(ခ)-ပဲခူးမြို့နယ်တွင်နည်းပညာတက္ကသိုလ်၊ကွန်ပျူတာ တက္ကသိုလ်နှင့်ဆရာအတတ်သင်သိပ္ပံကျောင်းများ ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှီနှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၂၁.၈.၂၀၁၃)

ဦးကြင်သိန်း (ပဲခူး)ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး ရပ်ကွက်ကြီး ၃၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၈ အုပ်စုနှင့် ကျေးရွာပေါင်း ၂၂၉ ရွာ၊ လူဦးရေအားဖြင့် ၄၅၀၀၀၀ ခန့်ရှိပါသည်။ ဆက်စပ်မြို့နယ်များဖြစ်သော သနပ်ပင်၊ ကဝ၊ ဒိုက်ဦး၊ ညောင်လေးပင် ၊ ဝေါ၊ ရွှေကျင်နှင့် ကျောက်တံခါး မြို့နယ်များတွင်လည်း လူဦးရေစုစုပေါင်း ၂၁ သိန်းကျော်ခန့်ရှိပါသည်။ တိုင်းအဆင့်ဆိုင်ရာ ရုံးများ၊ တိုင်းအဆင့် ပြည်သူ့ဆေး ရုံကြီး၊ ပဲခူး တက္ကသိုလ် စသည်တို့အပြင် မကြာမီပေါ်ထွန်းလာမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး နှင့်အတူ မြို့ပြဆိုင်ရာအဆောက်အဦများ၊ အဆင့်မြင့်လူနေမှု စနစ်များနှင့် လူဦးရေတိုးတက်မှု များလည်း ရှိလာမည်ဖြစ် ပါသည်။ ယခင်အစိုးရလက်ထက်က တိုင်းစစ်ဌာနချုပ်ရုံး စိုက်ရာ တောင်ငူမြို့ ကိုဗဟိုပြုပြီး တိုင်းအဆင့်ဌာနဆိုင်ရာ ရုံးများ တောင်ငူမြို့ကို ပြောင်းရွှေ့စေခဲ့သည့် အတွက် တောင်ငူမြို့တွင် တောင်ငူတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ဆရာအတတ်သင် သိပ္ပံကျောင်းများ ဖွင့်လှစ်ခဲ့ရာ ပဲခူးမြို့ကိုလည်း တိုင်းမြို့တော်အင်္ဂါရပနှင့်အညီ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ဆရာအတတ်သင်သိပ္ပံများ ဖွင့်လှစ်ပေးမည်ဆိုပါက ပဲခူးခရိုင် အတွင်းရှိ ကျောင်းသားကျောင်းသူများ အနေဖြင့် ငွေကြေးကုန်ကျမှုသက်သာခြင်း၊ အချိန်ကုန်လူပင်ပန်းမှုသက်သာခြင်းစသည့် အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ဆရာအတတ်သင် သိပ္ပံကျောင်းများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးမှာ ဖွင့်လှစ်ပေးမည်နည်းနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ကို သိရှိလိုပါကြောင်းမေးမြန်း ပါသည်။


 

ဖြေကြားသူ
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်
အဖြေ

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ ပဲခူးတိုင်း ဒေသကြီး အရှေ့ဘက်၌ တည်ရှိသော တောင်ငူမြို့တွင် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်။ ပဲခူးတိုင်းဒေသကြီး အနောက်ဘက်၌ တည်ရှိသော ပြည်မြို့တွင် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်။ ပဲခူးတိုင်းဒေသကြီးနှင့် နယ်နိမိတ် ဆက်စပ်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် (ဗဟန်းနယ်မြေ) တို့ကိုဖွင့်လှစ်၍ ကျောင်သားကျောင်းသူများအား ပညာ သင်ကြားပေးလျက် ရှိသည့်အပြင် ICT နည်းပညာဆိုင်ရာမဟာဘွဲ့ရရှိပြီး ပညာဆက်လက်လေ့လာလိုသူ များအတွက် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာသင်တန်း လှိုင်တက္ကသိုလ်နယ်မြေ ကိုလည်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါသည်။

ထို့အတူ မြန်မာနိုင်ငံတွင် ဆရာအတတ်သင်ကျောင်းများကို ၁၈၇၆ ခုနှစ်မှစ၍ ရန်ကုန်မြို့တွင် လည်ကောင်း၊ ၁၈၈၁ ခုနှစ်တွင် စစ်တွေမြို့နှင့် မော်လမြိုင်မြို့များတွင် လည်ကောင်း စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၃၁ ခုနှစ်တွင် ရန်ကုန်မြို့၌ ဆရာဖြစ်သင်ကောလိပ်ဟုလည်ကောင်း၊ ၁၉၄၇ ခုနှစ်တွင် ဆရာအတတ်သင် သိပ္ပံကျောင်းများ ဟုလည်ကောင်း ဖွင့်လှစ်ပေးခဲ့ပါသည်။

ပညာရေးဝန်ကြီးဌာန အနေဖြင့် ၁၉၉၈ ခုနှစ်မှစတင်၍ ဆရာအတတ်သင်ကျောင်းနှင့် ဆရာအတတ်သင်သိပ္ပံများကို ပညာရေး ကောလိပ်ဟု အဆင့်မြှင့်တင်ပြောင်းလဲခဲ့ပြီး ဒီပလိုမာဘွဲ့ကို ပေးအပ်လျက်ရှိသည့်အပြင် ပဲခူးတိုင်းဒေသကြီး အရှေ့ဘက် တောင်ငူမြို့နှင့် ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ရှိပြည်မြို့တို့တွင် ပညာရေး ကောလိပ်များကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီးနှင့် နယ်နိမိတ် ဆက်စပ်လျက် ရှိသည့် ဒေသများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော တက္ကသိုလ်အရေအတွက်နှင့် တက်ရောက် သည့် ကျောင်းသား ဦးရေ အရေ အတွက်မှာ ညီညွတ်မျှတမှုရှိခြင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ယခင်ဖွင့်လှစ်ခဲ့သော ဆရာအတတ်သင်ကျောင်းနှင့် ဆရာအတတ်သင်သိပ္ပံများကို ပညာရေး ကောလိပ်များအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးထားပြီး ဖြစ်သည့်အတွက် ပဲခူးမြို့နယ်တွင် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် ဆရာအတတ်သင် သိပ္ပံကျောင်းများ ထပ်မံဖွင့်လှစ် ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။