(င)-အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ်ထုတ်ပြန်နိုင်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၆.၃.၂၀၁၃)

 

နိုင်ငံဟာ ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် နိုင်ငံရေးအပြောင်းအလဲနှင့်တစ်ပါတည်း စီးပွားရေးအပြောင်းအလဲကိုပါ တစ်ပြိုင်နက် တည်းဖော်ဆောင်အကောင်အထည်ဖော်ရမယ့် နိုင်ငံရေးအနေအထားကို ရောက်ရှိနေပါတယ်။ ယခု ကာလအနေအထားမှာ ‌ဖြေလျှော့ဖို့ ကျန်ရှိနေတဲ့ အရာတွေ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ‌ဖြေလျှော့ ပေးနိုင်မှသာ ရှေ့မှာလျှောက်လှမ်းရမယ့် အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ နိုင်ငံရေးအပြောင်းအလဲ ကြီးများကို အဟန့်အတားမရှိထိထိရောက်ရောက်ဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အနေနဲ့ မမှိတ်မသုန်ယုံကြည်ပါတယ်။ ယခင်စစ်အုပ်ချုပ်ရေးကာလမှာ အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍတွေမှာ ရော၊ တရားဥပဒေစိုးမိုးမှုမှာရော အဆင့်ဆင့် ချို့ယွင်းအားနည်းချက်တွေ အများအပြား ဖြစ်ပေါ်ခဲ့တာ တွေကို တွေ့ရပါတယ်။ အထူးသဖြင့် ဈေးကွက်စီးပွားရေးလို့ သုံးနှုန်းတဲ့တိုင်အောင် နိုင်ငံရဲ့ အရေးပါ တဲ့ စီးပွားရေးလုပ်ငန်းတွေကို အများစုဟာ အာဏာအဝန်းအဝိုင်းနဲ့ပတ်သက်ဆက်နွယ်သူများရဲ့ စီးပွားရေးသာ ဖြစ်ခဲ့ပြီးတော့ မြန်မာ့စီးပွားရေးဟာ လူနည်းစုရဲ့လက်ထဲမှာသာရှိခဲ့ပါတယ်။ ယခုအခါ အုပ်ချုပ်ရေးစနစ်ပြောင်းခဲ့ပြီဖြစ်သော်လည်းပဲ စီးပွားရေးလည်ပတ်မှုပုံသဏ္ဍာန်ဟာဆိုလို့ရှိရင် ယခင် အတိုင်းပဲ ရှိနေဆဲဖြစ်တာကို တွေ့မြင်နေရပါတယ်။

အခုလို စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ပိုင်ခွင့်တို့ဟာ လူနည်းစု ပိုင်ဆိုင် မှုတို့နဲ့ ကြီးမားကျယ်ပြန့်စွာထိန်းချုပ်နေဆဲဖြစ်လို့ ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေး ပြည်သူအားလုံး ယုံကြည်ကိုးစားစေရာဖြစ်တဲ့ အုပ်ချုပ်ရေးအဖြစ်ကို ကူးပြောင်းရောက်ရှိစေဖို့ ဥပဒေပြုရေး၊ အုပ်ချုပ် ရေး၊ တရားစီရင်ရေးကဏ္ဍတို့မှာ အဟန့်အတားဖြစ်ပေါ်နေမှုတွေကို ဖယ်ရှားနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါ တယ်။

