ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုး ရေးဒီဂရီကောလိပ် (မန္တလေး)ကို ၂၀၀၀ ပြည့်နှစ်တွင် အမှတ်စဉ် (၁) အဖြစ် ဖွင့်လှစ်သင်ကြား ပေးခဲ့ရာ အမှတ်စဉ် (၁၁) သင်တန်းပြီးဆုံးသည်အထိ ကျောင်းသားပေါင်း ၁၀၀၄ ဦးကိုမွေးထုတ်ပေး နိုင်ခဲ့ကြောင်း၊ ကျောင်းဆင်းပြီးတိုင်းရင်းသားလူငယ်များအနေဖြင့်လည်း မိမိတို့နှင့်သက်ဆိုင်ရာ ဝန်ကြီးဌာန ၁၉ ခုတွင် တာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်းတွေ့ရှိရပါတယ်။
ယခုစာသင်နှစ်တွင် အဆိုပါဒီဂရီကောလိပ်အား မန္တလေးမြို့မှစစ်ကိုင်း ရွာသစ်ကြီးသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရာ မျှော်လင့်မထားသောအခြေအနေများ ဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။ အခြေအနေဆိုးများကို ကျော်လွန်ခဲ့ပြီးသည့်နောက် စစ်ကိုင်းရွာသစ်ကြီးရောက် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းသားများအနက် တတိယနှစ်ဝိဇ္ဇာ/သိပ္ပံကျောင်းသားများ၊ G.T.I ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသားများကို ရန်ကုန်မြို့သို့ရွှေ့ပြောင်းသင်ကြားပေးခဲ့ကြောင်း ကြားသိရတဲ့အတွက် တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။ သို့ဖြစ်ရာ ဖွံ့ဖြိုးရေးဒီဂရီကျောင်းသားများ၏ ရှေ့ခရီးနှင့်ပတ်သက်၍ ယခုပညာသင်နှစ်အတွက် ကျန်ရှိနေသေး သော ပထမနှစ်၊ ဒုတိယနှစ်ဝိဇ္ဇာ/သိပ္ပံကျောင်းသားများအား မည်သည့်အချိန်ကာလ၊ မည်သည့်နေရာ ဒေသ၌ ပညာဆက်လက်သင်ကြားနေသည်ကိုလည်းကောင်း၊ G.T.I အဆင့်အောင်မြင်ပြီးနောက် B.Tech အတန်းတွင် ပညာဆက်လက်သင်ယူခွင့်ရရှိထားသော ကျောင်းသားများအား B.Tech ပြီးဆုံးသည်အထိ ပညာဆက်လက်သင်ယူနိုင်ကြစေရေးအတွက် မည်သို့မည်ပုံ စီမံပေးထားသည်ကို လည်းကောင်း၊ B.Tech အတန်းတွင်ထူးချွန်စွာအောင်မြင်သဖြင့် B.E, M.E အတန်းများတွင် ဆက်လက်သင်ယူခွင့်ရရှိထားသော ကျောင်းသားများအတွက် ပညာတိုးမြှင့်သင်ယူနိုငေ်ရးနှင့် စပ်လျဉ်းပြီး နေရေးထိုင်ရေးမှအစ နိုင်ငံတော်မှ မည်ကဲ့သို့စီစဉ်ပေးထားသည်ကိုလည်းကောင်း သိလို ပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (မန္တလေး)ရဲ့ ၂၀၁၂-၂၀၁၃ ခု ပညာသင်နှစ်မှာ ပထမနှစ်၊ ဒုတိယနှစ် ဝိဇ္ဇာ/သိပ္ပံ ကျောင်းသားများကို ပထမနှစ်ဝက် ကျောင်းပိတ်ပြီးဖြစ်တဲ့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ နေရပ်များသို့ပြန်လည်စေလွှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနမှပြောင်းလဲလိုက်တဲ့ သင်ရိုးညွှန်းတမ်းအရ ပညာသင်ကာလအရ ပထမနှစ်ဝက်သင်ကြားခြင်းအတွက် ပထမနှစ်ဝက် ၅ လ သင်ကြားမှုပြီးစီးခဲ့ပြီးဖြစ်တဲ့အတွက် ပညာသင်ကာလ တစ်ပြေးညီဖြစ်စေရန် ၂၀၁၃ ခုနှစ်၊ ဇွန်လမှစတင်၍ ကျောင်းသားများ ပြန်လည် လက်ခံပြီး ဒီဂရီကောလိပ်(ရန်ကုန်) မှာ ဒုတိယနှစ်ဝက် ဆက်လက်သင်ကြားပေးမှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များက နေ A.G.T.I အောင်မြင်ပြီး B.Tech ပထမနှစ်သို့ တက်ရောက်ခွင့်ရရှိတဲ့ ဝန်ထမ်းခန့်အပ်ပြီး အမှုထမ်းငယ် ၈၇ ဦးနဲ့ B.Tech ဒုတိယနှစ် တက်ရောက်ရမယ့် အမှုထမ်းငယ် ၇၀ ဦး၊ စုစုပေါင်း ၁၅၇ ဦးကို ရန်ကုန်မြို့မှာရှိတဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဗဟိုလေ့ကျင့်ရေးကျောင်းမှာ နေထိုင်မှု၊ စားသောက်မှုစီစဉ်ပေးပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ နည်းပညာတက္ကသိုလ် (သန်လျင်) နဲ့ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့မှာ ၁၄-၁-၂၀၁၃ ရက်နေ့မှာ စတင်ပြီး ကျောင်းအပ်နှံတက်ရောက်စေလျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။
B.Tech သင်တန်းမှာ ထူးချွန်စွာအောင်မြင်ပြီး B.Tech မှ B.E သင်တန်းသို့ ပေါင်းကူး တက်ရောက်ခွင့်ဖြေဆိုတဲ့ အမှုထမ်းငယ် ၆၄ ဦးနဲ့ B.E သင်တန်းတက်ရောက်ခွင့်အောင်မြင်သူ ၆၁ ဦးနဲ့ B.E မှ M.E သင်တန်းသို့ တက်ရောက်ခွင့်ဖြေဆိုတဲ့ အမှုထမ်း ၇၂ ဦးအနက် M.E သင်တန်း တက်ရောက်ခွင့်အောင်မြင်သူ ၁၅ ဦးတို့ကို နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ညှိနှိုင်းချက်အရ ၎င်းတို့ တာဝန်ထမ်းဆောင်နေတဲ့ ဌာနများရဲ့ခွင့်ပြုချက်နဲ့ ၎င်းတို့ဌာနများနှင့် အနီးဆုံးနေရာများမှာရှိတဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်မှ နည်းပညာတက္ကသိုလ်များမှာ ဆက်လက်တက်ရောက် နေပါကြောင်း ဖြေကြားပါသည်။
