(ည)-၂၀၁၅ ခုနှစ်တွင် AFTA သို့ဝင်ရောက်တော့မည်ဖြစ်ရာ SME လုပ်ငန်းများအနေဖြင့် အထောက်အကူဖြစ်ရန်အတွက် ဘဏ်ချေးငွေများကို တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းကောက်ခံမှုအား ပယ်ဖျက် ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ (၄.၇.၂၀၁၃)

SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် SME လုပ်ငန်းများအနေဖြင့် အရင်းအနှီး၊ နည်းပညာ၊ ကျွမ်းကျင်လုပ်သားများလိုအပ်ချက်ရှိပါကြောင်း၊ ၂၀၁၅ ခုနှစ်နှစ်တွင် AFTA ကိုဝင်ရောက်တော့မှာဖြစ်ပါကြောင်း၊ SME လုပ်ငန်းတွေအနေနှင့် အရင်းအနှီး အထောက်အကူဖြစ်ဖို့အတွက် ဘဏ်ချေးငွေကိုအားကိုးအားထားပြုနေရ တာဖြစ်ကြောင်း၊ SME လုပ်ငန်းရှင်များအနေများသည် ဘဏ်များမှငွေချေးသည့် အခါ တစ်နှစ်လျှင် ဘဏ်ချေးငွေ၏ တစ်ရာခိုင်နှုန်းကို သီးသန့်ကောက်ခံမှုအပေါ် အခက်အခဲများ၊ ဝန်ထုပ်ဝန်ပိုးများဖြစ်စေ ပါကြောင်း၊ ထို့ကြောင့် ဤကဲ့သို့ကောက်ခံနေသော ဘဏ်ချေးငွေအပေါ် တစ်ရာခိုင်နှုန်း ကောက်ခံမှုအား ပယ်ဖျက် ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။


ဖြေကြားသူ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၂၀၁၅ ခုနှစ်မှာAFTA ကိုဝင်ရောက်တော့မည်ဖြစ်ရာ SME လုပ်ငန်းများအနေဖြင့် အထောက်အကူ ဖြစ်ရန်အတွက် ဘဏ်ချေးငွေများကိုချေးရာတွင် တစ်နှစ်လျှင် ကောက်ခံနေသည့် ဘဏ်ချေးငွေများအပေါ် တစ်ရာခိုင်နှုန်းကောက်ခံမှုအား ပယ်ဖျက်ပေးနိုင်ခြင်းရှိ။မရှိနှင့်စပ်လျဉ်းတဲ့ မေးခွန်းနှင့်ပတ်သက်ပြီး တော့ ဖြေကြားသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံပိုင်ဘဏ်များအပါအဝင် ပုဂ္ဂလိကဘဏ် များဟာ အပ်ငွေများလက်ခံခြင်း၊ ချေးငွေများထုတ်ချေးခြင်းစတဲ့ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရာမှာ အများပြည်သူများအပ်ငွေများနဲ့ လည်ပတ်ဆောင်ရွက်နေခြင်းဖြစ်တဲ့အတွက် အများပြည်သူတို့ရဲ့အပ်ငွေများဆုံးရှုံးမှုမရှိဖို့လိုအပ်သလို ထုတ်ချေးထားတဲ့ချေးငွေများ ရာနှုန်းပြည့် ပြန်လည်ကောက်ခံနိုင်ဖို့လည်းလိုအပ်ပါတယ်။ ဘဏ်များရဲ့အဓိကဝင်ငွေဟာ ချေးငွေထုတ်ချေးခြင်းမှ ရရှိခြင်းဖြစ်ပြီးတော့မှ အပ်ငွေအပေါ်ပေးတဲ့အတိုးနှုန်းနှင့် ချေးငွေအပေါ်ကောက်ခံတဲ့အတိုးနှုန်းတို့ရဲ့ ကွာခြားချက်က ဘဏ်တွေရဲ့ဝင်ငွေအဖြစ်ရရှိခြင်းဖြစ်ပါတယ်။ ဒီလိုဝင်ငွေရရှိပေမယ့်လည်း ဘဏ်တွေ ဟာ ဥပဒေအရ အထွေထွေသီးသန့်ငွေဆုံးရှုံးနိုင်ခြေရှိတဲ့ချေးငွေများအတွက် အထွေထွေလျာထားငွေ၊ အရေးပေါ်သီးသန့်ငွေတို့အတွက် နှစ်စဉ်မဖြစ်မနေလျာထားမှုများလည်းပြုလုပ်ရပါတယ်။ ဘဏ်များ အနေနဲ့ မိမိတို့ရဲ့အစုရှယ်ယာရှင်တွေကို