အကြိမ်ကြိမ်ပြစ်ဒဏ်တွေ လျှော့ပေါ့ပြီးတော့မှ လွတ်ငြိမ်းချမ်းသာခွင့်များ၊ ခွင့်ပြုမိန့်များ၊ ထုတ်ပြန်ခဲ့မှုများ ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ ချမ်းသာမှုများ ရှိခဲ့တာ အကြိမ်ကြိမ်တွေ့ရှိရသလို ပြည်တွင်း/ပြည်ပမှာရှိတဲ့ ဆန့်ကျင်ဘက်နိုင်ငံရေးအဖွဲ့ အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ခြင်း၊ အဖွဲ့အစည်းအသီးသီးတို့ရဲ့ ပြည်ဝင်/ပြည်ထွက်မှုများကို ပြည်တော်ပြန်ဝင်ရောက်လာမှုကိုလည်း တွေ့ရှိနေရပါတယ်။ ‌ဖြေလျှော့မှုအလီလီရှိခဲ့ပါတယ်။ သို့ပါသော်လည်း လုံးဝကွင်းလုံးကျွတ် ခွင့်ပြုချက်မျိုး ထုတ်ပြန်ခဲ့တာမျိုးမရှိပါဘူး။ ထိုသို့ ထုတ်ပြန်ခဲ့ပါက လွတ်ငြိမ်းချမ်းသာခွင့်ကို အသီးသီးခံစားရရှိစေပြီးတော့မှ ထိုအမိန့်ကို ထုတ်ပြန်ပြီးတဲ့ နောက် သတ်မှတ်ရက်တစ်ခုခုသတ်မှတ်ပြီး သတ်မှတ်ရက်ကနေစပြီးတော့မှ နိုင်ငံတော်မှာ တရားမဝင် အကျိုးခံစားမှုထပ်မံ မဖြစ်ပေါ်စေဖို့နှင့် ဖြစ်ပေါ်လာပါက ထိထိရောက်ရောက်အရေးယူနိုင်ဖို့၊ ယခင် အုပ်ချုပ်ရေးကာလက ရှိခဲ့တဲ့ ပိုင်ဆိုင်မှုများအားလုံးကို ဆက်လက်တည်ရှိနေစေရမယ်ဖြစ်သော်လည်း ယင်းပိုင်ဆိုင်မှုများမှ ကျသင့်တဲ့အခွန်တော်နှင့် ဒဏ်ကြေးငွေများ ပေးဆောင်စေဖို့၊ ဒီနေရာမှာ အခွန် ဆောင်ရမယ့်ဟာတွေပါ တိုက်ရိုက်အခွန်၊ သွယ်ဝိုက်ခွန်ဆိုတဲ့ အခွန်တွေ ကျွန်တော်တို့ နိုင်ငံမှာ ဒီအခွန် တွေက နိုင်ငံလည်ပတ်မှုနှင့် ပြည်သူ ပြည်သားတို့အတွက် အရေးကြီးတဲ့ အခွန်တွေ နိုင်ငံတော်ရဲ့ ဝင်ငွေတွေဖြစ်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။

ဒီဒဏ်ကြေးငွေတွေ ပေးဆောင်စေဖို့နဲ့ ဥပဒေနှင့်မလွတ်ကင်းဘူးလို့ ယူဆရ မှုများနှင့် နိုင်ငံတော်မှ တရားမဝင်ရယူခဲ့မှုများကို ‌ဖြေလျှော့သက်သာခွင့်ပြုပြီးနောက် နိုင်ငံတော်မှာ သန့်ရှင်းတဲ့အစိုးရ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ ပြည်သူ့အကျိုးရှေးရှုတဲ့ ဥပဒေပြုရေးနှင့် တော်သင်‌့ မှန်ကန်၍ ဘက်မလိုက်သော တရားစီရင်ရေးများ အမှန်တကယ်ဖြစ်ထွန်းပေါ်ပေါက်စေဖို့ နိုင်ငံတော် နှင့် စပ်ဆိုင်တဲ့ အမှုအခင်းများကို ပြည်သူတို့ ပွင့်လင်းမြင်သာစွာ သိရှိရေးအတွက် အမျိုးသားရင်ကြား စေ့ရေးဆောင်ရွက်မှုများကို အမှန်တရားပေါ်ပေါက်ရေးအဖွဲ့ ကဲ့သို့သော အဖွဲ့များဖြင့် မျှတမှန်ကန် စွာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ နက်နဲတဲ့ကိစ္စရပ်တွေနဲ့ အခြေခံ နေတယ်ဆိုတာ ကျွန်တော်တို့ နားလည်သဘောပေါက်ပါတယ်။ ဦးတည်ရာဘက်တစ်ဖက်တည်းကို ရည်ညွှန်းပြောဆိုဘက်လိုက်လို့ မရနိုင်ပါဘူး။ တစ်ဖက်ကို ချမ်းသာခွင့်ပေးရင် အခြားတစ်ဖက်ကို လည်း ချမ်းသာခွင့်ရကြမှာ ဖြစ်ပါတယ်။ တစ်ဖက်နှင့်တစ်ဖက်လို့ပြောရတာ ကျွန်တော်တို့ဟာ စကားအရပြောရတာဖြစ်ပါတယ်။ အခုအချိန်မှာ ရှေ့ဆက်ပြီးတော့မှ အတူတကွ သွားနေရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ချိန်တုန်းက အခြားတစ်ဖက်မှာ ရောက်ခဲ့တဲ့သူတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အခုလက်ရှိရှေ့ဆက်သွားမယ့်နိုင်ငံရေးမှာ ပါဝင်ပူးပေါင်းသူတွေ အဖြစ် ကိုယ့်ကိုကိုယ်ခံယူပါတယ်။ နစ်နာတာတွေ၊ သင်ပုန်းမချေနိုင်တာတွေလို့ပြောကြရမယ်ဆိုရင် ကျွန်တော် တို့ဘက်က နစ်နာမှုတွေအများကြီးရှိခဲ့ပါတယ်။ သို့သော် ကျွန်တော်တို့ဘက်ကလို့ ပြောခဲ့တဲ့စကားတွေ စကားရပ်အဖြစ် ဥပမာထည်‌့သွင်းခြင်းဖြစ်ပါတယ်။ သို့သော်လက်ရှိအခြေအနေမှာ တစ်ဖက်ဖက်ကို ချမ်းသာခွင့်ပေးရင် အခြားတစ်ဖက်ကိုလည်း ချမ်းသာခွင့်ရကြမှာ အမှန်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၀၄ အရ နိုင်ငံတော်သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပိုင်ခွင့်ရှိသလို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးပိုင်ခွင့် ရှိပါတယ်။ ယခုအစိုးရလက်ထက်မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် လျှော့ပေါ့ခွင့်ပြုမိန့်များ ထုတ်ပြန်ခဲ့တဲ့ သမ္မတကြီးနှင့်တာဝန်ရှိသူများကို ပြစ်ဒဏ်သက်သာလွတ်ငြိမ်းခွင့်ရသူများကိုယ်စားလည်း ကျွန်တော့် အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင်‌့မြတ်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ စကားရပ်တွေဟာ ကျွန်တော်တို့ ရင်ထဲမှာ စွဲနေပါတယ်။ ငြိမ်းချမ်းစွာနှင့် ရင်ကြားစေ့နိုင်ရေးသည်သာ အကောင်းဆုံးနှင့် ဆုံးရှုံးမှုအနည်းဆုံးသော အောင်မြင်မှုဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးကို အခြား နည်းလမ်းတွေနဲ့ ကြမ်းတမ်းသောနည်းလမ်းတွေနဲ့ ဆောင်ရွက်တာကို အားမပေးပါဘူး။

