(ခ)-အမရပူရ မြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးသွယ်တန်း အသုံးပြုလျက်ရှိသော ကျေးရွာများ၌ နိုင်ငံတော်မှ သတ်မှတ်သော လျှပ်စစ်မီတာ တစ်လုံး၏ ကျသင့်ငွေဖြင့် ကျေးလက်နေ သာမန်ပြည်သူများ သုံးစွဲနိုင်ရန် အတွက် ဆောင်ရွက်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအေ၀ (၁၄) ရက်မြောက်နေ့ (၅.၂.၂၀၁၃)

(ခ)-အမရပူရ မြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးသွယ်တန်း အသုံးပြုလျက်ရှိသော ကျေးရွာများ၌ နိုင်ငံတော်မှ သတ်မှတ်သော လျှပ်စစ်မီတာ တစ်လုံး၏ ကျသင့်ငွေဖြင့် ကျေးလက်နေ သာမန်ပြည်သူများ သုံးစွဲနိုင်ရန် အတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ  နှင့် စပ်လျဉ်းသည့် မေးခွန်း။

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာအချို့ဟာ ကိုယ့်အားကိုယ်ကိုးအစီအစဉ်နဲ့ လျှပ်စစ်မီးရရှိရေးအတွက် မီတာတစ်လုံးလျှင်ကျပ် ၅၀၀၀၀၀ ကနေ ပြီးတော့ ၇၀၀၀၀၀ အထိကုန်ကျခံပြီး နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် လျှပ်စစ်မီးသွယ်တန်းပြီး လျှပ်စစ်မီးသုံးစွဲလျက်ရှိကြပါတယ်။ မီတာတစ်လုံးကို ကျပ် ၅၀၀၀၀၀ ကနေ ၇၀၀၀၀၀ အထိ အကုန်ကျခံပြီး လျှပ်စစ်မီးသွယ်တန်းအသုံးပြုနေကြသူများဟာ လုပ်ငန်းရှင်များနှင့် အတော်အသင့် ငွေကြေးတတ်နိုင်သူလူလတ်တန်းစားလောက်သာဖြစ်ပြီးတော့ ကျေးလက်နေသာမန်ပြည်သူများဟာ ငွေကြေးထည်‌့ဝင်နိုင်မှုမရှိကြ၍ လျှပ်စစ်မီးသုံးစွဲခွင့်မရကြဘဲ တစ်စနဲ့တစ်စလူနေမှုအဆင့်အတန်း ကွာခြားလာသည်ကို ပြည်သူတို့အနေဖြင့် အားငယ်စိတ်များဖြစ်ပေါ်ခံစားလျက်ရှိကြကြောင်း အမရပူရမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးသို့လာရောက်ပြီး တင်ပြခဲ့ကြပါတယ်။ ကျေးလက်ဒေသကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီးလင်းရေးကော်မတီဝင်များကို လျှပ်စစ် စွမ်းအားဝန်ကြီးဌာနကချမှတ်ထားသော စည်းကမ်းချက်များကိုလည်း ကျွန်တော်တို့အနေနဲ့ သိရှိ နားလည်သဘောပေါက်ပါတယ်။ သို့ပါသော်လည်း ၎င်းစည်းကမ်းချက်များဟာ အခြေခံဥပဒေ မပေါ်ပေါက်ခင်အချိန်ကတည်းက ထုတ်ပြန်ထားချက်များဖြစ်တာနှင့်အညီ အခြေခံဥပဒေနဲ့ညီ၊ မညီ။ ပြည်သူကိုအမှန်တကယ်အကျိုးပြုခြင်းရှိ၊ မရှိကို ပြန်လည်သုံးသပ်သင့်ကြောင်းကိုလည်း ကျွန်တော့် အနေနဲ့တင်ပြအပ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူတို့ရဲ့အသံကို စဉ်ဆက်မပြတ်နားထောင်လျက်ရှိကြပါတယ်။ ပြည်သူ့အသံ လွှတ်တော်အသံဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒ ဟာလည်း လွှတ်တော်ရဲ့ဆန္ဒဖြစ်ပါတယ်။ ပြည်သူတို့ရဲ့မျှော်လင့်ချက်ကို ကျွန်တော်တို့က ဖော်ဆောင်နိုင်စေရေးအလို့ငှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးသွယ်တန်းအသုံးပြုလျက်ရှိသောကျေးရွာများ၌ နိုင်ငံတော်မှလျှပ်စစ်ထရန်စဖော်မာများ တပ်ဆင်ပြီး နိုင်ငံတော်မှသတ်မှတ်သော လျှပ်စစ်မီတာတစ်လုံး၏ကျသင်‌့ငွေဖြင့် ကျေးလက်နေသာမန် ပြည်သူတို့သုံးစွဲနိုင်ရန်အတွက် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါကမည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာမေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းမှာ ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီးသွယ်တန်း အသုံးပြုလျက် ရှိသော ကျေးရွာများမှာ မီးလင်းရေး ဆောင်ရွက်ရာမှာ မီးလင်းရေးကော်မတီများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ချမှတ်ထားသော ဝန်ခံကတိပြုလိုက်နာဆောင်ရွက်ရမည့်အချက် ၂၄ ချက်နှင့်အညီ လိုအပ်သောပစ္စည်းများကို ကျေးရွာမှကိုယ့်အားကိုယ်ကိုးစုဆောင်းငွေဖြင့်သာ လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ မီးလင်းရေး ကော်မတီအနေနဲ့ ကျေးရွာပြည်သူလူထု၏ဆန္ဒအတိုင်း သဘောတူညီချက်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး တော့ ထရန်စဖော်မာများတပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းများတည်ဆောက်ခြင်းနှင့် လုပ်ငန်းများကို မီးလင်းရေးကော်မတီမှဆောင်ရွက်ပြီးစီးပါက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ မီတာတပ်ဆင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လောလောဆယ်တွင် နိုင်ငံတော်မှကျေးရွာများအတွင်း ဓာတ်အား လိုင်းများ၊ ထရန်စဖော်မာများတည်ဆောက်တပ်ဆင်ခြင်းကိုဆောင်ရွက်ပေးရန်အတွက်မှာ မီးမလင်း သေးသောကျေးရွာပေါင်း ၄၀၀၀၀ ကျော်ရှိသည့်အတွက်  လောလောဆယ်မှာဆောက်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်မီတာတစ်လုံး၏တပ်ဆင်ရန်ကျသင့်ငွေကို မြို့နေ ပြည်သူလူထုနှင့် ကျေးလက်နေပြည်သူလူထုတို့အတွက် နှုန်းထားတစ်ခုတည်းဖြင့်သာသတ်မှတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းဖြေကြားပါသည်။