အမြတ်ဝေစုပေးနိုင်ဖို့အတွက်လည်း အမြတ်ရရှိရေး ဆောင်ရွက်ရတာဖြစ်ပါတယ်။ နိုင်ငံတကာဘဏ်များမှာလည်း ချေးငွေထုတ်ချေးရာမှာ ဘဏ်အတိုးနှုန်း နှင့် ဝန်ဆောင်မှုစရိတ် သို့မဟုတ် စီမံခန့်ခွဲမှုစရိတ်တွေကိုကောက်ခံလျက်ရှိပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ယခင်ကချေးငွေအပေါ်ဝန်ဆောင်ခကို တစ်ရာခိုင်နှုန်းကနေပြီးတော့အများဆုံး သုံးရာခိုင်နှုန်းကောက်ခံဖို့သတ်မှတ်ထားခဲ့ရာကနေပြီးတော့ ၁-၇-၂၀၀၉ရက်နေ့မှစပြီးတော့ အများဆုံး တစ်ရာခိုင်နှုန်းသာကောက်ခံရန် ပြင်ဆင်သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံပိုင်ဘဏ်များ နှင့် ပုဂ္ဂလိကဘဏ်များအနေနဲ့ အများပြည်သူအပ်ငွေအပေါ်မှာ အတိုးနှုန်းရှစ်ရာခိုင်နှုန်းပြန်လည် ပေးပြီးတော့မှ ချေးငွေပေါ်မှာ အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းနှင့် လုပ်ငန်းရှင်တွေကိုထုတ်ချေးလျက်ရှိ ပါတယ်။ ဘဏ်ချေးငွေများထုတ်ချေးရာမှာ ချေးငွေအပေါ် တစ်ရာခိုင်နှုန်းသီးသန့်ကောက်ခံနေမှု နှင့်စပ်လျဉ်းပြီး စက်မှုဝန်ကြီးဌာန၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ကို မေးမြန်းခဲ့ရာမှာ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အထူးကိစ္စတစ်ရပ်အနေနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်းမှာ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ကိုအတိုးနှုန်း ၈.၂၅ ရာခိုင်နှုန်းနှင့် ကျပ် ၅ ဘီလီယံထုတ်ချေးခဲ့ပေးပြီးတော့ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှအတိုးနှုန်း ၈.၅ ရာခိုင်နှုန်းနဲ့လုပ်ငန်းရှင် ၄၉၅ ဦးကို ချေးငွေကျပ် ၇၂၂၆၂.၇၁ သန်း၊ စက်မှုလုပ်ငန်းရှင်များသို့ ချေးငွေကျပ် ၂၆၉၇၂.၈၀ သန်း၊ စုစုပေါင်းကျပ် ၉၉၂၃၅.၅၁ သန်းထုတ်ချေးပေးထားပြီးဖြစ်ကြောင်းနှင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ချေးယူငွေနှင့် ထုတ်ချေးငွေအပေါ်ကွာခြားချက် ဝ.၂၅ ရာခိုင်နှုန်း နှင့် ဘဏ်ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းအပါအဝင် ဝင်ငွေအဖြစ် ၁.၂၅ ရာခိုင်နှုန်း သာရရှိကြောင်းသိရှိရ ပါတယ်။ သို့ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့ ဘဏ်ချေးငွေအပေါ် ကောက်ခံတဲ့ ဝန်ဆောင်ခတစ်ရာခိုင်နှုန်းကို အသေးစားနှင့်အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ပယ်ဖျက်ပေးနိုင်ခြင်းမရှိသေးပါကြောင်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေရဲ့လုပ်ငန်း လုပ်ကိုင်မှုရှင်သန်ရပ်တည်မှုအခြေအနေအသေးစိတ်ကို စိစစ်သုံးသပ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်လင်းဖြေကြား ပါသည်။