမစ်မလိုဘဲ ဝယ်ယူသုံးစွဲနိုင်ခြင်းစတဲ့  ဆောင်ရွက်ပေးမှုများကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ ၃၁-၁-၂၀၁၃ ရက်နေ့အထိ မော်တော်ဆိုင်ကယ် စီးရေ ၃၁၇၀၀၀၀ ကျော် မှတ်ပုံတင်ဆောင်ရွက်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။ မှတ်ပုံတင်သက်တမ်း ကြာမြင့်တဲ့ ယာဉ်အို၊ ယာဉ်ဟောင်းများကို ယာဉ်ပိုင်ရှင်ရဲ့ ဆန္ဒအရ ဖျက်သိမ်းအပ်နှံခြင်းအတွက် အစားထိုးတင်သွင်းတဲ့ မော်တော်ယာဉ်များကို ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအပေါ်မှာ ရာခိုင်နှုန်း အလိုက် ထပ်မံလျှော့ပေါ့ကောက်ခံဆောင်ရွက်လျက်ရှိရာ "ပ" အက္ခရာအထိ အပ်နှံယာဉ်များကို ၄၀ ရာခိုင်နှုန်း၊ "ဗ" အက္ခရာမှစပြီးတော့ ၆၀ ရာခိုင်နှုန်း၊ လေလံယာဉ်များကို ၆၀ ရာခိုင်နှုန်း၊ Taxi အဖြစ် အသုံးပြုမည့်ယာဉ်တွေကို ၈၀ ရာခိုင်နှုန်းလျှော့ပေါ့ပေးလျက်ရှိပါတယ်။ မော်တော်ဆိုင်ကယ်များကို တော့ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ ကောက်ခံခြင်းလုံးဝမပြုခဲ့တဲ့အတွက်ကြောင့် လဲလှယ်အပ်နှံ ခြင်းအပေါ်မှာ ထပ်မံပြီးတော့လျှော့ပေါ့ပေးရန် မရှိတဲ့အတွက်ကြောင့် မော်တော်ဆိုင်ကယ်များကို ယာဉ်အို၊ ယာဉ်ဟောင်းကဲ့သို့ ဖျက်သိမ်းအပ်နှံခြင်းအားဖြင့် ပိုင်ရှင်များအတွက် အကျိုးဖြစ်ထွန်းမှု မရှိကြောင်း တွေ့ရှိရပါတယ်။  သို့ပါ၍ မော်တော်ဆိုင်ကယ်အဟောင်း ပိုင်ရှင်များအနေနဲ့ အသစ် တစ်စီး ထပ်မံဝယ်ယူရန်မှာ မိမိရဲ့ ဆိုင်ကယ်အဟောင်းကို အပ်နှံစရာမလိုဘဲ အရောင်းပြခန်း သို့မဟုတ် စက်မှုဇုန်ထုတ်မော်တော်ဆိုင်ကယ်များကို  လွတ်လပ်လွယ်ကူစွာ ဝယ်ယူနိုင်တဲ့ အခြေအနေ တွင်ရှိသဖြင့် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံအစားထိုးလဲလှယ်ပေးခဲ့သကဲ့သို့ မော်တော်ဆိုင်ကယ် အဟောင်းများအား အစားထိုးလဲလှယ်ပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားပါသည်။