သည်းခံခြင်း၊ သင်ပုန်းချေခြင်းဆိုတာ မြန်မာတို့ရဲ့ ယဉ်ကျေးအစဉ်အလာ လက်ကိုင်တရားဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သင်ပုန်းချေဆိုတဲ့စကားလုံးနဲ့ ပျော်ဝင်နေကြတဲ့သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သင်ပုန်းချေနိုင်လွန်းလို့သာ ဒီလိုအခြေအနေမျိုးတွေနဲ့ ရှေ့ဆက်သွား လို့ရပါတယ်။ ရှေ့ဆက်သွားမှာလား၊ ရပ်နေမှာလား၊ နောက်ပြန်လှည့်မှာလားဆိုတဲ့မေးခွန်းကို ကျွန်တော်တို့က ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။ အာဃာတ လက်ကိုင်ထားတဲ့ သင်ပုန်းမချေနိုင် သူတွေ ရှိကောင်းရှိပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။ အခုရှေ့ဆက်သွားဖို့ ခြေလှမ်းစပြီးလှမ်းရတော့မှာ ဖြစ်ပါတယ်ခင်ဗျား။

နိုင်ငံရေး၊ စီးပွားရေးဖြစ်တည်မှုများ နှေးကွေးနေတဲ့ လက်ရှိအခြေအနေမှ အဟန့်အတားများကို ထိုးဖောက်ကျော်လွှားပြီးတော့မှ ပြည်သူများအတွက် စည်းကမ်းကျနတဲ့ ဒီမိုကရေစီအပြောင်းအလဲကို အရှိန်အဟုန်ဖြင့် ဆောင်ကျဉ်းနိုင်ရန် ပြစ်မှုပြစ်ဒဏ်မှန်သမျှကို အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်တစ်ရပ်အဖြစ် ‌ဖြေလျှော့ကင်းလွတ်စေခြင်းဖြင့် ဒီမိုကရေစီစနစ်၏ လိုလားပန်းတိုင်သို့ ပြေပြစ်ချောမွေ့စွာ ဆက်လက်လျှောက်လှမ်းနိုင်ပါမယ်ခင်ဗျား။ သို့ပါ၍ မေးလိုတဲ့ မေးခွန်းမှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်တစ်ရပ်ထုတ်ပြန်နိုင်ရန် ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်
အဖြေ

ပြည်ထောင်စုအစိုးရအနေနဲ့ အထွေထွေလွတ်ငြိမ်းချမ်း သာခွင့်အမိန့်တစ်ရပ်ထုတ်ပြန်ရန် လောလောဆယ်အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။